
ဒီကနေ့ မြန်မာပြည်မှာ မြန်မာပြည်ရဲ့ ငြိမ်းချမ်သာယာမှုတွေ၊ ဖွံ့ဖြိုးတိုးတက်မှုတွေကို မလိုလားတဲ့သူတွေ၊ ကိုယ်ကျိုးရှာသမားတွေ၊ အာဏာမက်မောသူတွေနဲ့ နောက်ကြောင်းပြန်လှည့်လိုသူတွေကခုတုံးလုပ်ပြီး ဖျက်ဆီးနေတဲ့ အဓိကအချက် နှစ်ချက်ရှိတယ်။ အဲဒီနှစ်ချက်ကိုပဲ ၀ါဒဖြန့် မှိုင်းတိုက်ပြီး ပဋိပက္ခတွေဖန်တီးနေကြတာကိုတွေ့နေရပါတယ်။
ပထမတစ်ချက်ကတော့ လူမျိုးရေးခွဲခြားမှုဖြစ်တယ်။
ဒါကြောင့်လည်းပဲ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၄၀၀ကျော် အရင်ကတည်းက ကမ္ဘာသူကမ္ဘာသားအားလုံး အတွက် ပွင့်ပေါ်လာခဲ့တဲ့ အလ္လာဟ်အရှင်မြတ်ရဲ့ တမန်တော်၊ တမန်တော်မြတ်မုဟမ္မဒ်(စလာမ်)က လူတန်းစားခွဲခြားမှုကို စက်ဆုပ် ရွံရှာလို့ လူမျိုးရေးခွဲခြားမှုတွေ ကင်းဝေးစေဖို့...
“အို-လူသားတို့၊ အသင်တို့၏ အရှင်သည် တစ်ပါးတည်း၊ အသင်တို့၏ ဖခင်သည် တစ်ဦးတည်း၊ အရဗ်လူမျိုးသည် အခြားလူမျိုးထက်မသာ၊ အခြားလူမျိုးသည်လည်း အရဗ်လူမျိုးထက်မသာ၊ အနီသည်အနက်
ထက်မသာ၊အနက်သည် အနီထက်မသာ၊ အသင်တို့သည် အာဒမ်သခင်၏ သားသမီးများဖြစ်ကြသည်၊ အာဒမ်သခင်ကို အရှင်သည် မြေနှင့်ဖန်ဆင်းထားတော်မူသည်။” လို့ အတိအလင်း သွန်သင်ဆုံးမ မိန့်တော်မူခဲ့ပါတယ်။
ဒုတိယတစ်ချက်ကတော့ ဘာသာရေးခွဲခြားမှု၊ဘာသာရေးအယူသီးမှုဖြစ်တယ်။ ဒါကိုလည်း တမန်တော်မြတ်(စလာမ်)က ဘာသာရေးခွဲခြားမှု၊ ဘာသာရေးအယူသီးမှုတွေ ပပျောက်ဖို့.....
“အသင်တို့ဘာသာရေးအယူသီးမှုကို သတိကြီးစွာဖြင့်ရှောင်ရှားကြလော့၊ ဘာသာရေး အယူသီးမှုသည် ရှေးလူဟောင်းများကို ဖျက်ဆီးခဲ့ဖူးသည်” လို့ မိန့်တော်မူခဲ့ပြီး၊ ကမ္ဘာ့လူထုကြီးကို
“အိုကမ္ဘာသူ၊ကမ္ဘာသားအပေါင်းတို့၊ အသင်တို့သည်တစ်ဦးနှင့် တစ်ဦးအဆက်မဖြတ်ကြနှင့်၊ တစ်ဦးနှင့်တစ်ဦး နောက်ကွယ် မကောင်း မပြောကြနှင့်၊ မမုန်းတီးကြနှင့်။ မနာလိုဝန်တိုသောစိတ်လည်း မထားကြနှင့်၊ အသင်တို့သည် ညီရင်းအစ်ကိုပမာ ချစ်ခင်ရင်းနှီးစွာ ပေါင်းသင်းဆက်ဆံနေထိုင်ကြ” လို့ မှာကြားခဲ့ပါ တယ်။
(ဃာဇီ မုဟမ္မဒ်ဟာရှင် ၏ အသံလွင့် ဟောပြောချက်ကို မှီငြမ်းပါသည်။)
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)