ဇူလိုင်လ ၁၂ရက်နေ့က ဆယ်ကျော်သက်ကောင်မလေး မာလာလာ (Malala Yousafzai) ရဲ့ ၁၆နှစ်ပြည့်မွေးနေ့ပွဲအထိမ်းအမှတ်ကို ကုလသမဂ္ဂမှာ ကျင်းပသွားပါတယ်။ မာလာလာရဲ့
မွေးနေ့ပွဲကို BBC နဲ့ CNN အပါအဝင်ရုပ်သံဌာနတော်တော်များများကတိုက်ရိုက်ထုတ်လွှင့်သွားပါတယ်။
မာလာလာဆိုတာက ပါကစ္စတန်လူမျိုး ဆယ်ကျော်သက် ကျောင်းသူလေးပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလတုန်းက တာလီဘန်တွေပစ်ခတ်တဲ့ ကျည်ဆံတွေ ဦးခေါင်းနဲ့ လည်ပင်းကိုထိမှန်လို့ ဗြိတိန်နိုင်ငံက ကုသပေးခဲ့တဲ့ လူ့အခွင့်အရေး အမျိုးသမီးအခွင့်အရေး ကလေးသူငယ်အခွင့်အရေး
တိုက်ပွဲဝင်သူ သူရဲကောင်းမလေးဖြစ်ပါတယ်။
ကုလသမဂ္ဂမှာကျင်းပတဲ့ သူမရဲ့ မွေးနေ့ပွဲအခမ်းအနားမှာ ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ၊ဗြိတိန်ဝန်ကြီးချုပ်ဟောင်းတို့နဲ့အတူပရိသတ် မြောက်များစွာ တက်ရောက်ဂုဏ်ပြုခဲ့တာတွေ့ရပါတယ်။ဇူလိုင်လ၁၂ရက်နေ့ကိုလည်း မာလာလာနေ့လို့
သတ်မှတ်လိုက်ပါတယ်။
အဲဒီပွဲမှာ အစ္စလာမ်ဘာသာဝင် ပါကစ္စတန်သူလေး မာလာလာက ပြောင်မြောက်လှပတဲ့ရဲရင့်ပြတ်သားတဲ့ စကားလုံးများနဲ့ နားထောင်နေသူအပေါင်းရဲ့နှလုံးသားတွေကို ဆွဲခါလှုပ်ရမ်းခဲ့ပါတယ်။ ကလေးသူယ်တွေအခွင့်အရေးအမျိုးသမီးအခွင့်အရေးတို့အတွက်အားသွန်ခွန်စိုက်လုပ်ဆောင်ဖို့ကုလ
သမဂ္ဂနဲ့ အစိုးရများကို တိုက်တွန်းသွားပါတယ်။ အမျိုးသမီးတွေကိုမိမိတို့အတွင်းသဏ္ဍန်မှာရှိနေတဲ့ ခွန်အားတွေအစွမ်းနဲ့မိမိတို့ရဲ့အခွင့်အရေးတွေကိုရရှိအောင်ကြိုးပမ်းကြဖို့ ပြောကြားသွားပါတယ်။အထူးခြားဆုံးကတော့ သူ့ကို သေနတ်နဲ့ပစ်ခဲ့တဲ့ တာလီဘန်တွေအပေါ်ထားတဲ့သူမရဲ့သဘောထားပါပဲ။တာလီဘန်တွေအပေါ် လုံးဝအာဃာတမရှိဘဲ အကြမ်းဖက်ဝါဒကိုသာစက်ဆုပ်ရွံရှာတဲ့အကြောင်း၊
ဗုဒ္ဓ ဘုရားရှင်၊ အလ္လာဟ်အရှင်မြတ်နဲ့ခရစ်တော်တို့ကမေတ္တာဂရုဏာတရားထားကြဖို့သာ ဟောကြားခဲ့ကြတာဖြစ်ကြောင်းအကြမ်းဖက်ဝါဒဟာဘယ်ဘာသာတရားကမှလက်ခံနိုင်တဲ့ဝါဒ
