ကမ္ဘာ့ပေါ်မှာရှိတဲ့ အာဏာရှင်တွေ အုပ်ချုပ်တဲ့နိုင်ငံတွေ
အတော်များများမှာ အာဏာကို ချုပ်ကိုင်ထားလိုတဲ့၊ အာဏာကို လက်မလွှတ်လိုတဲ့၊ အာဏာကို မတရားတဲ့နည်းနဲ့
သိမ်းပိုက်ထားလိုတဲ့ အာဏာရှင်အစိုးရတွေဟာ လူထုရဲ့အာရုံစူးစိုက်မှုတွေ သူတို့ဘက် လှည့်မလာဖို့အတွက်
လူထုကို အချင်းချင်း သွေးခွဲ သပ်လျှို ရန်တိုက် ပေးထားလေ့ ရှိပါတယ်။ လူထုကို သွေးခွဲ
သပ်လျှို ရန်တိုက်ပေးဖို့ အတွက် အာဏာရှင်တို့ ခေတ်အဆက်ဆက် လက်ကိုင်ထား အသုံးချလေ့ရှိတဲ့
နည်းစနစ်ကတော့ အမျိုး ဘာသာ သာသနာလို့ ခေါင်းစဉ်တတ်ထားပြီး အမျိုးသားရေးဝါဒဆိုတဲ့ လူထုသည်းခြေကြိုက်
စကားလုံးပါပဲ။
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့
အမျိုးသားရေးရဲ့အဓိပ္ပာယ်ကို
''
အမျိုးသားရေးဝါဒသည် ကိုယ့်လူမျိုး နှင့် အခြားလူမျိုးများအား ချစ်မြတ်နိုးရေးကို အားပေးသမျှ၊
တစ်နည်းအားဖြင့် အခြားလူမျိုးများအား မုန်းတီးစိတ်မထားရန် အားပေးသမျှ ကျွန်တော်သည်
လုံးဝ အမျိုးသားရေးဝါဒသမား တစ်ယောက် ဖြစ်ပါသည်။ အမျိုးသားရေးဝါဒသည် ကျွန်တော်တို့အား
အမျိုးသားရေး တရားမျှတမှု ၊ လူမှုရေး တရားမျှတမှု တို့ကို သက်ဝင်ယုံကြည်စေလျက် ပြည်တွင်းမှာဖြစ်စေ
၊ ကမ္ဘာမှာဖြစ်စေ ၊ ဖိနှိပ်ချုပ်ချယ်သည်ဆိုသော စနစ်ကို ဆန့်ကျင်တိုက်ခိုက်ရန် တောင်းဆိုနေသမျှ
၊ ကျွန်တော်သည် လုံးဝ အမျိုးသားရေးဝါဒ သမားဖြစ်ပါသည်။ ကျွန်တော်သည် နယ်ချဲ့စနစ်ဆိုလျှင်
ဗြိတိသျှနယ်ချဲ့စနစ်ကိုဖြစ်စေ ၊ ဂျပန်နယ်ချဲ့စနစ်ကိုဖြစ်စေ ၊ ဗမာနယ်ချဲ့ စနစ်ကို ဖြစ်စေ
မုန်းတီးပါသည်။ ယနေ့အဖို့ ကမ္ဘာတစ်ဝှမ်းလုံးတွင် အမျိုးသားရေးဆိုသည့် စကားလုံး၏အဓိပ္ပာယ်ကို
ကျဉ်းမြောင်းသည့် လူမျိုး၊ဘာသာ အစရှိသည့် ဘောင်နှင့်ခတ်ထား၍ မရတော့ပါ။'' လို့ ဖွင့်ဆိုပြခဲ့ပါသော်လည်း.........
