Home

Wednesday, July 29, 2015

ဒီမိုကရက်တစ်ခေါင်းဆောင်ကို ရွေးချယ်ကြပါ ။

၂၀၁၅ ရွေးကောက်ပွဲကတော့ နီးကပ်လာနေပါပြီ။ နိုဝင်ဘာလ (၈)ရက်နေ့မှာ ကျင်းပမယ်လို့ ဆိုပါတယ်။ လူထုကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်ပါဝင်စားမှုနည်းနေတယ်လို့ ထင်ပါတယ်။ စိတ်ဝင်စားမှုနည်းကြတဲ့ အဓိက အကြောင်းရင်းကို ရပ်ကွက်နေလူထုအချို့နဲ့ တွေ့ဆုံမေးမြန်းကြည့်မိသလောက်ကတော့ ရွေးကောက်ပွဲကို ယုံကြည်မှုအားနည်းနေတာပဲဆိုတာ တွေ့ရပါတယ်။
ရွေးကောက်ပွဲကို လူထုက ဘာကြောင့်အယုံအကြည်နည်းရတာလဲဆိုရင် ကျွန်တော်တိုင်းပြည်မှာ ခေတ်အဆက်ဆက် မဲရွေး မဲထဲ့လာခဲ့တာမှန်သမျှ ကိုယ့်လူကိုယ်ရွေးတဲ့စနစ်တွေသာ ဖြတ်သန်းလာခဲ့ရတာ များပါတယ်။  ဒီဘက်နောက်ပိုင်း ဒီမိုကရေစီ ပြောင်းလဲဖော်ဆောင်လာတဲ့ ခေတ်မှာပင်လျှင် မဲလိမ်၊ မဲခိုး၊ မဲမသမာမှုတွေ ရှိရုံတင်မက ၁၉၉၀ ရွေးကောက်ပွဲမှာ အနိုင်ရတဲ့ပါတီကိုတောင် အာဏာလွှဲအပ်မှုတွေ မရှိခဲ့တာဟာ လူထုရဲ့ အယုံအကြည် ကင်းမဲ့မှုရဲ့ အခြေခံပဲဖြစ်ပါတယ်။

နှစ် ၅၀ ကျော်ဖြတ်သန်းလာခဲ့ရတဲ့ ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းကြောင်းကို ပြန်ကြည့်ရင်လည်း လွန်ခဲ့တဲ့ နှစ်ပေါင်း  ၅၀ ကျော်ကတည်းက တစ်ဗိုလ်တက် တစ်ဗိုလ်ဆင်း ပုံသဏ္ဍာန်မျိုးစုံပြောင်းပြီး အာဏာကို လက်ဆင့်ကမ်းလွှဲပြောင်း အုပ်ချုပ်လာခဲ့တာဆိုတော့ လူထုကလည်း ယုံကြည်မှုမဲ့လာကြတာ ဖြစ်တယ်။

ယခုလာမယ့်ရွေးကောက်ပွဲအတွက် မဲစာရင်းကြေငြာထားတာတွေမှာ မမှန်မကန်ဖြစ်နေတာတွေဟာလည်း လူထုကို သံသယတိုး၊ အယုံအကြည်မဲ့စေတာရဲ့ အရင်းခံတစ်ခုမှာ ပါဝင်နေပြန်တယ်။  ဒါပေမယ့် လူထုအနေနဲ့ ရွေးကောက်ပွဲအတွက် ဖော်ပြထားတဲ့ မဲစာရင်းတွေကို ကြည့်ဖို့အရေးကြီးသလို မှားယွင်းနေတာကိုလည်း ပြင်ဆင် ခိုင်းဖို့တော့လိုတယ်။ လူထုရဲ့တာဝန်ကတော့ ဒီရွေးကောက်ပွဲမှာမဲထည့်ပြီး ဒီမိုကရေစီအပြောင်းအလဲကို ဖော်ဆောင်မယ့် လူမှန်နေရာမှန် ရွေးချယ်ဖို့ အရေးကြီးပါတယ်။  
