ဒီမိုကရေစီကို ပါးစပ်အရသာခံပြောနေရုံနဲ့တောာ့
ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ် ကမ္ဘာအလည်မှာ လွယ်လွယ်ကူကူ ဖြစ်မလာနိုင်ပါဘူး။ အလုပ်တွေအများကြီး
ဒီထက်ပို လုပ်ကြရအုံးမယ်။ အများကြီးကြိုးစား ရအုံးမယ်။ အများကြီးပြင်ကြရအုံးမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့တိုင်းပြည်မှာ
အခုမှ ဒီမိုကရေစီကို ပြောင်းလဲဖို့ကြိုးစား တည်ဆောက်နေတာပါ။ ဒီမိုကရေစီ နိုင်ငံဖြစ်ဖို့အတွက်
စမ်းသပ်ကာလဖြစ်ပါတယ်။ စမ်းသပ်ကာလဆိုတာ အဆင်ပြေရင် ဆက်သွားမယ်။ အဆင်မပြေ ရင်တော့ ဘာဖြစ်လာမလဲ
မသေချာသေးတဲ့ သဘောသက်ရောက်နေပါတယ်။
ဒါကြောင့် ဒီမိုကရေစီလမ်းကြောင်းပေါ်ကနေ
သွေဖည် မသွားဖို့ဆိုတာ အားလုံးမှာ တာဝန်ကိုယ်စီရှိတယ် ဆိုတာတော့ သတိရှိစေချင်ပါတယ်။
ဒီမိုကရေစီလမ်းကြောင်းကို ဆက်လက်ပြောင်းလဲလိုတယ်၊ ဒီမိုကရေစီ ပန်းတိုင်ကို မရောက်ရောက်အောင်
တက်လှမ်းလိုတယ်ဆိုရင်တော့ ပြည်သူလူထုတစ်ရပ်လုံးက သတိဝိရိယရှိရှိ လုံ့လစိုက် ကြိုးပမ်းဆောင်ရွက်ရမှာဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်ကို ပြည်သူလူထုတစ်ရပ်လုံးက
လိုလားပြီး ရင်းနှီးမှုပေါင်း မြောက်မြားစွာပေးပြီး တောင်းဆို ခဲ့ကြလို့ပဲ ဒီမိုကရေစီစနစ်ကိုပြောင်းလဲပြီး
စတင်တည်ဆောက်နေတဲ့အချိန်ဖြစ်ပါတယ်။ အစိုးရဖက်ကလည်း
လက်ခံပြီး ဒီမိုကရေစီစနစ်ကိုပြောင်းလဲရေးမှာ အဓိကဖြစ်တဲ့ နိုင်ငံရေးပါတီတွေ ထူထောင်ခွင့်ပြုခဲ့တယ်။
ရွေးကောက်ပွဲကော်မရှင်ဖွဲ့ပေးပြီး ရွေးကောက်ပွဲတွေ ကျင်းပပေးခဲ့တယ်။ အနိုင်ရပါတီက အစိုးရဖွဲ့ပြီး
လွှတ်တော် ခေါ်ကာ လုပ်ဆောင်ရမယ့် လုပ်ငန်းစဉ်တွေအကောင်ဖော် နေတာကိုလည်း တွေ့နေရပါတယ်။
လောလောဆယ် အခြေအနေမှာတော့ ပြဿနာတွေ၊ အခက်အခဲတွေနဲ့တော့ ရင်ဆိုင်နေရတာရှိသလို၊ စမ်းသပ်မှုတွေနဲ့
ကြုံတွေ့နေရ ပါသေးတယ်။ အဟန့်အတားမဟုတ်ပေမယ့် နှောင်းနှေးစေတာတော့အမှန်ပါ။ စနစ်တစ်ခုကနေ
တစ်ခုကို ပြောင်းလဲတဲ့အခါ လွယ်လွယ်ကူကူတော့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။
ဒီမိုကရေစီခရီးကြမ်းကြီး နှင်နေကြရတဲ့