အာဏာရှင်အစိုးရတွေကတော့ အမျိုးသားရေးဆိုတဲ့ ကြွေးကြော်သံ
စကားလုံးကို အသံကောင်းဟစ်ပြီး သူတို့အာဏာ တည်မြဲဖို့အတွက် နောက်ဆုံးခံတပ်အဖြစ် ခေတ်အဆက်ဆက်
ပုံသဏ္ဍာန်အမျိုးနဲ့ အသုံးချလေ့ရှိတယ်။ လူမျိုးရေးမုန်းတီးမှုတွေ၊ ဘာသာရေးခွဲခြားမှုတွေဖြစ်အောင်
အမုန်းမီး အာဃာတမီးတွေ မွှေးပေးလေ့ရှိပြီး အခြေခံ လူထုလူတန်းစား အချင်းချင်းကြားမှာ
ပြဿနာတွေ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေကို ဖန်တီးပေးထားတတ်ကြတာ မရိုးနိုင်တဲ့ဗျူဟာတွေပါ။
အာဏာရှင်တို့ရဲ့ လက်ကိုင်ဒုတ်တွေ၊ အာဏာရှင်လက်ဝေခံတွေ၊
အမျိုးသားရေးဝါဒီ အမည်ခံ ဘာသာရေးခေါင်းဆောင်တွေ၊ လူရိုသေ ရှင်ရိုသေ အယောင်ဆောင် ပုဂ္ဂိုလ်တွေ၊
အစွန်းရောက် မျက်ကန်းမျိုးချစ်တွေ၊ အာဏာရှင်တို့ နောက်ကွယ်က ကြိုးကိုင်ချယ်လှယ်နေတဲ့
မီဒီယာတွေနဲ့ ပွဲလန့်တုံး ဖျာခင်းချင်သူတွေက နိုင်ငံသားအချင်းချင်းကြား၊ လူထုအချင်းချင်းကြား၊
မတူညီတဲ့ လူမျိုးစုတွေကြားမှာ လူမျိုးရေး၊ ဘာသာရေး အမုန်းတရားတွေ တိုးပွားလာအောင် နည်းမျိုးစုံနဲ့
စည်းရုံးသိမ်းသွင်း သွေးခွဲကြတယ်။
လူထုအတွင်းက ပညာမဲ့လူတန်းစားတွေ၊ စားဝတ်နေရေးကျပ်တည်းကြသူတွေ၊
အလုပ်လက်မဲ့တွေ၊ ရေသာခို အချောင်ရယူလိုသူတွေနဲ့ စဉ်းစားဆင်ခြင်မှုမရှိဘဲ ပုဂ္ဂိုလ်ခင်
တရားမင်သူတွေကလည်း အလွယ်တကူ ပူးပေါင်းပါဝင်လာတတ်ကြသလို ပညာတတ်လူတန်းစား၊ လူရိုသေရှင်ရိုသေ
ပုဂ္ဂိုလ်များ ကလည်း အမှန်တရားဖက်မှာ ရပ်တည် ထုတ်ဖော်မပြောကြဘဲ အလိုတူအလိုပါ ရေငုံနှုတ်ပိတ်
နေတတ်ကြတယ်။
ဒီလုပ်ရပ်တွေ အားလုံးက ဒီမိုကရေစီနဲ့ ဆန့်ကျင်ဖက်တွေပါ။
ဒီမိုကရေစီရဲ့အနှစ်သာရ အဓိကကြောရိုးက လူကို အခြေခံပါတယ်။ လူသားအချင်းချင်း အပြန်အလှန်
နားလည်မှုနဲ့ လူမျိုးနွယ်စုအသီးသီးကြား အတူတကွ ပါဝင်ပတ်သက် ဆက်ဆံမှု ဖြစ်တယ်။ လူအချင်းချင်း
တစ်ဦးကိုတစ်ဦး မခွဲခြားဘဲ၊ အမုန်းတွေ အာဃာတတွေ မထားကြဘ၊ဲ တစ်ဦးရဲ့ ဂုဏ်သိက္ခာကို