ကိုယ့်နိုင်ငံကို သိက္ခာရှိတဲ့နိုင်ငံအဖြစ် ကမ္ဘာအလည် တင့်တယ်ဖို့ဆိုတာ အုပ်ချုပ်တဲ့အစိုးရမှာတာဝန်ရှိသလို၊ နိုင်ငံသားအားလုံးမှာလည်း တာဝန်ရှိတယ်။ အုပ်ချုပ်တဲ့အစိုးရတစ်ဖွဲ့တည်းကလည်း နိုင်ငံသိက္ခာရှိအောင် မလုပ် နိုင်ဘူး။ လူမျိုးတစ်မျိုး၊ ဘာသာတစ်ခု၊ လူတစ်ဦးတစ်ယောက်၊လူ့အဖွဲ့အစည်း တစ်ခုတည်း ကလည်း နိုင်ငံသိက္ခာ ရှိအောင်မလုပ်နိုင်ဘူး။ ပြည်သူလူထုအားလုံးက နိုင်ငံရဲ့ရေရှည်အကျိုးကိုကြည့်တဲ့ အစိုးရကောင်းကိုရွေးချယ်တတ်ဖို့ အရေးကြီးပါတယ်။ လှည့်ဖြားတတ်တဲ့အစိုးရမျိုး၊ မိမိတို့ကိုယ်ကျိုးစီးပွားသာကြည့်ပြီး ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ အာဏာရှင်စရိုက်ရှိတဲ့အစိုးရမျိုး မရွေးချယ်မိဖို့ သတိပြုရမယ့် မိမိတို့ရွေးချယ် တင်မြောက်လိုက်တဲ့ အစိုးရကို မိမိတို့ကိုယ်တိုင်က ထိန်းကျောင်းနိုင်ရမယ်။
နိုင်ငံရေးသဘောတရားမှာ နိုင်ငံရေးစနစ်ပေါ်မှာ လူထုက ဘယ်လောက်ယုံကြည်မှုရှိသလဲဆိုတာနဲ့ သက်ဆိုင်တယ်။ နိုင်ငံရေးစနစ်တစ်ခုကိုယုံကြည်ဖို့၊ နိုင်ငံရေးစနစ်ကို ခံစားနိုင်ဖို့ဆိုတာ ဒီမိုကရေစီစနစ်မှာ အင်မတန် အရေးပါတယ်။ အစိုးရအနေတဲ့ လူထုရဲ့ယုံကြည်မှုတည်ဆောက်နိုင်ရမယ်။ လူထုရဲ့ယုံကြည်မှု မတည်ဆောက်နိုင်ရင် အာဏာတည်မြဲအောင် ထိန်းသိမ်းဖို့ ခက်ခဲနိုင်တယ်။  အစိုးရဟာလူထုကောင်းကျိုး ဖော်ဆောင်ပေးနိုင်မယ့်အစိုးရလို့ လူထုက ယုံကြည်မှသာ အစိုးရအပေါ်လူထုက သစ္စာခံလာမယ်။  လူထုကလက်ခံမှသာ အစိုးရအနေနဲ့တည်မြဲမယ်။
နိုင်ငံတစ်နိုင်ငံ၊ လူမျိုးတစ်မျိုးမှာ အစိုးရအပေါ်သစ္စာရှိတယ်ဆိုတာ အတိတ်သမိုင်းနဲ့ဆိုင်သလို အနာဂတ်နဲ့ လည်း ပတ်သက်တယ်။ လူထုဆန္ဒပြည့်ဝဖို့၊ လူထုရဲ့ဘ၀တွေ အဆင့်အတန်းမြင့်မြင့် နေထိုင်နိုင်ဖို့ ဒီမိုကရေစီစနစ် အောင်မြင်မှဖြစ်မယ်ဆိုပြီး ခံယူထားတဲ့အပေါ်မှာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်ကို အကောင်အထည်ဖော်ပေးမယ့်  အစိုးရမျိုးကိုသာ လူထုကမျှော်လင့်ကြမှာဖြစ်တယ်။ 
ဒီမိုကရေစီလို့အော်နေတဲ့ အစိုးရအဖွဲ့ကိုယ်တိုင်က မိမိတို့ကိုယ်ကျိုးအတွက်သာကြည့်ကာ အကျင့်ပျက် ချစားပြီး မမျှမတအုပ်ချုပ်နေရင် အစိုးရကို လူထုက အယုံအကြည်ရှိမှာမဟုတ်သလို လူထုက အပြုသဘော ဆောင်ပြီး အကြံပြုပါဝင်ကူညီမယ့်အစား အစိုးရကိုဆန့်ကျင်ဖက် ပြုလာတတ်တယ်။။ အစိုးရရဲ့လူတစ်စု အခွင့်အရေးအတွက် ရည်ရွယ်ရေးဆွဲထားတဲ့ဥပဒေတွေ၊ တရားမမျှတတဲ့ဥပဒေတွေနဲ့ ခြိမ်းခြောက်တဲ့ဥပဒေတွေကို ပြင်ဆင်ဖို့အတွက် လူထုကတောင်းဆိုလာကြမှာဖြစ်သလို လူထုက မိမိတို့ ယုံကြည်တဲ့အစိုးရ အပြောင်းအလဲကိုလည်း တောင်းဆိုလာကြမှာသာဖြစ်တယ်။
