Home

Tuesday, July 14, 2015

ကမ္ဘာကြီးက ဟစ်တလာလိုအာဏာရှင်မျိုး မလိုလားတော့ပါ ။

ဒီမိုကရေစီစံနစ်ကျင့်သုံးတဲ့နိုင်ငံတွေမှာ ရွေးကောက်ပွဲတွေဟာ အရေးကြီးပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု နှောင့်နှေးနေတာ၊ ကျဆင်းနေတာတွေဟာ အုပ်ချုပ်သူတွေ၊ အုပ်ချုပ်တဲ့ စံနစ်တွေနဲ့ သက်ဆိုင်နေတဲ့အတွက် လူထုကလည်း အုပ်ချုပ်သူအပြောင်းအလဲနဲ့ ခေတ်စံနစ်အပြောင်းအလဲကို တောင်းဆိုလာတတ် ကြပါတယ်။ ဒါကြောင့်လူထုဟာ ရွေးကောက်ပွဲ တွေကို စိတ်ဝင်စားပြီး မျှော်လင့်လာ ကြတယ်။ ရွေးကောက်ပွဲတွေ ကျင်းပတယ်ဆိုတာ အုပ်ချုပ်မှုအာဏာရဖို့ အပြိုင်အဆိုင် ပြုလုပ်ကြတာ၊ မဲဆွယ်ကြတာ၊ မဲပေးကြတာ၊ ရွေးကောက်တင်မြှောက်ကြတာ ဆိုပေမယ့် တကယ်တော့ နိုင်ငံဖွံ့ဖြိုး တိုးတက်ဖို့၊ ပြည်သူလူထုရဲ့အခြေအနေ အဆင့်အတန်းမြင့်မားလာဖို့အတွက် အုပ်ချုပ်သူ ပြောင်းလဲစေဖို့၊ အုပ်ချုပ်တဲ့စံနစ်တစ်ခု ပြောင်းလဲဖို့ကို တောင်းဆို လာကြတာလည်းဖြစ်တယ်။


ဒီမိုကရေစီစံနစ်မှာ ရွေးကောက်ပွဲတွေဆိုတာကတော့ ပြည်သူလူထုရဲ့ အကြီးမားဆုံး မျှော်လင့်ချက်ပါပဲ။ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်မယ့်ခေါင်းဆောင်တွေ၊ ပြည်သူလူထု အကျိုးဖော်ဆောင်မယ့် ခေါင်းဆောင်တွေပါဝင်တဲ့ပါတီကို အောင်နိုင်စေချင်တဲ့ဆန္ဒဟာလည်း ပြည်သူ လူထုရဲ့အကြီးမားဆုံး ဆန္ဒပါပဲ။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့ဆိုတာ အရည်အချင်းရှိတဲ့ အုပ်ချုပ်သူတွေနဲ့ သက်ဆိုင်သလို အုပ်ချုပ်သူကောင်းကို ရွေးချယ်တတ်တဲ့ လူထုနဲ့လည်းသက်ဆိုင်ပါတယ်။ လူထုမှာလည်း အုပ်ချုပ်သူ ကောင်းကို ရွေးချယ်နိုင်တဲ့ အရည်အချင်းတွေ ရှိဖို့လိုအပ်ပါတယ်။
 အုပ်ချုပ်ရေးအဖွဲ့အစည်းဟာ အာဏာရှင်အသွင်ဆောင်နေမယ်၊ ဒါမှမဟုတ် မိမိတို့ကိုယ်ကျိုး စီးပွား၊  မိမိတို့ပါတီအကျိုးစီးပွားနဲ့ ဘယ်သူသေသေ ငတေမာရင်ပြီးရော ဆိုတဲ့ အကျင့်ပျက်ခြစားသူတွေ များနေရင် ပြည်သူလူထုက နိုင်ငံပြုပြင်ပြောင်းလဲမှုကို အာသာငမ်းငမ်း တောင်းဆိုလာကြမှာ ဓမ္မတာပဲ ဖြစ်တယ်။  ပြည်သူလူထုကို အမှန်တစ်ကယ် ကိုယ်စားပြုမယ့်၊ ပြည်သူလူထုဆန္ဒကို ပြည့်ပြည့်၀၀ ဖြည့်ဆည်းပေးမယ့်၊ နိုင်ငံဖွံ့ဖြိုးတိုးတက်အောင်လုပ်ပေးနိုင်မယ့် အရည်အချင်းကောင်းသူတွေကို မျှော်လင့်ပြီး မိမိတို့ကိုယ်စား နိုင်ငံ့ခေါင်းဆောင်၊ အုပ်ချုပ်သူတွေ ပေါ်ပေါက်လာဖို့ တောင်းဆိုလာကြတာ ဖြစ်တယ်။