ခုလိုကာလမျိုးမှာ စိတ်ရှည်သည်းခံမှု၊ အမြော်အမြင်၊ စည်းလုံး ညီညွတ်မှု၊ ဇွဲလုံ့လ ဝီရိယ
စတာတွေ အထူးတလည် လိုအပ်ပါတယ်။ ကျွန်တော်တို့ဟာ အခု ဒီမိုကရေစီ နိုင်ငံဘဝ ရောက်သေးတာ
မဟုတ်ပါဘူး။ အာဏာရှင်စနစ် အပြီးတိုင်ချုပ်ငြိမ်းသွားပြီလို့ ပြောလို့ရသေးတဲ့အချိန်
မရောက်သေးပါဘူး။ ဒီမိုကရေစီစနစ်နဲ့ လိုက်လျော ညီထွေရှိမယ့် အခြေခံကောင်းတွေရရှိဖို့
ရှာဖွေကြိုးပမ်းနေဆဲ ကာလ၊ အပြောင်းအလဲရဲ့အစမှာပဲ ရှိပါသေးတယ်။ လက်ရှိ အနေအထားကို ရရှိရောက်ရှိလာအောင်
မချိမဆန့် စတေးခဲ့ ပေးဆပ်ခဲ့ရတာ ဖြစ်ပါတယ်။
အလွယ်တကူရလာတဲ့ အနေအထားတော့ မဟုတ်ပါဘူး။
အခုမှ မျှော်လင့်ချက် ရောင်ခြည်လေး တစ်စွန်းတစ်စ မြင်ရမယ် ကြံရုံရှိသေးတယ်။ တိုင်းပြည်ကို
ပြန်လည်ထူထောင်တဲ့ အလုပ်ကို ပီပီပြင်ပြင်တောင် မလုပ်နိုင်သေးပါဘူး။ အပြင်းအထန် ရုန်းကန်ရဦးမယ့်
အခက်အခဲတွေဟာ ရှေ့မှာအမြောက်အများ ရှိနေသေးတယ်ဆိုတာ အားလုံးသတိပြုပြီး မိမိတို့ တတ်စွမ်းသမျှ
လူတိုင်းက ပါဝင်ဆောင်ရွက်ကြရမယ့် သမိုင်းပေးတာဝန် ရှိပါတယ်။ မျက်ဖြူဆိုက်လေ ဆရာကြိုက်လေဆိုတဲ့
အခြေအနေမျိုးကို ဖန်တီးမပေးမိဖို့ အထူး လိုအပ်နေတဲ့အချိန်ဖြစ်ပါတယ်။
ဒီနေရာမှာ နိုင်ငံရေးပါတီတစ်ချို့အပါအ၀င်နိုင်ငံရေးသမားတချို့နဲ့ပတ်သက်ပြီး
ကျွန်တော်ရဲ့အမြင်ကို တင်ပြလိုပါတယ်။ လူမျိုးစုတွေကို ကိုယ်စားပြုထားတဲ့နိုင်ငံရေးပါတီတစ်ချို့မှာ
လူမျိုးစွဲ ဘာသာစွဲပြင်းထန်တဲ့ နိုင်ငံရေးသမားတစ်ချို့ကြောင့် လူမျိုးရေး၊ဘာသာရေးပဋိပက္ခတွေနဲ့
ရင်ဆိုင်နေရတာတွေဟာ ဒီမိုကရေစီ ဖော်ဆောင်ရေးကို နှောင့်နှေးစေပါတယ်။ ဘယ်နိုင်ငံရေးပါတီပဲ ဖြစ်ဖြစ်
လူထုထောက်ခံမှုကို ရိုးရိုးသားသား ရယူနိုင်အောင်ကြိုးစားသင့်ပါတယ်။
မိမိတို့လူမျိုးစု
ထောက်ခံရင်ပြီးရောဆိုပြီး လူမျိုးစုစိတ်ကြိုက်စကားလုံးတွေသုံးပြီး၊ လူမျိုးစုတွေကို
မမှန်ကန်တဲ့ အတွေးအခေါ်တွေ၊ မျှော်လင့်ချက်တွေပေးပြီး စည်းရုံးတာတွေ မလုပ်သင့်ပါဘူး။
အမျိုး၊ ဘာသာ၊ သာသနာ ဆိုတဲ့စကားလုံးလှလှတွေသုံးပြီး လူမျိုးစုနဲ့ လူထုတစ်ရပ်လုံးကို
သွေးခွဲသပ်လျှိုတာတွေ မလုပ်သင့်ပါဘူး။ မျက်ကန်းအစွန်းရောက်မျိုးချစ်ဝါဒတွေနဲ့ မှိုင်းမတိုက်သင့်ဘူး။