မဟုတ်ကြောင်း အလေးအနက် ပြောကြားသွားပါတယ်။ ကလေးငယ်တွေ၊အမျိုးသမီးတွေအားလုံးရဲ့အခွင့်အရေးတွေလို့ပြောတဲ့နေရာမှာ တာလီဘန်တို့ရဲ့ ဇနီးမယားတွေနဲ့သားသမီးတွေရဲ့ အခွင့်အရေးတွေလည်းပါဝင်ကြောင်းပြောကြားသွားပါတယ်။ဘာသာတရားများနဲ့အညီ လူတိုင်းကိုချစ်ပါ။ ငြိမ်းချမ်းစွာနဲ့နေထိုင်ပါ၊( Bepeaceful. Love everyone. ) လို့ အလေးအနက်ပြောကြားသွားပါတယ်။ အရွယ်နဲ့ဘယ်လိုမှမလိုက်ဖက်အောင်ရင့်ကျက်မြင့်မားတဲ့ စိတ်ဓါတ်နဲ့အသိတရားကို အထင်းသားမြင်တွေ့ရပြီးကြားရမြင်ရသူအပေါင်းက မချီးမွမ်းဘဲနေလို့
မရလောက်အောင်ဖြစ်ခဲ့ရပါတယ်။
တစ်ကယ်တော့ ဘာသာတရားတွေဆိုတာက လူတွေရဲ့အသိတရားတွေအဆင့်အတန်းမြင့်မားအောင်၊ကိုယ်ကျင့်တရားတွေကောင်းမွန်မြင့်မြတ်ပြီး လူ့အဖွဲ့အစည်းများ
လှပသာယာငြိမ်းချမ်းအောင် ရှေ့ဆောင်လမ်းပြကြတာချည်းပါပဲ။ ဘာသာတရားများရဲ့အနှစ်သာရများကို ကျကျနန ရယူလိုက်နာကျင့်ကြံကြမယ့်အစား ကိုယ်လိုရာဆွဲယူ ကိုယ့်အာဘော်တွေဖြည့်စွက်ကြ၊ ဘာသာတရားများကိုအလွဲသုံးစားလုပ်ကြတဲ့အခါမှာ လူ့ဘောင်အဖွဲ့အစည်းများရဲ့ငြိမ်းချမ်းမှု၊တိုးတက်သာယာဝပြောမှုတွေထိခိုက်ပျက်စီးရတတ်ပါတယ်။ လူ လူချင်း အကြမ်းဖက်ကြ၊တစ်ဦးနဲ့တစ်ယောက်သတ်ကြဖြတ်ကြ၊ ငြိမ်းချမ်းရေးကို ဖြိုဖျက်ကြ၊ သူတပါးအခွင့်အရေးတွေဆုံးရှုံးစေဖို့ အားထုတ်ကြိုးပမ်းကြရယ်လို့ ဆုံးမသွန်သင်တဲ့ ဘာသာတရားဆိုတာ မရှိပါဘူး။ အကြမ်းဖက်ဝါဒီတွေက
ဘာသာတရားအကာအကွယ်ယူပြီးအကြမ်းဖက်ဝါဒကိုပျံ့နှံ့အောင်ကြိုးစားကြတဲ့အခါများမှာဘာသာတရားများရဲ့ ဂုဏ်၊တန်ဖိုးနဲ့ ကောင်းမြတ်ခြင်းတို့ဟာထိခိုက်ပျက်စီးရပါတယ်။ ဘာသာတူချင်းအကြမ်းဖက်တာထက်ကိုးကွယ်ယုံကြည်မှုမတူညီသူတွေကြားမှာ အကြမ်းဖက်တဲ့အခါ ပိုဆိုးပါတယ်။အကြမ်းဖက်ဝါဒရဲ့ တန်ဖိုးမဲ့ ယုတ်ညံ့ခြင်း ကို သက်ဆိုင်ရာဘာသာတရားနဲ့ရောထွေးရှုမြင်လာပြီး မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုများအကြား၊ မတူညီတဲ့ကိုးကွယ်ယုံကြည်သူများအကြားပဋိပက္ခအသွင် ဖြစ်ပေါ်လာတတ်ပါတယ်။ မတူညီတဲ့ ဘာသာတရားများနဲ့ကိုးကွယ်ယုံကြည်သူများကို ထိခိုက်ပျက်စီးစေပါတယ်။