နိုင်ငံ့ခေါင်းဆောင်ကောင်းတွေ၊ အုပ်ချုပ်သူကောင်းတွေပေါ်ထွန်းလာရေးမှာ ရွေးကောက်ပွဲကို အခြေခံပေမယ့် ရွေးကောက်ပွဲတွေကို နိုင်ငံတော်အစိုးရက ရွေးချယ်ထားတဲ့ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ကသာ ကြီးမှုးကျင်းပကြတာဆိုတော့ ဘယ်အတိုင်း အတာအထိ ဒီမိုကရေစီနည်းလမ်းတကျ ရွေးကောက်ပွဲ အကောင်အထည်ဖော်မလဲဆိုတာလည်း မူတည်နေပါတယ်။ ရွေးကောက်ပွဲကျင်းပရေး ကော်မရှင်ရဲ့ပွင့်လင်းမြင်သာမှုရှိမှု၊ တာဝန်ယူမှု၊ တရားမျှတမှုနဲ့ သမာသမတ်ကျမှုတို့အပေါ်မှာ မူတည် သလို၊ ပြည်သူလူထုရဲ့ အသဲကြားကမဲတစ်ပြားကိုရင်းပြီး ရွေးချယ်တင်မြောက်ထားမှုကို အလွဲသုံးစား မလုပ်ဖို့လည်း အလွန်အရေးကြီးပါတယ်။

 လက်ရှိအာဏာရပါတီက မိမိတို့အာဏာပြန်လည်ရရှိဖို့ တစ်ခုတည်းသာ ရှေ့တန်းတင်ပြီး မသမာတဲ့နည်း၊ အောက်လမ်းနည်းတွေသုံးပြီး ရွေးကောက်ပွဲကျင်းပရေးကော်မရှင်နဲ့ ပူးပေါင်းကြံစည်မှုတွေ ရှိလာမယ် ဆိုရင်တော့ လွတ်လပ်ပြီးတရားမျှတတဲ့ရွေးကောက်ပွဲကို အခြေခံတဲ့ ဒီမိုကရေစီရွေးကောက်ပွဲ ရဲ့ စစ်မှန်တဲ့ အဖြေရလဒ်မျိုး ရလာနိုင်မှာမဟုတ်ပါဘူး။ 

ဒီမိုကရေစီစနစ်မှာ လူများစုကလွှမ်းမိုးဖို့၊ အင်အားကြီးသူ၊ အာဏာရှိသူတွေက အနိုင်ယူအုပ်ချုပ်ဖို့ မဟုတ်ပါဘူး။ ပြည်သူလူထုထုက မိမိတို့ရဲ့ဆန္ဒ၊ မိမိတို့ရဲ့ လိုလားချက်တွေကို လွတ်လွတ်လပ်လပ် ထုတ်ဖော်ခွင့်၊ ပြောဆိုခွင့်၊ ရေးသားခွင့်၊ လွတ်လပ်စွာစုဝေးခွင့်၊ လွတ်လပ်စွာ ကိုးကွယ်၊ ယုံကြည်ခွင့်တို့ ရှိမှသာလျင် ဒီမိုကရေစီဖြစ်တယ်။