ဒီကနေ့ လူထုက ဥပဒေတွေပြင်ဖို့ တောင်းဆိုလာရတာဟာ အစိုးရရဲ့အာဏာရှင်ဆန်မှု၊ ကိုယ်ကျိုးစီးပွား ကြည့်မှု၊ မမျှမတအုပ်ချုပ်မှု၊ မမျှမတအကျိုးခံစားနေမှုနဲ့ တစ်ဖက်သတ် သီးခြားအခွင့်အရေး ရလိုမှုအတွက် ရည်ရွယ်ပြီး ရေးဆွဲထားတဲ့ ဥပဒေတွေကြောင့်သာ လူထုက တောင်းဆိုဆန္ဒဖော်ထုတ်လာကြတာဖြစ်တယ်။
နောက်တစ်ချက်က ကျွန်ုပ်တို့နိုင်ငံကို အနာဂတ်နိုင်ငံရေးမှာ စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ် ရောက်ဖို့ အတွက် ရည်ရွယ်တယ်ဆိုရင် လူထုရဲ့ ပါဝင်ပတ်သက်မှုက အရေးကြီးသလို နိုင်ငံရေးမှာပါဝင်နေတဲ့ စစ်တပ်ရဲ့ အခန်းကဏ္ဍကို လျှော့ချပြီး ပါတီတွေရဲ့ အခန်းကဏ္ဍကို တိုးမြှင့်ရမှာဖြစ်တယ်။ ပါတီတွေရဲ့အခန်းကဏ္ဍကို တိုးမြှင့် နိုင်မှာသာ ပါတီနိုင်ငံရေး အခန်းကဏ္ဍ ရှေ့တန်းရောက်လာမှာ ဖြစ်တယ်။ စစ်တပ်ကလွှမ်းမိုးကြီးစိုးတဲ့ နိုင်ငံရေး စနစ်ထက် ပါတီနိုင်ငံရေးကို ဖော်ဆောင်ဖို့လိုတယ်။ ပါတီတွေရဲ့အခန်းကဏ္ဍရှေ့တန်းရောက်လာဖို့ဆိုတာ ပါတီတွေ ကြံ့ခိုင်မှသာ ဖြစ်နိုင်မယ်။ ပါတီအများစုက မိမိတို့ ပါတီခေါင်းဆောင်ကို သူရဲကောင်းလိုမြင်နေတာ၊ အားကိုးနေတာ၊ ပုံအပ်ထားတာ သဘာဝကျပေမယ့် မိမိတို့ရဲ့ပါတီခေါင်းဆောင်ဟာ လူထုကို ကိုယ်စားပြုမယ့် လူထုခေါင်းဆောင်၊ လူထုအတွက် သူရဲကောင်းဖြစ်ဖို့တော့ အရေးကြီးပါတယ်။ ပါတီတွေအနေနဲ့ မိမိတို့ခေါင်းဆောင်ရဲ့ အရည်အချင်းကိုသာ အားကိုးနေရုံသာမက မိမိတို့ပါတီရဲ့ အရည်အချင်းတိုးတက်အောင်၊  မိမိတို့ပါတီကြံ့ခိုင်နေအောင်လည်း ကြိုးစားကြဖို့ လိုတယ်။
မြန်မာ့နိုင်ငံရေးသမိုင်းကြောင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကို လူထုခေါင်းဆောင်၊ လူထုအတွက် သူရဲကောင်း အဖြစ် အသိအမှတ်ပြု ရွေးချယ်ဖို့ ကြိုးစားခဲ့ကြသလို၊ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်ထောက်ခံတဲ့ ဖဆပလ အဖွဲ့ချုပ်ကြီးကိုလည်း နိုင်ငံကို ဦးဆောင်နိုင်မယ့် ကယ်တင်နိုင်မယ့်ပါတီကြီးဖြစ်အောင် ကြိုးပမ်းခဲ့ပါတယ်။