လူ့အဖွဲ့အစည်းများတိုးတက်ဖွံ့ဖြိုးမှုကို ထိခိုက်ပျက်စီးစေပါတယ်။ငြိမ်းချမ်းရေးကိုထိခိုက်ပျက်စီးစေပါတယ်။
ကျွန်တော်ဆိုရင် ငယ်ဘဝတုန်းက ဧရာဝတီတိုင်းဒေသကြီးရဲ့မြို့ငယ်လေးတစ်မြို့မှာနေထိုင်ကြီးပြင်းခဲ့ပါတယ်။ ငယ်သူငယ်ချင်းတွေထဲမှာ
အစ္စလာမ်ဘာသာဝင်တွေအများကြီးပါ။ဘာသာရေးအခြေခံတဲ့ ပြသနာတွေ နေရာတော်တော်များများမှာဖြစ်လာတော့ကျွန်တော်က စိတ်ပူပြီး ကျွန်တော်တို့မြို့လေးကငယ်သူငယ်ချင်းတွေဆီဖုန်းဆက်ပါတယ်။
မင်းတို့ကောင်းကောင်းနေကြနော်၊ပြသနာမဖြစ်ဖြစ်အောင်ဆင်ထားတဲ့အကွက်ထဲမဝင်မိကြစေနဲ့၊ ငါတို့မြို့ကသေးသေးလေးအားလုံးဆွေမျိုးသားချင်းတွေလိုဖြစ်နေကြတာဘာမှမဖြစ်စေနဲ့ စသဖြင့် ပြောမိတော့ သူငယ်ချင်းတွေက ဖုန်းထဲကနေကျွန်တော့ကို ရန်လုပ်ကြပါတော့တယ်။ ခွီးမှပဲ မင်းကပူစရာမရှိတာပူနေပြန်ပြီ၊ငါတို့က ရာကွတ်ကြီးကိုလည်ပင်းသွားညှစ်ပါ့မလားကွ မင်းကလည်း ဆိုပြီး စိတ်တိုကြပါတယ်။ရာကွတ်ကြီးဆိုတာက အစ္စလာမ်ဘာသာဝင်ပါ။ကျွန်တော်တို့ သာရေးနာရေးနဲ့ပတ်သက်ပြီးဘာပဲလုပ်လုပ် အားတက်သရောကူညီလေ့ရှိပါတယ်။ကျွန်တော်တို့ဗုဒ္ဓဘာသာဝင်တွေကလည်း အစ္စလာမ်ဘာသာဝင်အသုဘကအစလိုက်ပို့ကြပါတယ်။ ဘယ်တုန်းကမှ ဘာပြသနာမှ မရှိပါဘူး။အခုလည်းပြသနာဖြစ်တဲ့အထဲ လုံးဝမပါခဲ့သလိုနောင်လည်းဘယ်တော့မှပါမှာမဟုတ်ပါဘူး။
သေသေချာချာစဉ်းစားကြည့်တော့ ကျွန်တော်တို့မြို့သားတွေတော်တော်များများကဘာသာတရားကိုင်းရှိုင်းကြပါတယ်။ ကျွန်တော်ဆိုရင် ဘုန်းကြီးကျောင်းတစ်နေ့တစ်ခေါက်မသွားလို့ကိုမရပါဘူး။
တစ်ရက်မလာရင် ဘုန်းကြီးက ကိုရင်တစ်ပါးပါးကျောင်းသားတစ်ယောက်ယောက်လွှတ်ပြီးခေါ်ပါတယ်။ဘုန်းကြီးကျောင်းသားတစ်ပိုင်းဖြစ်နေပြီး သဒ္ဒါတို့ သဂြိ င်္ုဟ်တို့ညက်ညက်ကျေခဲ့ပါတယ်။