အချို့တိုင်းပြည်တွေမှာ ရွေးကောက်ပွဲထက် ပြုပြင်ပြောင်းလဲရေးလုပ်ဖို့က အရေးကြီးပါတယ်။ စံနစ်တစ်ခုကနေ နောက်စံနစ်တစ်ခုပြောင်းဖို့ ရွေးချယ်ရတဲ့အခါမျိုးတွေမှာ စံနစ်ပြောင်းအောင် ဖော်ဆောင် နိုင်မယ့်သူ၊ ခေါင်းဆောင်နိုင်မယ့်သူတွေကို အဓိကရွေးချယ်ကြဖို့လိုတယ်။ ရွေးကောက်ပွဲ တွေမှာ ပါတီအင်အားကြီးတာကိုမကြည့်ဘဲ၊ မိမိတို့တိုင်းပြည်အတွက် သစ္စာရှိရှိ၊ စိတ်စေတနာ ဖြူဖြူစင်စင်၊ ဇွဲကောင်းကောင်း၊ စိတ်ရှည်ရှည်၊ ရပ်တည်ချက် ခိုင်ခိုင်မာမာနဲ့ အများအကျိုးသယ်ပိုးမယ့် ခေါင်းဆောင် ကောင်းတွေကို ရွေးချယ်တတ်ဖို့တော့လိုတယ်။ ပါတီတစ်ခုကပဲ အမြဲတမ်း အနိုင်ယူနေတာမျိုး၊ အမြဲတမ်း အုပ်ချုပ်မှုအာဏာကို ချုပ်ကိုင်ထားခွင့်ရနေတာမျိုးတွေ မဖြစ်ဖို့လည်းအရေးကြီးပါတယ်။

ရွေးကောက်ပွဲတွေ  (၄)နှစ်တစ်ကြိမ်(သို့) (၅)နှစ်တစ်ကြိမ်လုပ်တိုင်း   ဒီမိုကရေစီနိုင်ငံဖြစ်လာမှာ မဟုတ်ပါဘူး။ ရွေးကောက်ပွဲတွေလုပ်ပြီး ရွေးချယ်ခံထားတိုင်း ဒီမိုကရေစီလို့ ပြောလို့မရနိုင်သလို၊ ရွေးကောက်ပွဲက ရွေးချယ်လိုက်တဲ့ကိုယ်စားလှယ်တွေပါဆိုတဲ့သူတိုင်း အာဏာရှင်မဟုတ်ဘူးလို့လည်း ပြောလို့မရပါဘူး။ မိမိတို့ရွေးချယ် လိုက်တဲ့ ကိုယ်စားလှယ်ဟာ ဒီမိုကရေစီကို ယုံကြည်လေးစား တန်ဖိုးထား ပြီး စစ်မှန်တဲ့ဒီမိုကရေစီကို ဖော်ဆောင်နိုင်တဲ့အရည်အချင်းရှိသူဖြစ်ဖို့လိုတယ်။ ရွေးကောက်ပွဲက ရွေးချယ်လိုက်လို့ အာဏာရလာပြီး၊ အာဏာရှင်ဖြစ်သွားတဲ့ ခေါင်းဆောင်တွေလည်း ကမ္ဘာပေါ်မှာ အများအပြားပေါ်ထွန်းခဲ့ပါတယ်။ ဥပမာအနေနဲ့ အဲဒီထဲကမှ နာမည်ဆိုးနဲ့ ကမ္ဘာကျော်ခဲ့ပြီး၊ အာဏာရှင် တစ်ဦးလည်းဖြစ်၊ နာဇီဝါဒကိုလည်း ထူထောင်ခဲ့တဲ့ အဒေါ့ဖ်ဟစ်တလာရဲ့အကြောင်းကို အကျဉ်းချုံး လေ့လာကြည့်ကြပါစို့။

ကမ္ဘာပေါ်မှာ နာဇီဝါဒကို ထူထောင်ခဲ့တဲ့ ဟစ်တလာဟာ စစ်တပ်နဲ့ အာဏာသိမ်းခဲ့တာ မဟုတ်ပါဘူး။ ဒီမိုကရေစီနည်းကျကျ ရွေးကောက်တင်မြောက်ခံပြီးမှ ခေါင်းဆောင် ဖြစ်လာတာပါ။ သူ့စိတ်တိုင်းကျ ဖန်တီးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ရွေးကောက်တင်မြောက်ခြင်းခံထားရတဲ့ အာဏာရှင်ဖြစ်ပါတယ်။ ဟစ်တလာဟာ သူကိုယ်တိုင်ခေါင်းဆောင်ဖြစ်လာပြီးမှ သူ့ရဲ့ဂျာမန် စစ်တပ်ကြီးကို အင်အားကောင်းသထက်ကောင်းအောင်ချဲ့ထွင်ပြီး အာဏာရှင်ဖြစ်လာတာပါ။