တစ်ဦးက လေးစားတန်ဖိုးထားရမှာဖြစ်တယ်။
လူတိုင်းမှာ တူညီတဲ့ မွေးရာပါအခွင့်အရေးတွေရှိပါတယ်။
လူရယ်လို့ဖြစ်လာရင် လူကိုလူလိုမြင်ကြရပါမယ်။ ဒီမိုကရေစီစနစ်မှာ လွတ်လပ်ခြင်း၊ ငြိမ်းချမ်းခြင်း၊
လုံခြုံခြင်းနဲ့ တန်းတူညီမျှခြင်းစတာတွေ ရှိပါတယ်။ တစ်ဦးနဲ့တစ်ဦး လူမျိုးမတူလို့၊ ဘာသာမတူလို့၊
ယုံကြည်ချက်မတူလို့၊ ယဉ်ကျေးမှုမတူလို့၊ အသားအရောင်နဲ့ ဘာသာစကား စတာတွေ မတူလို့ ရန်သူလိုဆက်ဆံတာ၊
အကြမ်းဖက်တာ၊ ပြဿနာတွေ ပဋိပက္ခတွေ ဖန်တီးနေတယ်ဆိုတာ ဒီမိုကရေစီကျင့်စဉ်မဟုတ်ပါဘူး။ အရိုင်းဝါဒ၊
အရိုင်းစရိုက်တွေပါ။ ဒီမိုကရေစီကို အဟန့်အတားဖြစ်စေတဲ့ လုပ်ရပ်တွေပါ။ ဒီမိုကရေစီနဲ့
အလှမ်းဝေးနိုင်တဲ့ အပြုအမူတွေပါ။
အဲဒီလိုလုပ်ရပ် အပြုအမူ ဖန်တီးချက်တွေဟာ အာဏာရှင်တို့ရဲ့
သက်တမ်းရှည်ဖို့ တွန်းအားတွေဖြစ်သလို အာဏာရှင်တို့ရဲ့ စိတ်ကြိုက်ဖန်တီးမှုတွေမှာ ၀ိုင်းဝန်းပုံဖော်ပေးကြတဲ့
သရုပ်ဆောင်တွေ၊ ပါဝင် အားဖြည့် ပေးကြသူတွေအဖြစ် သမိုင်းတွင်ရစ်မှာ ဖြစ်ပါတယ်။ ဒီမိုကရေစီရဲ့
ရန်သူတွေ အဖြစ် နောင်လာနောက်သား မျိုးဆက်သစ်တွေက သတ်မှတ်ကြမှာဖြစ်တယ်။ ဒီမိုကရေစီ တော်လှန်ရေးမှာ
ကျဆုံး သွားခဲ့တဲ့၊ အကျဉ်းကျခံဘ၀ပျက်ခဲ့တဲ့၊ ပြည်ပြေးဘ၀ရောက်ခဲ့တဲ့ သူတွေကို ကျေးစွပ်သူတွေအဖြစ်
ကမ္ဗည်းထိုးခံရမှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ စစ်မှန်တဲ့ ဒီမိုကရေစီကို ယုံကြည်တယ်၊
မျှော်လင့်တယ်၊ တည်ဆောက်ချင်တယ် ဆိုရင်တော့ အာဏာရှင်တို့ မီးမွှေးရန်တိုက်၊ သွေးခွဲသပ်လျှိုရေးလက်နက်အဖြစ်
အသုံးချနေတဲ့ အစွန်းရောက် အမျိုးသားရေးဝါဒကို ယဉ်ကျေးတဲ့၊ လူပီသတဲ့၊ ဒီမိုကရေစီကျင့်စဉ်ဖြစ်တဲ့
ဓလေ့စရိုက်တွေနဲ့ အစားထိုးပြုပြင်ပြီး ဒီမိုကရေစီနည်းကျ အသိတရားတွေ ပေါ်ထွန်းလာအောင်
ဝိုင်းဝန်းကြိုးပမ်းကြရပါမယ်။
လူမျိုးတူချင်းမို့၊ ဘာသာတူချင်းမို့ မှန်မှန်