 တစ်ခါတစ်ရံ ပါတီခေါင်းဆောင်တို့ရဲ့ ဆုံးဖြတ်ချက်ကြောင့် အခက်အခဲကြုံတွေ့ရတာမျိုးတွေလည်း ရှိတတ်ပါတယ်။ အတိုက်အခံ လုပ်ဖို့အတွက်သာ ဦးတည်လွန်းလာရင် အမျိုးသားစည်းလုံးညီညွတ်ရေးကို ထိခိုက် နိုင်ပြီး ဆန့်ကျင်ရေး လမ်းကြောင်းပေါ်  ဦးတည်သွားနိုင်တဲ့အတွက် ပါတီတွင်းပြိုကွဲမှုတွေ ဖြစ်ပေါ်နိုင်ပါတယ်။
ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးသွားပြီး ဦးနုကို ဖဆပလအဖွဲ့ချုပ်ကြီးရဲ့ ခေါင်းဆောင်အဖြစ် တင်မြောက်ခဲ့တဲ့ နောက်ပိုင်း  ဖဆပလအဖွဲ့ချုပ်ကြီး နှစ်ခြမ်းကွဲကာ လူထုအစိုးရ ကျဆုံးခဲ့ရပါတယ်။ ပါတီနိုင်ငံရေး အခန်းကဏ္ဍ မှေးမှိန် ကွယ်ပျောက်ခဲ့ပြီး၊ စစ်ဘက်အစိုးရ လွှမ်းမိုးနေရာယူလာပါတော့တယ်။
ဒါကြောင့် စစ်မှန်တဲ့ဒီမိုကရေစီလမ်းကြောင်းပေါ်ရောက်ဖို့၊ စစ်တပ်ရဲ့အခန်းကဏ္ဍကို လျှော့ချဖို့၊  ပါတီ နိုင်ငံရေးအခန်းကဏ္ဍ ရှေ့တန်းရောက်ဖို့နဲ့ လူထုအစိုးရ (အရပ်သားအစိုးရ)တစ်ရပ်ပေါ်ပေါက်လာဖို့အတွက် ပါတီခေါင်းဆောင်ဟာ လူထုခေါင်းဆောင်ဖြစ်ဖို့ အရေးကြီးသလို၊ ပါတီတွင်းအင်အားကောင်းဖို့၊ ကြံ့ခိုင်ဖို့လည်း လိုအပ်တယ်ဆိုတာ သမိုင်းကသက်သေထူနေပါတယ်။
ဒီနေရာမှာ ကျွန်တော်ရဲ့ ပုဂ္ဂလိကအမြင်တစ်ချို့ကို တင်ပြလိုပါတယ်။ လူထုခေါင်းဆောင်ဖြစ်ဖို့၊ လူထုကို ကိုယ်စားပြုဖို့နဲ့  လူထုအတွက် စွန့်လွှတ်အနစ်နာခံနေတဲ့ ခေါင်းဆောင်တစ်ဦးအဖြစ်ဆိုရင် ဒီနေ့ဒီအချိန်မှာတော့ ဒေါ်အောင်ဆန်းစုကြည်ကိုပဲ မြင်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူမအနေနဲ့ ဒီမိုကရေစီကို မြတ်မြတ်နိုးနိုး ယုံကြည်သလို တန်ဖိုးထားသူတစ်ယောက်လို့လည်း ထင်မြင်မိပါတယ်။ ပါတီတွင်း အင်အားကောင်းမှုရှိတယ်လို့လည်း မြင်ပါတယ်။ ဒီမိုကရေစီစံနစ်ပြောင်းလဲအောင် ဖော်ဆောင်မယ့် ခေါင်းဆောင်တစ်ဦးလို့လည်း ယုံကြည်မိပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကိုလေ့လာမိသလောက်တော့ အမှန်ကို အမှန်အတိုင်းလုပ်မယ့်ခေါင်းဆောင်မျိုးပါ။ တရားတဲ့ တရားဥပဒေစိုးမိုးမှုအပေါ်မှာ အဖြောင့်အတိုင်း လျှောက်မယ့် ခေါင်းဆောင်မျိုးပါ။ တိုင်းပြည်နဲ့ပြည်သူလူထု အများအကျိုးကို မျှော်လင့်ပြီး အမှန်တရားပေါ်မှာရပ်တည်မယ့် ခေါင်းဆောင်မျိုးပါ။ အမှန်တရားအတွက် ဘက်မလိုက်ဘဲလုပ်မယ့် ခေါင်းဆောင်မျိုးပါ။ လူထုရဲ့ထောက်ခံမှုပိုရတာ၊ သူနေရာရတာတွေထက် တိုင်းပြည်ကောင်းစားဖို့ကို ကြည့်ပြီး ဆုံးဖြတ်မယ်ဆိုတာ….