နာဇီဝါဒကို ထူထောင်ခဲ့တဲ့ ဟစ်တလာဟာ သူ့လူမျိုးက တစ်ခြားလူမျိုးတွေထက် မြတ်တယ်ဆိုတဲ့ ၀ါဒတစ်ခုထူထောင်ပြီး အာရိယန်သခင်မျိုးလို့ ဆိုခဲ့ပါသေးတယ်။ ဟစ်တလာဟာ အစွန်းရောက် အမျိုးသားရေးဝါဒကို လက်ကိုင်ထားပြီး၊ လူထုသည်းခြေကြိုက်စကားလုံးတွေနဲ့ လူထုထောက်ခံမှုကို အကြီးအကျယ်  အရယူခဲ့တာဖြစ်တယ်။ လူမျိုးကြီးဝါဒ၊ အစွန်းရောက် အမျိုးသားရေးဝါဒ (Extreme Nationalism) နဲ့ ဂျာမန်ပြည်သူလူထုအားလုံးနီးပါးကို ၀ါဒမှိုင်းတိုက်ပြီး ''အဖနိုင်ငံတော်'' ကို ထူထောင်ခဲ့တယ်။ သူ့လူမျိုးတွေ တိုးတက်ဖို့၊ အောင်မြင်ဖို့ဆိုတဲ့ အသံကောင်းဟစ်ပြီး ဂျူးလူမျိုးတွေကို လူမျိုးသုဉ်းသုတ်သင်ခဲ့တယ်။

အမျိုး ဘာသာ သာသနာဆိုတဲ့ စကားလုံးတွေ ခုတုံးလုပ်ပြီး (Positive Christian) အမည်နဲ့ အမျိုးသားရေး၊ လူမျိုးရေးမှိုင်းတိုက်ထားတဲ့ ခရစ်ယာန်ဝါဒသစ်ကို တီထွင်ခဲ့ပြန်တယ်။ ဟစ်တလာဟာ ဂျူးစီးပွားရေး လုပ်ငန်းတွေကို သပိတ်မှောက်ဖို့ သူ့လူမျိုးတွေကို ၀ါဒမှိုင်းတိုက်ပြီး သွေးထိုးလှုံ့ဆော်ခဲ့တယ်။ သူ့လူမျိုး မျက်ကန်းမျိုးချစ် အစွန်းရောက်အမျိုးသားရေးသမားတွေနဲ့ ဂျူးလူမျိုးတွေပိုင်ဆိုင်တဲ့ စီးပွားရေးလုပ်ငန်း မှန်သမျှကို အကြမ်းဖက်လုယက်ဖျက်ဆီးခဲ့တယ်။ ဂျူးတို့ရဲ့ပိုင်ဆိုင်သမျှ ဥစ္စာပစ္စည်းတွေကို အုပ်စုဖွဲ့ အနိုင်ကျင့်သိမ်းပိုက်ခဲ့တယ်။

ဂျူးလူမျိုးတွေနဲ့ ရုပ်ချင်းခပ်ဆင်ဆင်ရှိတဲ့ နာဇီရှပ်နက်ဂိုဏ်းဝင် ရှပ်ညိုတပ်တွေနဲ့ တစ်ဖက်ပါတီတရားပွဲကို တုတ်တွေနဲ့ရိုက်ပြီး ပွဲဖျက်ခဲ့တယ်။ နိုင်ငံရေးနဲ့ပတ်သက်ပြီး မသိနားမလည် ရိုးသားတဲ့ အလုပ်သမား လူတန်းစားကို သွေးထိုးလှုံ့ဆော်ခဲ့တယ်။ ဟစ်တလာဟာ လူမျိုးရေး ခွဲခြားယုတ်မာတဲ့ ဥပဒေတစ်ရပ်ဖြစ်တဲ့ နျူရင်ဘာ့ဂ်ဥပဒေကို ပြဌာန်းခဲ့တယ်။ ဂျူးလူမျိုးတွေကို နေအိမ်တွေက မောင်းထုတ်ပြီး သီးခြားစခန်းတွေပြုလုပ်ကာ တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း စုပေါင်းနေထိုင်စေပြီး အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေကျူးလွန်ခဲ့တယ်။

နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာဟာ ဂျူးလူမျိုးတွေကို ဒုတိယတန်းစား နိုင်ငံသားတွေ (အခြားလူမျိုးတွေ)အဖြစ် သတ်မှတ်ခဲ့ပြန်တယ်။ ဂျူးလူမျိုးတွေရဲ့ အခြေခံနိုင်ငံသား အခွင့်အရေးတွေ၊ ရပိုင်ခွင့်တွေကို ပိတ်ပင်တားမြစ် ရုပ်သိမ်းပစ်ခဲ့တယ်။ ဂျူးလူမျိုးတွေကို ဂျာမန်အမျိုးသမီးတွေနဲ့ လက်ထပ် ထိမ်းမြားခွင့်ကို ပိတ်ပင်တားဆီးခဲ့တယ်။ ဟစ်တလာရဲ့အမျိုးသားရေး အစွန်းရောက်မှုတွေကြောင့် ဖြစ်ခဲ့ရတဲ့ ဘေးထွက်ဆိုးကျိုးတွေကို လူများစုကလည်း အမှားညီပြီး ဝေဖန်ပိုင်းခြားမှုတွေ ကင်းမဲ့ခဲ့လို့ ကမ္ဘာ့သမိုင်းမှာ အင်မတန်ကြီးမားခဲ့တဲ့ အနိဌာရုံတွေဖြစ်ခဲ့တယ်ဆိုတာကိုတော့ ဟစ်တလာရဲ့ လုပ်ဆောင်မှုတွေက သင်ခန်းစာတွေ အများကြီးချန်ထားရစ်ခဲ့ပါတယ်။
ဒါကြောင့်လည်း ကမ္ဘာကြီးက ဟစ်တလာလို အာဏာရှင်တွေ နောက်ထပ်ပေါ်ထွန်းလာမှာကို လုံးဝ မလိုလားကြသလို ကမ္ဘာပေါ်မှာရှိတဲ့ အာဏာရှင်ခေါင်းဆောင်တွေနဲ့ အာဏာရှင်စံနစ်ကို အပြီးတိုင် ချေမှုန်း နေကြတာ သက်သေပါပဲ။

 အချို့နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်နဲ့အညီ ရွေးကောက်ပွဲတွေကျင်းပပြီး ခေါင်းဆောင်ဖြစ်လာတယ် ဆိုပေမယ့် နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာကဲ့သို့ လူထုရဲ့သဘော၊ လူထုရဲ့ဆန္ဒတွေနဲ့ ဆန့်ကျင်ပြီး အာဏာရှင်ဆန်ဆန် ကျင့်သုံးခဲ့တာတွေကို တွေ့နေရပါတယ်။ အဲဒီလို အာဏာရှင်တစ်ပိုင်း ဒီမိုကရေစီ ကျင့်သုံးတဲ့ နိုင်ငံတွေမှာလည်း ရွေးကောက်ပွဲတွေ အယောင်ပြလုပ်ပြီး ပြည်သူ့ကိုယ်စားလှယ်တွေကို ပြည်သူ့ဆန္ဒအရ ရွေးချယ်သယောင် လူထုကိုပြသခဲ့တယ်။ အာဏာရှင်တွေဟာ ဒီမိုကရေစီဖော်ဆောင် နေပါတယ်လို့ ကြွေးကြော်နေပေမယ့် သူတို့ဖော်ဆောင်နေတဲ့ ဒီမိုကရေစီဟာ ဗဟိုဦးစီးစနစ်နဲ့ ချုပ်ကိုင်နေတဲ့ ဒီမိုကရေစီဖြစ်နေပြန်တယ်။ လွှတ်တော်ထဲမှာ လူထုကိုယ်စားပြုကိုယ်စားလှယ်တွေရဲ့ ဆွေးနွေးချက်၊ အကြံပြုချက်တွေကို တိုက်ရိုက်ဆွေးနွေးခွင့်မရှိ၊ တင်ပြခွင့်မရှိ၊ အကြံပြုခွင့်မရှိဘဲ၊ ကြိုတင် ရေးသားတင်ပြထားရတာမျိုးတွေရှိတယ်။ နောက်ကွယ်က ကြိုးကိုင်နေသူအာဏာရှင်တွေရဲ့ သဘောတူမှ၊ လက်ခံမှ ဆွေးနွေးတင်ပြရတာမျိုးတွေရှိတယ်။ လူထုဆန္ဒ၊ လူထုအသံကို တန်ဖိုးမထားဘဲ၊ မိမိတို့အာဏာ လက်မလွှတ်ရရေး ရှေးရှုနေတာတွေဟာ လူထုဆန္ဒတွေ၊ လူထုကိုယ်စားပြုကိုယ်စားလှယ်တွေရဲ့ အခြေခံရပိုင်ခွင့်တွေကို ဆုံးရှုံးအောင် ဖန်တီးထားလိုက်တာသာ ဖြစ်တယ်။