မှားမှား ထောက်ခံအားပေးတတ်တဲ့ ၀ါသနာတွေ၊ ရေငုံနှုတ်ပိတ် နေတတ်တဲ့ စိတ်ဓာတ်တွေ၊ နောက်ကွယ်က
ကျေနပ်အားရကျေနပ်နေတဲ့ အကျင့်ဆိုးတွေ၊ ကိုယ်နဲ့မဆိုင်သလို နေတတ်တဲ့ အပြုအမူတွေကို ရှောင်ရှားပြီး
အမှန်တရားပေါ်မှာ မတရားမှုတွေကို ဆန့်ကျင်ရင်း
သတ္တိရှိရှိ စည်းစည်းလုံးလုံး ရင်ဆိုင်ဖြေရှင်းကြရပါမယ်။ ဒါမှသာ အာဏာရှင်အစိုးရတွေရဲ့
သူတို့ဘက် မလှည့်အောင် ကြံစည်ထားတဲ့ အမျိုးသားရေးဝါဒ အတုအယောင် (သို့မဟုတ်) အာဏာ တည်မြဲဖို့
အတွက် နောက်ဆုံးခံတပ်ကို ဖြိုခွင်းနိုင်မှာ ဖြစ်ပါတော့တယ်။
နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ဆိုတာ
အင်မတန်အရေးကြီးလှပါတယ်။ နိုင်ငံရေးကို နိုင်ငံရေးနည်းလမ်းနဲ့သာ ဖြေရှင်းသင့်ပါတယ်။
နိုင်ငံရေးမှာ အမြတ်ထုတ်လိုတာနဲ့ လူမျိုးရေး၊ ဘာသာရေးကို ခုတုံးလုပ် အမြတ်ထုတ်ဖို့ကြိုးစားနေတာ
အင်မတန်သိက္ခာမဲ့တဲ့ နိုင်ငံရေးသမားတွေရဲ့ အတွေးအခေါ်နဲ့ လုပ်ရပ်ပါ။ နိုင်ငံရေးကို ဘာသာရေးနဲ့
တွဲရောင်းတဲ့ဈေးကွက် ဖော်ဆောင်နေတာ တိုးတက်နေတဲ့ ကမ္ဘာကြီးနဲ့ ဆန့်ကျင်ပြီး ခေတ်နောက်ပြန်ဆွဲချင်တဲ့
လူညံ့လူဖျင်းတွေ၊ အာဏာကို မသမာတဲ့နည်းလမ်းနဲ့ လက်မလွှတ်တမ်း ဆုတ်ကိုင်ထားချင်သူတွေရဲ့
အယူအဆဟောင်းတစ်ရပ်ပါ။ နိုင်ငံရေးကို နိုင်ငံရေး နည်းလမ်းနဲ့ မဖြေရှင်းဘဲ လူမျိုးရေး
ဘာသာရေး မှိုင်းတိုက်ပြီး အမြတ်ထုတ်မယ်ဆိုရင် နိုင်ငံတွင်းမှာ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့
နိုင်ငံတွင်း မတည်ငြိမ်မှုတွေကို ဖြစ်ပေါ်စေနိုင်ပါတယ်။ လူမျိုးရေး၊ ဘာသာရေးမီး တောက်လောင်ကျယ်ပြန့်လာရင်
တိုင်းပြည်လည်းသိက္ခာကျ၊ ဘာသာလည်း သိက္ခာကျရုံသာမက၊ အင်မတန် ဆိုးဝါးလှတဲ့ အထိကရုဏ်းကြီးတွေ
ဖြစ်တတ်ပါတယ်။
လူမျိုးရေး၊ ဘာသာရေးမီးဟာ ကူးစက်ပြန့်ပွားတာလွယ်သလောက်
ငြိမ်းသတ်ဖို့ ခက်ခဲပါတယ်။ သားစဉ်မြေးဆက် သန္ဓေတည်သွားနိုင်တဲ့ အန္တရာယ် အမုန်းမီးကိုဖြစ်စေပါတယ်။
တိုင်းပြည်အတွက်လည်း နစ်နာ၊ လူထုအတွက်လည်း အကျိုးမဖြစ်နိုင်တဲ့ ရလဒ်ဆိုးနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။
လူမျိုးရေး၊ ဘာသာရေး ၀ါဒမှိုင်းဟာ အလွန်ထိလွယ်ရှလွယ်ပြီး၊ သွေးခွဲသပ်လျှိုလို့ အကောင်းဆုံးလက်နက်တစ်ခုပါ။
ဒါကြောင့်လည်း ကိုယ်ကျိုးရှာနိုင်ငံရေးသမား တွေနဲ့ အာဏာရှင်ခေါင်းဆောင်တွေဟာ ဒီနည်းလမ်းကို
လက်စွဲထားကျင့်သုံး လေ့ရှိကြပါတယ်။
အာဏာရှင်တွေက သူတို့ရဲ့အာဏာတည်မြဲဖို့၊ အာဏာကို
လက်မလွှတ်ရဖို့အတွက် တိုင်းပြည်အကျိုး၊ ဘာသာအကျိုး၊ လူမျိုးမျက်နှာမထောက်ဘဲ အတိုက်အခံအင်အားစုမှန်သမျှကို
သွေးခွဲဖို့၊ ဒီမိုကရေစီကို ဗရမ်းဗတာလို့ လူထုကမြင်လာစေဖို့ နိုင်ငံသားအချင်းချင်း
သွေးခွဲ သပ်လျှိုပြီး တိုင်းပြည်တည်ငြိမ်မှု ပျက်ပြားအောင် အကြမ်းဖက်မှုတွေ ဖန်တီးနေတာသာဖြစ်တယ်။
အာဏာရှင်တွေဟာ မိမိလူမျိုးကိုချစ်လို့၊ မိမိ ဘာသာတရားကို လေးစားတန်ဖိုးထားလို့မဟုတ်ဘဲ၊
လူထုသည်းခြေကြိုက် စကားလုံးတွေ ဖြစ်တဲ့ အမျိုး ဘာသာ သာသနာတို့၊ အမျိုးသားရေးတို့၊ မျိုးစောင့်ဥပဒေတို့ဆိုတဲ့စကားလုံးတွေကို
လူပြိန်းကြိုက် တွင်တွင် သုံး ၀ါဒဖြန့်နေပေမယ့် တကယ့် လက်တွေ့မှာတော့ ဆွေမျိုးပေါက်ဖော်တွေနဲ့
အာဏာရှင် မိသားစုဝင်တွေ အကျိုးအတွက် မိမိနိုင်ငံသားတွေ၊ မိမိလူမျိုးတွေ နေထိုင်ရာဒေသတွေကနေ
ဖယ်ရှားနေတာတွေဟာ ဘာသာ သာသနာကို ထိန်းသိမ်းစောင့်ရှောက်နေတာလားဆိုတာ သံသယဖြစ်စရာပါ။
ရွှေဝါရောင်တော်လှန်ရေးနောက်ပိုင်း အနောက်ဖက်က လူလတ်ပိုင်း
အလုပ်လက်မဲ့တွေကို သင်္ကန်းခြုံပေးပြီး အနယ်နယ်အရပ်ရပ်မှာ ဘုန်းကြီးကျောင်းတွေ ဆောက်လုပ်ပေးတယ်။
ပြီးတော့ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခဖြစ်စဉ်တိုင်းမှာ အသုံးချနေတာဟာ ဗုဒ္ဓဘာသာနဲ့ သံဃာတော်
အစစ်အမှန်တွေရဲ့ ပုံရိပ်ကို ညစ်နွမ်းအောင်ဖန်တီးပြီး စစ်မှန်တဲ့သံဃာတွေကို လူထုက အမြင်လွဲအောင်၊
စစ်မှန်တဲ့သံဃာတော်တွေနဲ့ လူထုကို သွေးကွဲအောင်ဖန်တီးတယ်။
