ကျွန်ုပ်တို့လူ့အဖွဲ့အစည်းက ပုဂ္ဂိုလ်တစ်ချို့ တလွဲဆံပင် ကောင်းနေကြတာလား။
ဗိုလ်ချုပ်အောင်ဆန်းပြောသလို ခါးတောင်းကြိုက်တလွဲ ဖင်တလွဲဖြစ်နေတာလား။
ဒါမှမဟုတ် ကျွန်ုပ်တို့လူ့အဖွဲ့အစည်းအရေးထက် မိမိတို့ပုဂ္ဂလိကအကျိုး ဦးစားပေးနေကြတာလား။ ညီညွတ်စေချင်လို့ ကြိုးပမ်းကြဆိုရင် အလွဲလွဲအမှားမှား ညီညွတ်ကြတယ်။

လွန်ခဲ့တဲ့ ၂၀၀၂ ခုနှစ်က ကျွန်တော်ညီငယ် တစ်ရက်မှာ ကျွန်တော့်အိမ် ရောက်လာတယ်။ ပြီးတော့ သူပြောတဲ့ပထမစကားကြောင့် ကျွန်တော်အရုပ်ကြိုးပြတ် ခံစားရပေမယ့်ဒုတိယစကားတစ်ခွန်းက ကျွန်တော့်ညီကို ကျွန်တော်လေးစားမိတယ်။
သူပြောတာက
''အကိုကြီး၊ ကျွန်တော် မကြာခင် အလ္လာဟ်ထံပြန်ရတော့မယ်။
ဒါကြောင့် ကျွန်တော်တို့ လူ့အဖွဲ့အစည်းအတွက် အကျိုးပြုမယ့်အလုပ်တစ်ခု လုပ်ခဲ့ချင်တယ်။ အဲဒါ ဘာလဲဆိုရင် ဆော်ဒီကထုတ်တဲ့ ကုရ်အာန်ဘာသာပြန် နှစ်အုပ်တွဲကို ပြန်ရိုက်ချင်တယ်။ ပြီးတော့ အမြတ်မယူဘဲရောင်းမယ်၊ အားလုံးအိမ်မှာရှိပြီး ဖတ်စေချင်တာ ကျွန်တော်ရဲ့အကြီးမားဆုံးဆန္ဒပါ။ အကိုကြီးကူညီပါ''
''ကျွန်တော်အလ္လာ့ဟ်ထံပြန်ရောက်လို့ အလ္လာဟ်က မင်းလောကကြီးမှာနေခဲ့တုံးက ဘာတွေလုပ်ခဲ့လဲလို့ မေးရင် ကျွန်တော်လုပ်ခဲ့တာလေး အလ္လာဟ့်ကိုတင်ပြချင်လို့ပါ'' တဲ့ဗျာ။
ကျွန်တော် ပြန်ပြောဖို့ရွေးချယ်စရာမရှိသလို အင်အားလည်းမရှိခဲ့ပါဘူး။
အမှန်တော့ အဲဒီအချိန်မှာ စာမျက်နှာ (၃၀၀၀) ကျော်လောက်ရှိတဲ့ ကုရ်အာန်ဘာသာပြန်ကို ပြန်ရိုက်ဖို့ ငွေကြေးအင်အား ကျွန်တော်မှာ
လုံးဝမရှိခဲ့ပေမယ့် ကျွန်တော်ကတိပေးခဲ့ပြီး၊ အလ္လာဟ်အရှင်မြတ်သခင်ရဲ့ ကျေးဇူးတော်နဲ့ ကိုတင်မောင်သန်း၊ ကိုတင်မြင့်တို့ ကြိုတင်ဝယ်ယူမယ်ဆိုပြီး ကူညီထုတ်ပေးတဲ့ငွေတွေနဲ့ စာအုပ်ဖြစ်အောင် အမြန်ဆုံး ကျွန်တော်ကြိုးပမ်းခဲ့တယ်။
အဲဒီအချိန်မှာပဲ ရန်ကုန်မြို့မှာရှိတဲ့အဖွဲ့ကြီးတစ်ဖွဲ့က ဒီစာအုပ်က သူတို့မူပိုင်ပါဆိုပြီး၊ တရားစွဲမယ်ဘာညာ အသံလွှင့်တော့တာပါပဲ။ ဒါကြောင့် ကျွန်တော်သွားရှင်း ရပါသေးတယ်။
