Home

Monday, November 11, 2013

ပုဂ္ဂိုလ်ရေး မုန်းတီးမှုလေးတွေ လျော့ချကြဖို့

အာဏာရှင် လက်အောက်မှာ နိုင်ငံရေး ခေါင်းစဉ်က တစ်ခုတည်းရယ်။ 
ဒီမိုကရေစီ ရရှိရေး .. ပေါ့။

ရန်သူကလည်း တစ်ခုတည်းရယ်။ 
အာဏာရှင် စစ်အစိုးရပေါ့။

တော်လှန်သူတွေကတော့ ... 
အလုပ်သမားအရေး လှုပ်ရှားသူတွေ၊ လယ်သမားအရေး တက်ကြွသူတွေ၊ ကိုယ်ပိုင် စီးပွားရေး လုပ်ချင်သူတွေ၊ ကျောင်းသားအရေး လုပ်လိုသူတွေ၊ ပတ်ဝန်းကျင် ထိန်းသိန်းလိုသူတွေ၊ ကိုယ့်လူမျိုးအရေး ဆောင်ရွက်လိုသူတွေ၊ ကိုယ့်ဘာသာအရေး ဆောင်ရွက်လိုသူတွေ၊ လက်နက်ကိုင် တိုက်သူတွေ၊ ပူးပေါင်းလုပ်သင့်တယ်လို့ ယူဆသူတွေ ... စသဖြင့် ... အမျိုးမျိုးသော မတူညီသူတွေ စုပေါင်းပြီး တော်လှန်ကြတယ်။

လစ်ဘရယ်လိုက်ဇေးရှင်း (Liberalization) ဆိုတဲ့ ဖိနှိပ်မှု၊ ချုပ်ကိုင်ထားမှု တချို့ကို ဖြေလျော့တဲ့ကာလမှာ ... တဖြည်းဖြည်းနဲ့ ဖိအားတွေက နည်းလာတယ်။ အာဏာရှင်က နည်းနည်း အရောင်ပြောင်းလာတယ်။ လွတ်လပ်လာတယ်။ (စကားချပ်.... မြန်မာပြည်ဟာ ဒီမိုကရေစီ ခရီးအတွက် ဖိနှိပ်မှုကို လျော့ချတဲ့အဆင့် (Liberalization) မှာပဲ ရှိပါသေးတယ်။
ဒီမိုကရေစီ တပ်ဆင်ခြင်း (installation) အဆင့်တောင် မစရသေးပါ။)

ဒီအခါ ... ဒီမိုကရေစီ ရရှိရေး ခေါင်းစဉ်အာက်ကနေ မိမိရဲ့ မူလ ဆန္ဒတွေကို ရှာဖွေလာကြတယ်။ မိမိ လမ်းစဉ်ကို တွန်းတင်လိုလာကြတယ်။ ရန်သူ အဖြစ် မူလဘူတ "အာဏာရှင် လူတစ်စု" အပြင် ... ဒီမိုကရေစီ အတူတူ ကြွေးကြော်လာခဲ့ကြတဲ့ လူတွေထဲကနေလည်း ... အကျိုးစီးပွား၊ ယုံကြည်မှု၊ မူဝါဒ ပွတ်တိုက်မှုတွေ များလာတယ်။ နိုင်ငံရေး ပုံစံ ပြဿနာတွေ တိုးလာတယ်ပေါ့။

ဒါဟာ ဖြစ်လေ့ ဖြစ်ထ ရှိတဲ့ အခြေအနေပါပဲ။

မြန်မာတစ်နိုင်ငံတည်း ထူးပြီး ဖြစ်တာ မဟုတ်ဘဲ .. လူသား သဘာဝအရ ... အာဏာရှင် စနစ်ကနေ ... ဒီမိုကရေစီကို သွားတဲ့ နိုင်ငံတိုင်းမှာ ကြုံရတဲ့ ပြဿနာတွေဖြစ်တာကြောင့် ...
နိုင်ငံရေးမှာ တဖက်သားရဲ့ စကားနဲ့ အမြင်ကို နားထောင်မှု၊ ဒီမိုကရေစီအရေးအတွက် လမ်းတစ်ခုတည်း ရှိတာ မဟုတ်ဘဲ ... လမ်းပေါင်းစုံကနေ အတူတူ တပြိုင်နက် သွားလို့ရတယ် ဆိုတာကို တွေးထားဖို့၊ သူ့အကျိုး ကိုယ့်အကျိုး ယှဉ်လာရင် ကိုယ့်ဆန္ဒကို တစ်ခါတလေ မြိုသိပ် နောက်ဆုတ်ပေးရတာမျိုးတွေကို ကြိုတွေးထားဖို့ အထူးလိုအပ်နေတယ်ဆိုတာ ပညာရှိ သတိဖြစ်ခဲ ... မဖြစ်ရလေအောင် လက်တို့ ပါရစေ။

အယူအဆ မတူတာဟာ .. ညှိမရတဲ့ ရန်သူတွေ မဟုတ်ပါဘူး။ မတူတာကို ပေါင်းလုပ်ရတာဟာ "ဒီမိုကရေစီ" .... ပါ။ ကိုယ်ဖြစ်စေချင်တဲ့ အတိုင်း အားလုံး လိုက်လုပ်ရမယ် ဆိုရင် "အာဏာရှင်" နဲ့ ဘာထူးဦးမှာလဲ။

အာဏာရှင်ကို မနှစ်သက်တာကြောင့် ... သူတို့ လုပ်တာတွေကို ကိုယ်တိုင်က မလုပ်ဘဲ အထူးရှောင်ကျဉ်နိုင်ဖို့ လိုပါလိမ့်မယ်။

နိုင်ငံရေးမှာ မလိုအပ်ဘဲ ပုဂ္ဂိုလ်ရေး မုန်းတီးမှုလေးတွေ လျော့ချကြဖို့ ရယ်ပါ။

(ကိုထိုက်)

Credit to: Ko Htike