တကယ်တော့ စစ်မှန်တဲ့ဒီမိုကရေစီစံနစ်ဆိုတာ ပြည်သူလူထုရဲ့အာဏာနဲ့ အုပ်ချုပ်ခြင်းကို ခေါ်တာ ဖြစ်တယ်။ ပြည်သူလူထုအများစုရဲ့ဆန္ဒနဲ့အုပ်ချုပ်ခြင်းဖြစ်တယ်။ ပြည်သူလူထုရဲ့ ဆန္ဒတွေကို အကောင်အထည်ဖော်ပေးဖို့ ပြည်သူလူထုက မိမိတို့ဆန္ဒနဲ့ မိမိတို့ကိုယ်စား ရွေးချယ်တင်မြှောက်လိုက်တဲ့ ကိုယ်စားလှယ်တွေဖြစ်တယ်။ ပြည်သူ့ ကိုယ်စားလှယ်တွေကလည်း မိမိတို့ကို ရွေးချယ်တင်မြှောက်လိုက်တဲ့ ပြည်သူလူထုကို ကိုယ်စားပြုပြီး တိုင်းပြည်အကျိုး၊ ပြည်သူလူထုအကျိုးဖော်ဆောင်ဖို့ တာဝန်ရှိတဲ့ ကိုယ်စားလှယ်တွေအဖြစ် ခံယူရမှာဖြစ်တယ်။

 ဒီမိုကရေစီစံနစ်သာ မှန်ကန်တယ်ဆိုရင်၊ စစ်မှန်တဲ့ဒီမိုကရေစီစံနစ်သာဆိုရင် အတိုက်အခံ ပါတီကောင်း တွေ ရှိရမယ်။ အတိုက်အခံပါတီတွေဟာ အရည်အချင်းရှိရမယ်။ အတိုက်အခံပါတီဟာ အာဏာရပါတီကို စောင့်ကြည့်ဝေဖန်နိုင်တဲ့ အရည်အချင်းတွေရှိဖို့လိုတယ်။ အစိုးရဘက်က မဟုတ်တာတွေ မလုပ်နိုင်ဖို့ ထောက်ပြဝေဖန်နိုင်ရမယ်။ အတိုက်အခံပါတီဆိုပေမယ့် နိုင်ငံကောင်းကျိုးသာ ရှေးရှုတဲ့ ပါတီဖြစ်ရမယ်။ ပြည်သူလူထုကိုလည်း နိုင်ငံရေးသဘောတရား၊ အတွေးအမြင်ကောင်းတွေ ပြည့်ဝလာစေဖို့ လမ်းညွှန် ရမှာဖြစ်ပါတယ်။ ပြည်သူလူထုကို ဒီမိုကရေစီကျင့်စဉ်ကောင်းတွေဖက် ဦးလှည့်ပါဝင်လာအောင် စည်းရုံး သိမ်းသွင်းရမယ်။ လူတိုင်းကတော့ ဒီမိုကရေစီကို နားမလည်လို့ ဒီမိုကရေစီနဲ့ သက်ဆိုင်တဲ့ အသိတရားတွေ ကင်းမဲ့နေကြမယ်ဆိုရင် အဖျက်အမှောင့် လုပ်ချင်ကြသူတွေကြောင့် ဒီမိုကရေစီဟာ အပျက်လမ်းဆီ ဦးတည်သွားနိုင်ပါတယ်။ ဒါကြောင့် လူတိုင်းက ဒီမိုကရေစီကို နားလည်သဘောပေါက် လာနိုင်အောင် ဒီမိုကရေစီရဲ့ သဘောတရားတွေကို ရှင်းလင်းတင်ပြ သွန်သင်ဖို့လည်း လိုအပ်ပါတယ်။