ကျွန်တော်က ဒီစာအုပ်မှာရေးထားတာက ဖာဒ်ဘုရင်ပုံနှိပ်တိုက်ကမူပိုင်လို့ ရေးထားတဲ့အတွက် တရားစွဲမယ်ဆိုရင် ဖာဒ်ဘုရင်ပုံနှိပ်တိုက်ကသာ ကျွန်တော့်ကို တရားစွဲခွင့်ရှိတယ်၊ လူကြီးမင်းတို့နဲ့မသက်ဆိုင်ဘူးလို့ယူဆတယ်လို့ ရှင်းပြခဲ့ရုံမက ဒီစာအုပ်ထုတ်ဝေသူဟာ လူငယ်တစ်ယောက်ဖြစ်တယ်၊ တစ်ကယ်တော့ လူကြီးမင်းတို့သာ ထုတ်ဝေသင့်တာပါ၊ လူကြီးမင်းတို့ မလုပ်တာကို လုပ်ခြင်းသာ ဖြစ်တယ်၊ ထုတ်ဝေသူကိုယ်တိုင် သေမယ့်နေ့ကို စောင့်နေရသူသာဖြစ်တယ်၊ မယုံကြည်ရင် လိုက်ကြည့်လို့ရတယ်စသဖြင့် ပြောပြမှ သူတို့ စိတ်လျှော့ လက်လျှော့ လိုက်ကြတာဖြစ်တယ်။
ကျွန်တော်လည်း စာအုပ်ကို အမြန်ပြီးအောင်ကြိုးစားသော်လည်း ပထမပိုင်းပြီးလို့ ကျွန်တော်ညီကို သွားပြတဲ့အချိန်မှာတော့ ကျွန်တော့်ညီ ခမျာ၊ စာအုပ်ကိုတောင် လက်နဲ့ မ, နိုင်တော့တဲ့ အင်အားမရှိတော့ဘဲ၊ ပြုံးပြရုံသာ ပြုံးပြနိုင်ပြီး နောက်တစ်နေ့ မနက် ၂၀၀၂ ခုနှစ်၊ ဖေဖော်ဝါရီလ (၆) ရက်နေ့မှာတော့ အလ္လာဟ်ထံပြန်သွားပါတော့တယ်။
(အင်နာလိလ္လာဟ်ဟိ ၀အင်နာအိလိုင်ဟိ ရာဂျိအူးမ်)
ကျွန်တော် ဒီအကြောင်းအရာကို ဘယ်တုံးကမှ၊ ဘယ်သူကိုမှမပြောပြ၊ မရှင်းပြခဲ့ပါဘူး။ အခုဘာကြောင့်ရေးပြနေတာလည်းဆိုတော့ လူ့အဖွဲ့အစည်းအတွက် နိုင်တဲ့ဘက်က ကောင်းကျိုးလုပ်ချင်ရင် ခေါင်းထောင်ခွင့်မပေးချင်သူတွေ၊ လက်မခံနိုင်တဲ့လူတွေ များလာနေလို့ပါပဲ။
ပြီးခဲ့တဲ့အပတ် သောကြာနေ့ (၈.၅.၂၀၁၅)က ပလီတစ်လုံးမှာ ရန်ကုန်တိုင်းအတွင်းက ပညာရှင်တွေစုစည်းပြီး ကုရ်အာန်ဘာသာပြန်သူ အာလင်မ်တစ်ဦးကို တိုက်ခိုက်ဖို့ စုစည်းကြတယ်။ ဒါဟာ အီမာန်ရှင်အချင်းချင်း လုပ်သင့်တဲ့အလုပ်လား၊ အီမာန်ရှင်အချင်းချင်း တိုက်ခိုက်ဖို့ ညီညွတ်ကြတာလား။
မတူညီတဲ့လူ့အဖွဲ့အစည်းက တစ်ချို့သူတွေက မိမိတို့လူအဖွဲ့အစည်းကို အခြားလူ့အဖွဲ့အစည်းက မိမိတို့ကို အမုန်းတရား၊ သွေးခွဲတရားတွေဟော တိုက်ခိုက်နေတဲ့အချိန်မှာ မိမိတို့လူ့အဖွဲ့အစည်းမှာ အချင်းချင်း သွေးကွဲအောင်၊ အမုန်းတရားတွေပွားပြီး သံသယတိုးအောင်၊ အချင်းချင်း အာဃာတတွေထားအောင် ဟောနေကြတာ၊ ကိုယ့်အချင်းချင်းတိုက်ခိုက်နေကြတာ အံ့သြစရာဖြစ်သလို၊ သံသယလည်းဖြစ်မိတယ်။