အစ္စလမ်ဘာသာဝင် သူငယ်ချင်းတွေလည်း သူတို့ဟာနဲ့သူတို့ကိုင်းရှိုင်းကြပါတယ်။ဘယ်သူမှအစွန်းမရောက်ကြပါဘူး။တစ်ကယ့်ကိုဘာသာကွဲတယ်လို့မထင်ရလေက်အောင် စည်းလုံးညီညွတ်စွာ
အေးအေးချမ်းချမ်းနေခဲ့ထိုင်ခဲ့ရပါတယ်။ ခုထိလည်း အေးချမ်းတဲ့မြို့လေးပါပဲ။
အဓိက က ကိုယ်ကိုးကွယ်ယုံကြည်ရာ ဘာသာတရားအသီးသီးရဲ့ အဆုံးအမအစစ်အမှန်ကိုဘာသာဝင်များက လေးလေးနက်နက်ရှိမယ်ဆိုရင်အမှန်တစ်ကယ်တန်ဖိုးထားကြမယ်ဆိုရင် ဘယ်လိုပဋိပက္ခမျိုးမှ ဖစ်စရာအကြောင်းမရှိပါဘူး။ဘာသာတရားများရဲ့ဆိုဆုံးမမှုကိုသာ မှန်မှန်ကန်ကန်လိုက်နာကြမယ်ဆိုရင်စစ်ပွဲတွေတောင်ဖြစ်စရာအကြောင်းမရှိပါဘူး။တစ်ကမ္ဘာလုံးငြိမ်းချမ်းနေလောက်ပြီဖြစ်ပါတယ်။ ငါတို့ကကောင်းကောင်းနေချင်ပါတယ်။သူတို့ကအကြမ်းဖက်လို့ ပြန်အကြမ်းဖက်ရတာပါဆိုရင်လည်းဘယ်ဘာသာတရားမှာမှ အပြန်အလှန်အကြမ်းဖက်ကြဖို့ ညွှန်ကြားချက်မရှိတဲ့အတွက်အကြမ်းဖက်တယ်ဆိုတာအကြမ်းဖက်ဝါဒသာဖြစ်ပြီးတော့ ဘာသာတရားနဲ့ လားလားမှမသက်ဆိုင်ဘူးဆိုတာသေသေချာချာ လေးလေးနက်နက်တွေးဆင်ခြင်ကြဖို့လိုအပ်ပါတယ်။ ယဉ်ကျေးမှုအဆင့်
မြင့်မားလာတဲ့၂၁ရာစု ကမ္ဘာမှာ ယဉ်ကျေးတဲ့ဘယ်လူ့အဖွဲ့အစည်းကမှ အကြမ်းဖက်ဝါဒကိုလက်မခံသလိုယဉ်ကျေးတဲ့ဘယ်ဘာသာဝင်မှ အကြမ်းမဖက်ပါဘူး။ အကြမ်းဖက်တယ်ဆိုရင်မိမိကိုးကွယ်ယုံကြည်တဲ့
ဘာသာတရားနဲ့ မိမိနဲ့တူညီတဲ့ ဘာသာဝင်(ကိုးကွယ်ယုံကြည်သူများ)အားလုံးကိုသာမက လူသားမျိုးနွယ်တစ်ခုလုံးနဲ့ လူ့ယဉ်ကျေးမှုကိုစော်ကားမော်ကားပြုမူဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။
ငြိမ်းချမ်းရေးကိုပျက်ပြားအောင်မိမိသဘောနဲ့မိမိဆောင်ရွက်ခြင်းသာဖြစ်ပါတယ်။ဘာသာတရားများက ငြိမ်းချမ်းရေးကို တည်ဆောက်ပါတယ်။ မဖျက်ဆီးပါဘူး။အကြမ်းဖက်ရင် အကြမ်းဖက်တဲ့ ပုဂ္ဂိုလ်၊