တစ်ဖက်မှာလည်း ဘာသာခြားတွေရဲ့ အထွဋ်အမြတ်ထားရာ
ဝတ်ကျောင်းတော်တွေ၊ မိဘမဲ့ ခလေးတွေရဲ့ စာသင်ကျောင်းတွေနဲ့ နေအိမ်တွေကိုဖျက်ဆီး၊ ဥစ္စာပစ္စည်းတွေကို
လုယက်၊ လူသတ် မီးရှို့စတဲ့ လုပ်ရပ်တွေမှာလည်း သင်္ကန်းခြုံပေးထားတဲ့ အနောက်သား အကြမ်းဖက်သမားတွေကို
အသုံးချပြီး ဘာသာရေး အသွင်ဆောင်အောင်၊ ဘာသာရေးပဋိပက္ခတွေ မဖြစ်ဖြစ်အောင် စီစဉ်ဖန်တီးနေတာပဲ
မဟုတ်ပါလား။
ဖေ့စ်ဘွတ်ခ်လို အွန်လိုင်းစာမျက်နှာတွေပေါ်မှာလည်း
သံဃာတော်တွေရဲ့အမည်တွေ သုံးထားပြီး သံဃာတော် အယောင်ဆောင်တွေ၊ ဗမာလူမျိုးအမည်ခံထားပေမယ့်
ဗမာ မဟုတ်တဲ့သူတွေ၊ မွတ်စလင်မ် အမည် သုံးထားပြီး မွတ်စလင်မ် အယောင်ဆောင်တွေက လူမျိုးရေး
ဘာသာရေး အမုန်း မီးပွားအောင် လှုံ့ဆော်နေကြသလို၊ လူထုခေါင်းဆောင်ကိုလည်း အမျိုးမျိုး
စော်ကား နာမည်ဖျက် သမိုင်းသေအောင် ဖန်တီးနေကြတာတွေ အများစုဟာ အာဏာရှင်တွေ၊ အာဏာကို
မသမာတဲ့ အောက်လမ်းနည်းနဲ့ ချုပ်ကိုင် ထားလိုသူတွေ၊ နိုင်ငံရဲ့စီးပွားရေးကို မိသားစုပိုင်အဖြစ်
လက်ဝါးကြီးအုပ်လိုသူတွေ၊ အာဏာရှင်ဟောင်းတွေ ရဲ့ လက်ဝေခံဒေါက်တိုင်တွေနဲ့ တိုင်းပြည်ထဲက
ဖဲ့ထွက်ပြီး တရုပ်သြဇာခံ အဖနိုင်ငံတော် ထူထောင်လိုသူ တွေသာဖြစ်တယ်။
ဒါတွေ အားလုံးက အာဏာရှင်သက်တမ်းရှည်ပြီး ဒီမိုကရေစီဖော်ဆောင်ရေးကို
အဟန့်အတား ဖြစ်စေဖို့အတွက် အမျိုး ဘာသာ သာသနာကို ခုတုံးလုပ်ပြီး ရက်ရက်စက်စက် ယုတ်မာမှုတွေပဲဆိုတာ
အသိ သတိနဲ့ ယှဉ်ပြီး မြင်အောင်ကြည့်တတ်ကြဖို့လိုသလို ဒီမိုကရေစီကိုမြတ်နိုးတဲ့၊ ယုံကြည်တဲ့၊
တန်ဖိုးထားတဲ့၊ မျှော်လင့်တဲ့ နိုင်ငံသားတိုင်း လူမျိုး ဘာသာ မခွဲခြားဘဲ စည်းလုံးညီညွတ်စွာ
အာဏာရှင် စနစ်ဆိုးနဲ့ အာဏာရှင် ဒေါက်တိုင်တွေကို ပူးပေါင်းဖယ်ရှားကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။ ။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
Friday Times News Journal (Vol:1,No.14)