နိုင်ငံရေးဆိုတာ နိုင်ငံအတွင်းမှာရှိတဲ့ လူတွေရဲ့အရေးကိစ္စပါ။ လူဆိုတာ အသက်ရှင်နေသမျှ ကာလ ပတ်လုံး လူတွေရဲ့အရေးကိစ္စအထွေထွေကို သိသင့်သိထိုက်သလို ဆည်းပူးလေ့လာ သင့်တယ်။ လူဖြစ်နေပါလျှက် လူတွေရဲ့အရေးကိစ္စတွေကို စိတ်မ၀င်စား လစ်လျူရှုနေမယ်ဆိုရင် လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ တာဝန်ဝတ္တရားတွေ ပျက်ကွက်တာပဲ ဖြစ်တယ်။

အရစ္စတိုတယ်ကတော့ “လူဆိုတာ နိုင်ငံရေးသတ္တ၀ါ”လို့ ဆိုပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး ''နိုင်ငံရေးဆိုတာ ကျွန်ုပ်တို့ နေ့စဉ်နဲ့အမျှ လူ့လောကမှာ  တွေ့ကြုံ နေကြတဲ့ကိစ္စ ဖြစ်တယ်။ တနည်းအားဖြင့်ဆိုရင် နိုင်ငံရေးဆိုတာ လူ့ကိစ္စလို့ဆိုရမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့စားမှု၊ သောက်မှု၊ နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှုအစုစုဟာ နိုင်ငံရေးပဲဖြစ်တယ်'' လို့ မိန့်ခြွေခဲ့ပါတယ်။

နိုင်ငံရေးဆိုတာ လူတိုင်းလူတိုင်းက ကိုယ့်အခွင့်အရေးကို ကိုယ်ပြည့်ပြည့်၀၀ ရယူလိုခြင်းပဲ ဖြစ်တယ်။ နိုင်ငံရေးဆိုတာ လူတိုင်းလူတိုင်းက လွတ်လပ်မှုနဲ့ တရားမျှတမှုကို တန်းတူ ရယူလိုခြင်းပဲ ဖြစ်တယ်။ နိုင်ငံရေးအလုပ်ဆိုတာ လူတွေရဲ့အရေးဖြစ်တာကြောင့် မွန်မြတ်တဲ့အလုပ်၊ မြင့်မြတ်တဲ့အလုပ် ဖြစ်တယ်။ လူတွေရဲ့ ကိုယ်စိတ်နှစ်ပါးနဲ့ စားဝတ်နေရေး အကျိုးဆောင်ပေးရတဲ့ နှောင်ကြိုးမဲ့ပရဟိတ အလုပ်ဖြစ်လို့ မွန်မြတ်တဲ့အလုပ်၊ မြင့်မြတ်တဲ့အလုပ်ဖြစ်တယ်။ မြင့်မြတ်တဲ့အလုပ်ဆိုတော့ နိုင်ငံရေးလုပ်မယ့်သူတွေ၊ တိုင်းပြည်ခေါင်းဆောင်လုပ်မယ့် သူတွေအနေနဲ့ မြင့်မြတ်တဲ့စိတ်ဓာတ်ရှိသူတွေ ဖြစ်မှမြင့်မြတ်တဲ့ အလုပ်ဖြစ်လာနိုင်မယ်။  မြင့်မြတ်တဲ့စိတ်ဓာတ်ရှိသူတွေလုပ်မှလည်း လူတွေရဲ့ ဒီမိုကရေစီ အခွင့်အရေး အပြည့်အ၀ရမယ်။ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှု ရှိမယ်။ လူတွေလည်း စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်မယ်။ တိုင်းပြည်လည်း တည်ငြိမ် တိုးတက် တည်တံ့မယ်။ မြင့်မြတ်တဲ့စိတ်ဓာတ်မရှိတဲ့ အတ္တသမားတွေ၊ ကိုယ်ကျိုးရှာသမားတွေ အာဏာကို ဖက်တွယ်ထားလိုသူတွေက နိုင်ငံရေးဝင်လုပ် နေကြရင်၊ တိုင်းပြည်ခေါင်းဆောင်လုပ်နေကြရင် နိုင်ငံရေးအလုပ်က လူရွံစရာဖြစ်မယ်။ လူတွေလည်း ကိုယ်စိတ်နှလုံး စိတ်ဆင်းရဲရမယ်။ လူတွေရဲ့ဘ၀တွေလည်း ပညာရေး၊ လူမှုရေး၊ စီးပွားရေး ချွတ်ခြုံကျပြီး လူမှုအဆင့်အတန်း နိမ့်ကျမယ်။ ဒီထက်အဆိုးဝါးဆုံးကတော့ တိုင်းပြည်နစ်နာပြီး တည်ငြိမ်တိုးတက်မှုမရှိဘဲ ကမ္ဘာ့အလည်မှာ မျက်နှာငယ် ဂုဏ်သိက္ခာမဲ့ရမယ့်အခြေအနေကို ဆိုက်ရောက်သွားမှာ ဖြစ်ပါတယ်။