အကြမ်းဖက်တဲ့ အဖွဲ့အစည်းရဲ့တာဝန်သာဖြစ်ပါတယ်။ ပုဂ္ဂလဓိဌာန်သဘောဆောင်တဲ့ရိုင်းစိုင်းညစ်ထေးမှုသာဖြစ်ပါတယ်။
လက်ရှိကာလမှာ ကျွန်တော်တို့တိုင်းပြည်ပျက်စီးနေတာကိုခက်ခက်ခဲခဲပြန်လည်ထူထောင်ဖို့
ကြိုးစားနေရတယ်ဆိုတာလည်းအားလုံးအသိပဲဖြစ်ပါတယ်။ သူများတိုင်းပြည်တွေနဲ့ယှဉ်လိုက်ရင်
အများကြီးနောက်ကျကျန်ခဲ့တယ်ဆိုတာလည်းမသိတဲ့သူ မရှိပါဘူး။ အခုလောလောဆယ်မှာပဋိပက္ခတွေ ဖြေရှင်းနေရတာနဲ့ ရှေ့ကိုမရောက်နိုင်ဖြစ်နေပါတယ်။ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းပျက်စီးခဲ့ရင် အားလုံးအတူတူခံကြရမှာပါ။ အာဏာရှင်ဆိုတာ သူ့အပေါင်းပါတွေကလွဲရင်တစ်နိုင်ငံလုံးကို လူ့အဖွဲ့အစည်းတစ်ခုလုံးကို ဖိနှိပ်ညှင်းဆဲပါတယ်။
အစ္စလာမ်တွေကိုဖိနှိပ်ပြီးဗုဒ္ဓဘာသာဝင်တွေကိုချန်မထားပါဘူး။ ဗုဒ္ဓဘာသာဝင်တွေကိုဖိနှိပ်ပြီး ခရစ်ယန်တွေဟိန္ဒူတွေကိုချန်မထားပါဘူး။အာဏာရှင်စနစ်အောက်မှာအားလုံးထိခိုက်နစ်နာတယ်ဆိုတာ မသိတဲ့သူမရှိပါဘူး။ အကြမ်းဖက်တာမကြိုက်ရင်တရားဥပဒေစိုးမိုးရေးကို အားလုံးက တတ်စွမ်းသလောက်ဝိုင်းလုပ်ကြဖို့ပဲရှိပါတယ်။ တရားဥပဒေစိုးမိုးရင် အကြမ်းဖက်လို့လုံးဝမရပါဘူး။
တခြားနည်းလမ်းမရှိပါဘူး။ အကြမ်းဖက်ဝါဒကို အကြမ်းဖက်နည်းနဲ့နှိမ်နင်းလို့မရပါဘူး။ အကြမ်းဖက်ဝါဒကို ဘယ်ဘာသာတရားကမှ ခွင့်မပြုသလိုဒီမိုကရေစီစနစ်ကလည်းခွင့်မပြုပါဘူး။
ဒီမိုကရေစီနိုင်ငံသားဖြစ်ကြဖို့ ဆိုရင် စည်းလုံးညီညွတ်ကြရပါမယ်။ရိုင်းပင်းစိတ်၊စာနာစိတ်မွေးကြရပါတယ်။ သည်းခံစိတ်မွေးကြရပါမယ်။အမြင်ကျယ်ရပါမယ်။
အဆင့်မြင့်မြင့် တွေးခေါ်မြော်မြင်နိုင်ကြရပါမယ်။လူလူချင်း၊လူ့အဖွဲအစည်းချင်း လေးစားချစ်ခင်စိတ်မွေးကြရပါမယ်။ငြိမ်းချမ်းရေးကို မြတ်နိုးကြရပါတယ်။တရားဥပဒေကို လေးစားလိုက်နာရပါမယ်။
အဲဒီကျင့်ကြံအားထုတ်မှုတွေ မလုပ်နိုင်ရင်တော့ ဘယ်တော့မှဒီမိုကရေစီနိုင်ငံမဖြစ်ပါဘူး။ပျက်စီးဆုံးရှုံးခြင်းများနဲ့အဆုံးသတ်ရပါလိမ့်မယ်။
