အစွန်းရောက်ခြင်း၊ ဘာသာတစ်ခုက အခြားဘာသာတစ်ခုကိုစော်ကားနေခြင်းက ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားနဲ့ မသက်ဆိုင်ဘူး။ ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်ဘာသာတရားကမှ အစွန်းရောက်ခြင်းဆိုတာမရှိသလို၊ အခြားဘာသာတရားတွေကို စော်ကားရမယ်လို့လည်း လမ်းမညွှန်ခဲ့ဘူး။ ဘာသာတရားအသီးသီးရဲ့ မဟာလူသားမြတ်တမန်တော်တွေ၊ မနုဿဘုရားရှင်တွေနဲ့ အလင်းပြပုဂ္ဂိုလ်တွေလည်း အစွန်းမရောက်ကြသလို၊ အခြားဘာသာတွေကို စော်ကားနေတယ်ဆိုတာလည်းမရှိဘူး။
အားလုံးက မဇ္ဈိမပဋိပဋာလမ်းစဉ်နဲ့ ငြိမ်းချမ်းရေးဝါဒကို ဖော်ဆောင်ခဲ့တဲ့ပုဂ္ဂိုလ်မြတ်တွေ၊ လမ်းညွှန်ခဲ့တဲ့ပုဂ္ဂိုလ်တွေပါ။ ဘာသာတရားတိုင်းက ငြိမ်းချမ်းတဲ့ လူ့ဘောင်တည်ဆောက်ဖို့၊ မဇ္ဈိမပဋိပဋာကျဖို့၊ ယဉ်ကျေး သိမ်မွေ့ဖို့ လမ်းညွှန်ကြတာပါပဲ။ ဘာသာတရားတွေက မေတ္တာကို အခြေခံပြီး လူသားတွေ ယဉ်ကျေးသိမ်မွေ့အောင် သွန်သင်ဆုံးမထားတာတွေကိုပဲ တွေ့နိုင်တယ်။
ဒါပေမယ့် ဘာသာတရားတွေကို ကိုးကွယ်ယုံကြည်ပါတယ်လို့ပြောနေတဲ့သူတွေကတော့ အစွန်းရောက်နေကြတာ၊ အခြားဘာသာတွေကို စော်ကားနေကြတာ တွေ့ရတယ်။ အစွန်းရောက်ခြင်း၊ ရိုင်းစိုင်း ယုတ်ညံ့ခြင်းဆိုတာ ကိုးကွယ်ယုံကြည်တဲ့သူတွေနဲ့ဘဲ ဆိုင်တယ်။ အစွန်းရောက်ဝါဒီတွေနဲ့ပဲ ဆိုင်တယ်။ ဘယ်ဘာသာတရားနဲ့မှ မဆိုင်ဘူး။ ဘာသာတရားတွေက လူသားအချင်းချင်း၊ ဘာသာတရားအချင်းချင်း မုန်းတီးဖို့၊ အတ္တကြီးဖို့၊ စော်ကားဖို့တွေ မသင်ကြားခဲ့ဘူး။
ဘာသာတရားတွေက လူသားတွေ လူပီသတဲ့ လူမှုဘ၀သက်တမ်းကို ငြိမ်းငြိမ်း ချမ်းချမ်းမွေမြူနိုင်ဖို့ လမ်းညွှန်နေပါလျက်နဲ့ အစွန်းရောက်ပြီး ရိုင်းစိုင်းနေတယ်၊ အခြားဘာသာ တွေကို စော်ကားနေတယ်ဆိုတာ ဘာသာတရားအသီးသီးရဲ့ မဟာလူသားမြတ်တမန်တော်တွေ၊ မနုဿဘုရားရှင်တွေနဲ့ အလင်းပြပုဂ္ဂိုလ်တွေကို သာမက မိမိလက်ခံယုံကြည်ကိုးကွယ် ကျင့်သုံးနေတဲ့ ဘာသာတရားရဲ့ ဂုဏ်သိက္ခာကိုပါ ညှိုးနွမ်းအောင် ပုံဖော်နေတာပဲ။
__________________________________
m • y • O • e • w • y • n • n _ 3 . 7 . 2 0 1 5
__________________________________
m • y • O • e • w • y • n • n _ 3 . 7 . 2 0 1 5