” တိုင်းပြည် နဲ့ လူမျိုးအတွက် အကျိုးရှိနိုင်မယ်ဆိုရင် အသုံးချခံဖြစ်ရလည်း ဖြစ်ပါစေ..၊ ကျမကိုအသုံးချနိုင်ပါတယ်” လို့ ပြောခဲ့တဲ့ သူမရဲ့စကားက သက်သေခံနေပါတယ်။

အာဏာရပါတီဟာ ကြားဖြတ်ရွေးကောက်ပွဲမှာ ပက်ပက်စက်စက် ရှုံးနိမ့်ခဲ့ကတည်းက ၂၀၁၅ ရွေးကောက်ပွဲ မတိုင်မီ ဒေါ်စုနဲ့ ဒီမိုကရေစီ ဘက်တော်သားတွေကို ပြည်သူအကြည်ညိုပျက်အောင်၊ ပြည်သူ့ထောက်ခံမှုမရအောင်၊ နိုင်ငံရေး သေအောင်လုပ်ဖို့ စီမံကိန်းတွေအများကြီး ချထားထားတယ်ဆိုတာ ကျွန်တော်တို့မြင်အောင် ကြည့်တတ်ကြဖို့ လိုပါတယ်။
တိုင်းပြည်တွင်းမှာ လူမျိုးရေးပဋိပက္ခဖြစ်အောင်၊ ဘာသာရေးအထိကရုဏ်းတွေဖြစ်အောင် ဖန်တီးနေတာတွေ၊ လက်ပံတောင်းတောင်ကိစ္စမှာ ပြည်သူကို ဒေါ်စုနဲ့ထိပ်တိုက်စေဖို့ ဖန်တီးတာတွေဟာ နိုင်ရေးလှည့်ကွက်တွေဆိုတာ ကျွန်တော်တို့အမြင်ကျယ်ကျယ်နဲ့ ရေရှည်အကျိုးကိုမျှော်ကိုးပြီး စည်းစည်းလုံးလုံးနဲ့ ဖြေရှင်းကြဖို့ လိုပါတယ်။
ဒေါ်စုကို ပြည်သူနဲ့ သွေးခွဲတာ၊ ဒေါ်စုကို ထောင်ချောက်ဆင်တာ၊ ဒေါ်စုအနေနဲ့ သတ်ကွင်းကိုဖြတ်ရမယ့် အရေး ဆိုတာ အားလုံအသိပါ။ အဲဒါ ဒေါ်စုလည်း မသိဘဲရှိပါ့မလား။ အဲဒီအနေအထားတွေကို ဒေါ်စုအနေနဲ့ အများကြီး ကြိုတွက်ထားပြီးသားဖြစ်မှာပါ။ ရင့်ကျက်တဲ့ လူထုခေါင်းဆောင်တစ်ယောက်၊ အမြှော်အမြင်ရှိတဲ့ ခေါင်းဆောင်တစ်ယောက်ပါ။ ဒါပေမယ့် မိမိကိုယ်ကျိုးမကြည့်ဘဲ တိုင်းပြည်ရဲ့ဂုဏ်သိက္ခာနဲ့ပြည်သူလူထုအတွက် ပြည်သူနဲ့ ထိပ်တိုက်ဖြစ်မယ့်အခြေအနေကို စွန့်စားပြီးရဲရဲဝံ့ဝံ့ ဖြတ်လျှောက်ခဲ့တာပါ။ ဒေါ်စုမလျှောက်ရင်၊ ဒေါ်စုမဖြတ်ရင် ဘယ်သူလျှောက်မှာလဲ၊ ဘယ်သူဖြတ်မှာလဲ။
အစိုးရနဲ့ ပြည်သူအကြား အကြပ်အတည်းတွေ့နေတဲ့အချိန်မှာ ကိုယ်ကျိုးကြည့်ပြီး ခေါင်းရှောင်တာမျိုး မလုပ်ခဲ့တာကိုက ဒေါ်စုရဲ့အနစ်နာခံစိတ်ပါ။ တိုင်းပြည်မှာဖြစ်ပေါ်လာမယ့် မတည်ငြိမ်မှုတွေကို ဖြေရှင်းပေးလိုတဲ့အတိုက်အခံကောင်းတစ်ယောက်ပါ။ အတိုက်အခံကောင်းဆိုတာ အမြဲတန်း အစိုးရကို အပြစ်ရှာပြီး အတိုက်အခံ လုပ်လေ့လုပ်ထ မရှိပါဘူး။ တိုင်းပြည်တည်တည်ငြိမ်ငြိမ်နဲ့ အပြောင်းအလဲတစ်ခုဖြစ်သွားဖို့ စိတ်ရှည်သည်းခံ အနစ်နာခံပြီး ဖွဲရှိရှိနဲ့ ကြိုးပမ်းနေတဲ့ ခေါင်းဆောင်မျိုးကိုခေါ်တာပါ။ မိမိတို့နဲ့ သဘောထား မတိုက်ဆိုင်တိုင်း၊ မိမိတို့ဘက်က ရပ်တည်ပြီး မပြောတိုင်း အပြစ်ဖို့လို့တော့ မရပါဘူး။ သူ့ရဲ့ မဟာဗျူဟာကို သူကိုယ်တိုင် အခြေအနေနဲ့ အချိန်အခါနဲ့အညီ နည်းဗျူဟာပြောင်း ကြိုးစားနေတယ်လို့မြင်ပါတယ်။
ဒေါ်စုလုပ်သမျှကောင်းတယ်ဆိုပြီး မျက်စေ့စုံမှိတ် ရှေ့နေလိုက်နေတာမဟုတ်ပါဘူး။ ကျွန်တော်တို့ တိုင်းပြည်မှာ ခေါင်းဆောင်ကောင်းက ရှားပါးပါတယ်။ နှစ်ပေါင်း ၅၀ ကျော် ခေါင်းဆောင်ကောင်းမရှိတဲ့အပေါ်မှာ လူထုတစ်ရပ်လုံး အကြောက်တရားအောက်မှာ ပြားပြားဝပ်နေခဲ့ရသလို လူထုလည်းဆင်းရဲ၊ တိုင်းပြည်လည်း မွဲဆိုတာမျိုးနဲ့ ကြုံခဲ့ရပါပြီ။ ဒီလိုခေါင်းဆောင်တစ်ယောက်ရဖို့ဆိုတာ မလွယ်ပါဘူး။ ခေါင်းဆောင်ကို ကျဉ်းထဲကျပ်ထဲ ရောက်အောင်လုပ်ပြီး တစ်ဘက်အကြိုက်ဖြစ်အောင် တွန်းမပို့စေချင်တဲ့ဆန္ဒပါ။ ခေါင်းဆောင်ကောင်း ရှိလာတဲ့ အချိန်မှာ နောက်လိုက်ကောင်းတွေဖြစ်ဖို့ အများကြီးလိုအပ်ပါတယ်။
လက်ပံတောင်းတောင်ကိစ္စမှာ “ဒေါ်အောင်ဆန်းစုကြည်အလိုမရှိ”လို့ ကြွေးကြော်သံတွေကြားခဲ့ရတာ တော်တော်ကို စိတ်မကောင်းစရာပါ။ ကမ္ဘာတစ်ဝှမ်းလုံးက ချစ်တဲ့၊ ကမ္ဘာတစ်ဝှမ်းလုံးက လေးစားတဲ့၊ ကမ္ဘာတစ်ဝှမ်းလုံးက တန်ဖိုးထားတဲ့ ခေါင်းဆောင်တစ်ယောက်ကို ကိုယ့်နိုင်ငံက ကိုယ့်ပြည်သူတွေက ကိုယ်လူမျိုး ခေါင်းဆောင် တစ်ယောက်ကို အလိုမရှိလို့ ကြွေးကြော်နေတာ မဖြစ်သင့်ပါဘူး။ နှစ်ပေါင်းမြောက်မြားစွာ အကြောက်တရားနဲ့ နေလာခဲ့ကြရတဲ့ပြည်သူတွေကို ဖိနှိပ်မှုကနေ လွတ်မြောက်ဖို့ ကြိုးစားပေးနေတဲ့ ခေါင်းဆောင်တစ်ယောက်ကို ၀ိုင်းဝန်းကူညီကြရမှာပါ။ ဒေါ်စုက ကျွန်တော်တို့ ခေါင်းဆောင်ပါ။ ဒေါ်စုက ကျွန်တော်တို့ရဲ့ ဒီမိုကရက်တစ်ခေါင်းဆောင်ပါ။ ပြည်သူလူထုရဲ့ ခေါင်းဆောင်ပါ။ မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးပါ။ ကမ္ဘာကလေးစားတဲ့ ခေါင်းဆောင်တစ်ဦးပါ။ ကမ္ဘာ့အဆင့်အတန်းမှီ ပညာရှင်တစ်ဦးပါ။ ခေတ်အဆက်ဆက် သမိုင်းအတွေ့အကြုံတွေကို မေ့ပစ်လိုက်ဖို့ မကြိုးစားကြပါနဲ့။ တိုင်းပြည်နဲ့ ပြည်သူလူထုအကျိုးကို အမြဲနှလုံးသွင်းပြီး လူထုခေါင်းဆောင်ရဲ့ လမ်းညွှန်မှုကို ခံယူကြရင်း လာမယ့်ရွေးကောက်ပွဲမှာ မိမိတို့အသဲကြားက မဲတစ်ပြားကို တန်ဖိုးရှိရှိ အသုံးချတတ်ကြဖို့ လိုပါတယ်။
နောက်တစ်ချက်အနေနဲ့ ပြောလိုတာက ရွေးကောက်ပွဲ မတိုင်ခင်ကာလနဲ့ ရွေးကောက်ပွဲလွန်ကာလတွေဟာ အင်မတန်ဂရုစိုက်နေရမယ့်အချိန်တွေပါ။ ရွေးကောက်ပွဲမတိုင်မီ ဆူပူမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေကို အထူးသတိပြု ရှောင်ရှားရမှာဖြစ်ပါတယ်။ မိမိတို့ကိုယ်ကျိုးစီးပွား ပျက်သုဉ်းမှာ စိုးရိမ်ပြီး နောက်ကြောင်းပြန်လှည့်လိုသူတွေ၊ မိမိတို့အာဏာလက်လွှတ်ရမှာ စိုးရွံ့နေသူတွေရဲ့အကြံပက်စက်မှုတွေကြားမှာ နိုင်ငံသားအားလုံး ထောင်ချောက်မိသွားနိုင်တဲ့အခြေအနေမျိုးကနေ လွတ်အောင်ရှောင်နိုင်ကြရပါမယ်။ 
လူရယ်လို့ဖြစ်လာရင် တစ်ဦးနဲ့တစ်ဦး၊ တစ်အုပ်စုနဲ့တစ်အုပ်စု၊ လူ့အဖွဲ့အစည်းတစ်ခုနဲ့တစ်ခု၊ လူမျိုးတစ်မျိုးနဲ့တစ်မျိုး၊  ဘာသာ တစ်ခုနဲ့တစ်ခုကြားမှာ နားလည်မှု သည်းခံမှု ခွင့်လွှတ်မှုတရားတွေ လက်ကိုင်ထားပြီး သဟဇာတဖြစ်အောင် နေထိုင်နိုင်ဖို့ကြိုးစားကြရပါမယ်။ ဒါမှသာ နိုင်ငံနဲ့တစ်ဝှမ်း တည်ငြိမ်မှု၊ အေးချမ်းမှုနဲ့ ငြိမ်းချမ်းမှုအသွင်ဆောင်မှာ ဖြစ်တယ်။ အုပ်စုမတူလို့၊ လူ့အဖွဲ့အစည်းမတူလို့၊ လူမျိုးမတူ ဘာသာခြားလို့၊ ယုံကြည်မှုမတူလို့၊ ခံယူချက်မတူလို့၊ ယဉ်ကျေးမှု ဓလေ့ထုံးစံမတူလို့ အမုန်းတွေ အာဃာတတွေထားပြီး ရန်ဘက်တွေလိုမြင်နေကြရင် တည်ငြိမ်မှု၊ အေးချမ်းမှု၊ ငြိမ်းချမ်းမှုဆိုတာ ကွယ်ပျောက်သွားနိုင်ပါတယ်။