အခုလည်း ပြည်ထောင်စုသားမွတ်စလင်မ်များ ပြည်လုံးကျွတ်ညီလာခံ ကျင်းပရေး ကော်မတီဖွဲ့ပြီး၊ မိမိတို့လူ့အဖွဲ့အစည်းအတွက် တတ်နိုင်သမျှ ထွက်ပေါက်ရဖို့၊ မိမိတို့ရဲ့နောက်မျိုးဆက်တွေ ဒုတိယတန်းစားလူတန်းစားတွေ မဖြစ်ဖို့၊ လူအများရဲ့အလယ်မှာ မျက်နှာမငယ်ရဖို့၊ မိမိတို့လူအဖွဲ့အစည်း နောက်ထပ်တစ်ကြိမ် အနာမခံရဖို့အတွက် ကိုယ့်အင်ကိုယ့်အားနဲ့ ကြိုးပမ်းနေကြတယ်။ ဘာသာရေး၊ လူမျိုးရေး၊ နိုင်ငံရေးတွေအခြေမခံဘဲ၊ ညီညွတ်တဲ့အသံတစ်ခုအဖြစ် ဥပဒေဘောင် အတွင်းက အဖြေရှာဖို့ မိမိတို့ရဲ့ပုဂ္ဂိုလ်ရေး ဂုဏ်သိက္ခာကိုရှေ့တန်းမတင်၊ မိမိတို့ လူ့အဖွဲ့အစည်းအတွက် ကြိုးပမ်းနေကြတယ်။ အဖွဲ့အစည်းအသီးသီးကိုလည်း ခေါင်းဆောင်ဖို့၊ ပူးပေါင်းပါဝင်ဖို့ အကြိမ်ကြိမ် ဆွေးနွေး ကမ်းလှမ်းခဲ့ပေမယ့် သံသယနဲ့ အထင်အမြင်လွဲမှားစွာ ခေါင်းဆောင်မှုလည်းမပေး၊ ပူးပေါင်းပါဝင်မှုလည်းမရှိတဲ့အပြင် နှောက်ယှက်ဟန့်တားကန့်ကွက်ကြတယ်ဆိုတော့ ဘယ်လိုနားလည်ရမလဲတောင် မသိတော့ဘူး။ မိမိတို့လူ့အဖွဲ့အစည်းအကျိုး ဆောင်ရွက်လိုစိတ်ရှိသူတွေကို ခေါင်းမဆောင်နိုင်တာ၊ မပူးပေါင်းလိုတာ၊ ကန့်ကွက်တာဟာ မိမိတို့လူ့အဖွဲ့အစည်း အတွက် သောက မထားနိုင်တာလား။ မိမိတို့ရဲ့အကျိုးစီးပွားတွေ ထိခိုက်မှာကို စိုးရိမ်တာလားဆိုတာ ၀ိုင်းစဉ်းစားပေးကြပါအုံးဗျာ။
ကျွန်တော်ကတော့ ကျွန်တော့်ညီ ကျွန်တော့်ကိုပြောသလို
''ကျွန်တော်အလ္လာ့ဟ်ထံပြန်ရောက်လို့ အလ္လာဟ်က မင်းလောကကြီးမှာနေခဲ့တုံးက ဘာတွေလုပ်ခဲ့လဲလို့ မေးရင် ကျွန်တော်လုပ်ခဲ့တာလေး အလ္လာဟ့်ကိုတင်ပြချင်လို့ပါ'' ဆိုတဲ့စကားကို အခုတစ်ခါ ဒေါက်တာမြင့်သိန်းဆီက တစ်ကြိမ် ထပ်ကြားရပြန်ပြီဗျာ။ ဆရာသမားတို့ဆီကလည်းကြားချင်လွန်းလို့ ကျွန်တော် ဒီစာကို ရေးဖြစ်သွားတာပါ။
(ဘယ်သူကိုမှ မရည်ရွယ်ပါဘူး။ စိတ်မကောင်းဖြစ်လွန်းလို့ပါဗျာ)
____________________________________________
m y O e w y n n _ 2 3 . 0 5 . 2 0 1 5