ဒါကြောင့် နိုင်ငံသားတိုင်းက နိုင်ငံရေးကို မိမိနဲ့မဆိုင်သလို ခပ်ကင်းကင်း မနေကြဘဲ၊ အာဏာရှင် စံနစ်ဆိုးကြောင့် ပျက်စီး ယိုယွင်း ၀ါဒမှိုင်းမိခဲ့တဲ့အတွေးအခေါ် အယူအဆ သဘောထားတွေကို ပြုပြင်ရမှာ ဖြစ်သလို၊ ဒီမိုကရေစီနဲ့သက်ဆိုင်တဲ့ အသိပညာနဲ့ အလေ့အထတွေကို သိရှိနားလည်အောင် ကျင့်ကြံ အားထုတ်ရမှာဖြစ်တယ်။၊ ဒီမိုကရေစီနိုင်ငံသား စိတ်ဓာတ် မွေးမြူကာ ဒီမိုကရေစီနဲ့ထိုက်တန်သူများပီပီ ဒီမိုကရေစီအခွင့်အရေးအပြည့်အ၀ ရရှိရေးအတွက် ကိုယ်ကျင့်တရားကောင်း၊ စိတ်ရင်းစေတနာ မှန်မှန်နဲ့ မိမိတို့ရဲ့နိုင်ငံနဲ့လူထုအကျိုးကို အမှန်တကယ် သယ်ပိုးမယ့် မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိသူတွေကိုသာ ရွေးချယ်သင့်တယ်။ တရားမျှတတဲ့ဥပဒေစိုးမိုးမှုကို လေးစားပြီး၊ ဒီမိုကရေစီကို မိမိအသက်ထက် တန်ဖိုးထားသူတွေ၊ အာဏာရှင်စံနစ်ဆိုးကို အပြီးတိုင်ဖယ်ရှားပြီး စံနစ်ပြောင်းအောင်ဖော်ဆောင် ပေးကြမယ့် ခေါင်းဆောင်တွေလိုအပ်သလို နိုင်ငံတကာနဲ့ဆက်ဆံတဲ့အခါမှာ သဟဇာတဖြစ်တဲ့ ခေါင်းဆောင်တွေ၊ ပြည်သူလူထုအများစုက အားထား ယုံကြည် ချစ်ခင်ရတဲ့ ခေါင်းဆောင်တွေ၊ ပြည်သူလူထုအပေါ်မှာ သြဇာရှိပြီး မိခင်စိတ်အပြည့်အ၀နဲ့ အုပ်ချုပ်နိုင်တဲ ခေါင်းဆောင်မျိုးတွေနဲ့ ချွတ်ခြုံကျနေတဲ့ တိုင်းပြည်ကို အချိန်တိုအတွင်း ခေါင်းထောင်လာအောင် ကြိုးပမ်းနိုင်တဲ့ ခေါင်းဆောင်မျိုးတွေကို စနစ်တကျရွေးချယ် နိုင်ကြမှသာ ကမ္ဘာကြီးကမျှော်လင့်သလို ဟစ်တလာလို အာဏာရှင်တွေ နောက်ထပ်ပေါ်ထွန်း မလာတော့ဘဲ တည်ငြိမ် အေးချမ်း ဖွံ့ဖြိုး တိုးတက်ပြီး၊ စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံ ဖြစ်ထွန်းလာမှာ ဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
မင်းမျိုးဝင်း (ရန်ကုန်တက္ကသိုလ်)
Friday Times News Journal (Vol:1, No.19)