တည်ငြိမ်မှု၊ အေးချမ်းမှု၊ ငြိမ်းချမ်းမှုတွေရှိမှသာ ကျွန်ုပ်တို့မျှော်လင့်မျှော်မှန်းတဲ့ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်းနဲ့ တရားမျှတခြင်းတွေ ပြည့်ဝတဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ တကယ်လို့ တည်ငြိမ်မှု၊ အေးချမ်းမှု၊ ငြိမ်းချမ်းမှုတွေမရှိဘဲ အကြမ်းဖက်မှုတွေ ထူပြောနေမယ်ဆိုရင်  ကျွန်ုပ်တို့ မျှော်လင့်မျှော်မှန်းတဲ့ ဒီမိုကရေစီပန်းတိုင် မြင်နေရတဲ့ မှုံပျပျလေးပါ လက်လွတ် ဆုံးရှုံးသွားနိုင်ချေ ရှိပါတယ်။ 
အရေးကြီးရင် သွေးနီးရမယ် ဆိုသလိုပါပဲ။ ဒီအချိန်ဟာ  ကျွန်ုပ်တို့တိုင်းပြည်ရဲ့ ဒီမိုကရေစီပြုပြင်ပြောင်းလဲ ဖော်ဆောင်နေတဲ့အချိန်ဖြစ်တဲ့အတွက် အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့ တိုင်းပြည်တည်ငြိမ်မှု ပျက်ပြားစေနိုင်တဲ့ အခြေအနေတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကို အနှောက်အယှက် အဟန့်အတားဖြစ်စေ နိုင်ပါတယ်။ တိုင်းပြည်ပြောင်းလဲမှုကို မလိုလားသူတစ်စုရဲ့ ပြည်သူလူထုမျက်နှာ မငဲ့ကွက်ဘဲ၊ မိမိတို့ကိုယ်ကျိုးစီးပွားအတွက် အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့ တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအောင် လှုံဆော်ဖန်တီးမှုတွေ ကြုံလာနိုင်ပါတယ်။
သံဃာကို သံဃာအချင်းချင်း၊ လူထုကို လူထုအချင်းချင်း အမုန်းမီးပွားစေပြီး၊ သွေးခွဲ သပ်လျှို ရန်တိုက်ပေးနေမှုတွေဟာ အင်မတန်ကြီးမားတဲ့ နိုင်ငံရေးလှည့်ကွက်တွေဆိုတာကို လူထုက အမြင်ကျယ်ကျယ်ထားပြီး  အဓိကဘုံရန်သူဟာ ဘယ်သူဆိုတာ နားလည်သဘောပေါက်ဖို့လိုနေပါပြီ်
ဒါကြောင့်မို့ ဒီမိုကရေစီဖော်ဆောင်မှုခရီးစဉ်ကြီး နောက်ကြောင်းပြန်မလှည့်ဖို့၊ ပစ်မှတ်မလွဲကြဖို့၊ ပန်းတိုင်မပျောက်ကြဖို့ နိုင်ငံသားအားလုံးက အတူတကွ စည်းစည်းလုံးလုံး ဟန့်တားကာကွယ်ကြဖို့ လိုအပ်သလို ကျွန်တော်တို့ အားလုံးစုပေါင်းပြီး ရွေးကောက်ပွဲအောင်မြင်စွာကျင်းပနိုင်ဖို့နဲ့ ဒီမိုကရက်တစ်ခေါင်းဆောင်ကောင်းကို ရွေးချယ်ကြဖို့ အချိန်ရောက်ပြီဖြစ်ကြောင်း တိုက်တွန်းလိုက်ရပါတယ်။

မင်းမျိုးဝင်း (ရန်ကုန်တက္ကသိုလ်)
Friday Times News Journal (Vol:1,No.20)