မြန်မာနိုင်ငံဆိုတာ ယဉ်ကျေးမှုမြင့်မားတဲ့နိုင်ငံ၊စည်းလုံးညီညွှတ်တဲ့နိုင်ငံ၊ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့နိုင်ငံ ဖြစ်တယ်ဆိုတာကမ္ဘာကို လက်တွေ ပြသရမယ့်အချိန်အခါကျရောက်နေပြီလို့ယူဆပါတယ်။
ဒီမိုကရေစီဆိုတာ မတူကွဲပြားမှုများ ညီညွတ်မျှတစွာ ငြိမ်းချမ်းစွာပေါင်းစည်းပြီး ဖွံ့ဖြိုးတိုးတက်အောင်သာယာဝပြောအောင်တည်ဆောက်တဲ့စနစ်ဖြစ်ပါတယ်။ပဋိပက္ခတွေဖန်တီးပြီးတည်ဆောက်ယူရတဲ့စနစ်လုံးဝမဟုတ်ပါဘူး။ ပဋိပက္ခများနဲ့ ဒီမိုကရေစီဆိုတာ ပြဒါးတစ်လမ်းသံတစ်လမ်းဖြစ်ပါတယ်။ပြည်တွင်းငြိမ်းချမ်းရေးကိုတောင်ခရီးပေါက်အောင်မလုပ်နိုင်သေးရတဲ့ကြားထဲမှာတခြားမလိုလားအပ်တဲ့ပြသနာတွေကိုသည်းခံစိတ်၊ညီညွှတ်စိတ်၊ ခွင့်လွှတ်စိတ်များနဲ့ ငြိမ်းသတ်ကြဖို့ မဖြစ်မနေလိုအပ်ပါတယ်။
မာလာလာဆိုတဲ့ ဆယ်ကျော်သက် အစ္စလာမ်ဘာသာဝင် ပါကစ္စတန်သူလေးဟာ အကြမ်းဖက်ဝါဒနဲ့ဘာသာတရားများအကြား ခြားနားမှု ၊ ဘာသာတရားများရဲ့ ကြီးကျယ်မြင့်မြတ်မှု၊တို့ကို မီးမောင်းထိုးပြခဲ့ပါတယ်။ဘာသာတရားများရဲ့ မွန်မြတ်တဲ့ အဆုံးအမများကိုလေးလေးစားစား
မှန်မှန်ကန်ကန်လိုက်နာကျင့်ကြံခြင်းအားဖြင့်ငြိမ်းချမ်းရေးကို တည်ဆောက်နိုင်ကြောင်း သတိပေးပြောကြားခဲ့ပါတယ်။အမျိုးသမီးနဲ့ ကလေးငယ်များအခွင့် အရေးကို တောင်းဆိုသွားရင်းနဲ့ မေတ္တာဂရုဏာ စိတ်များဖြင့်ဘာသာမတူကြသူများအားလုံးညီညွတ်စည်းလုံးမှုကို ရယူနိုင်ကြောင်းနည်းလမ်းပေးသွားပါတယ်။
လူအချင်းချင်း ချစ်ခင်လေးစားခြင်းဆိုတဲ့ဘာသာတရားအဆုံးအမများနဲ့ကိုက်ညီသော အကျင့်ကို ကျင့်ကြံရင်း ၊အကြမ်းဖက်ဝါဒကို အနိုင်ယူရင်း၊ငြိမ်းချမ်းရေးကိုတည်ဆောက်ရင်း ယဉ်ကျေးမှု အဆင့်မြင့်မားသောလူသားများအဖြစ် အဓိပ္ပါယ်ရှိစွာအသက်ရှင်ရပ်တည်ကြပါစို့လို့သူရဲကောင်းမလေး မာလာလာ ကို ဂုဏ်ပြုရင်း အားလုံးကို နှိုးဆော်လိုက်ရပါတယ်။
ပိုက်တင်