Home

Monday, November 11, 2013

အမေ..... ကမ္ဘာတစ်ဝှမ်းသွားနေပေမယ့်

အမေ.....
ကမ္ဘာတစ်ဝှမ်းသွားနေပေမယ့်
ရခိုင်နဲ့ ကချင်ကိုဘာလို့ မသွားနိုင်သေးတာလဲ။
မသွားနိုင်သေးလို့ပဲလား။ မသွားတာပဲလား။
အဲဒီဒေသတွေမှာ
အိုးမဲ့အိမ်မဲ့တွေ၊ ပြေးလွှားပုန်းရှောင်နေရတဲ့သူတွေ၊ 
ဒုက္ခသည်တွေ၊ စစ်ဒဏ်ခံနေရတဲ့သူတွေနဲ့ 
အနာဂတ်မရေရာဖြစ်နေရတဲ့ခလေးတွေ
ပြည့်နှက်နေတယ် အမေ။


အမေ
အရေးအခင်းကာလက စလို့
အမေ အကျဉ်းကျနေစဉ်တလျှောက်
အမေ အတိုက်အခံဘဝ
အမေကို လူထုခေါင်းဆောင်ရယ်လို့
မျှော်လင့်ကြီးစွာ အားပေး ၀န်းရံခဲ့တဲ့သူတွေပါ။
ကြားဖြတ်ရွေးကောက်ပွဲဝင်စဉ်က
အောင်နိုင်ရေးကြိုးပမ်းခဲ့တဲ့သူတွေပါ။

အမေ
တစ်နိုင်ငံလုံး အပစ်ရပ်ရေးနဲ့
ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ
အမေ့ကို ရှိနေစေချင်တာ
အမေ ကမ္ဘာတစ်ဝှမ်းပတ်လို့
နိုင်ငံရေးလုပ်နေတာပါ
လူ့အခွင့်အရေးလုပ်တာမဟုတ်ဘူးရယ်လို့
မျက်နှာလွှဲ ခဲပြစ်
ပြောရက်တယ်အမေ။

အမေ
ဘာကြောင့်များ
အဖေ့လမ်းစဉ်မလိုက်ခဲ့တာလဲ
အမေ့ကို အဖေတူသမီး ဖြစ်စေချင်ပါတယ်။
အဖေ့ခေတ်က
လူမျိုးစုံ ဘာသာစုံအကျိုး ကြိုးပမ်းခဲ့တယ်
လူမျိုးစုံ ဘာသာစုံပါတဲ့ အဖွဲ့ဖွဲ့ခဲ့တယ်
အဖေနဲ့အတူ လုပ်ကြံခံရတော့တောင်
ကရင် ခရစ်ယာန်တွေနဲ့ မုစ်လင်မ်တွေပါခဲ့သေးတယ်။
အခုတော့ ကရင် ကချင် ခရစ်ယာန် မုစ်လင်မ်တွေ
ခွဲခြားဆက်ဆံခံနေရပြီအမေ။

အမေ.....
ကမ္ဘာတစ်ဝှမ်းသွားနေရင်း
လမ်းကြုံရင်
ရခိုင်နဲ့ ကချင်ကို
တခေါက်လောက်တော့ လာခဲ့စေချင်ပါတယ် အမေ။

mmw.rasu_6.11.2013