လူမျိုးစုအချင်းချင်းကြား ပဋိပက္ခတွေဖြစ်အောင် လူမျိုးစုတွေကို အသုံးမချသင့်ပါဘူး။
ဒီမိုကရေစီဆိုတာ
ကိုယ်ပါတီကိုထောက်ခံဖို့၊ ကိုယ့်ကိုထောက်ခံဖို့လုပ်တာမှန်ပေမဲ့ တစ်ခြားပါတီကို တစ်ခြား
လူမျိုးစုတွေကို မထောက်ခံအောင်လုပ်တဲ့ စနစ်မျိုးမဟုတ်ပါဘူး။ တစ်ခြားပါတီကို တစ်ခြားလူမျိုးစုတွေကို
နိမ့်ကျအောင် လုပ်တဲ့စနစ်မျိုး မဟုတ်ပါဘူး။ မိမိပါတီ၊ မိမိလူမျိုးစုပဲ အသာစီးယူချင်လို့
မရပါဘူး၊
ဒီမိုကရေစီမှာ လွတ်လပ်စွာ ကွဲလွဲခွင့်တွေရှိတယ်။
လွတ်လပ်စွာ ငြင်းခုံခွင့်တွေရှိတယ်။ ဒီမိုကရေစီနဲ့ သဟဇာတ ဖြစ်ချင်တယ်ဆိုရင်တော့ ဒေသစွဲ၊
လူမျိုးစွဲ၊ ပါတီစွဲ၊ အုပ်စုစွဲ၊ ဆန္ဒစွဲတွေဖယ်ပြီး အမျိုးသား စည်းလုံး ညီညွတ်ရေးကို
တည်ဆောက်ရမယ်။ ဒီမိုကရေစီနဲ့မကိုက်ညီတဲ့ အတွေးအခေါ်၊ အယူအဆ၊ ယုံကြည်ချက်တွေ ပြုပြင်ရမယ်။
နိုင်ငံရေးသမားမှန်ရင်
မိမိလူမျိုးစုအကျိုးကိုရော၊ ပြည်သူလူထုတစ်ရပ်လုံးရဲ့အကျိုးကိုရော ကြည့်ရပါမယ်။ ပြည်သူလူထူထုတစ်ရပ်လုံးကို
ချစ်ရပါမယ်။ လေးစားရပါမယ်။ အလုပ်အကျွေးပြုနိုင်ရပါမယ်။ မိမိရဲ့ကိုယ်ကျိုး စီးပွားကို
စွန့်လွှတ်ပြီး ပြည်သူလူထုတစ်ရပ်လုံးအကျိုးကို လုပ်နိုင်မှာသာ နိုင်ငံရေးသမား ပီသပါလိမ့်မယ်။
ဒီမိုကရေစီစနစ်မှာ နိုင်ငံရေးဆိုတာ ပရဟိတအလုပ်ပါပဲ။
တိုင်းပြည်နဲ့ပြည်သူလူထု
တစ်ရပ်လုံးကိုချစ်မြတ်နိုးတဲ့၊ တိုင်းပြည်နဲ့ပြည်သူလူထု အကျိုးကိုလိုလားတဲ့ နိုင်ငံရေးပါတီတိုင်း၊
နိုင်ငံရေးသမားတိုင်းက လက်တွေ့မကျ၊ ခေတ်နောက်ကျတဲ့အတွေးအခေါ်၊ အယူအဆ၊ ကျဉ်းမြောင်းတဲ့
ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲတွေနဲ့လုပ်နေမယ့်အစား မိမိတို့ကိုယ်မိမိတို့ ဆင်ခြင်ပြီး၊
မိမိတို့ကိုယ် မိမိတို့ ပြုပြင်ပြောင်းလဲဖို့ အချိန်ရောက်ပါပြီ။ လူမျိုးရေး ဘာသာရေးအစွန်းမရောက် စေဘဲ၊
လူမျိုးရေး ဘာသာရေး စွက်ဖက်မှုကင်းတဲ့ လူမှုအဖွဲ့အစည်းဖြစ်အောင်ကြိုးစားကြဖို့ လိုပါတယ်။
လူမျိုးရေး ဘာသာရေးစွက်ဖက်မှုကင်းတဲ့ နိုင်ငံရေးဖြစ်အောင် ကြိုးစားကြဖို့ လိုပါတယ်။
တိုင်းပြည်တည်တည်ငြိမ်ငြိမ်နဲ့
ဒီမိုကရေစီစနစ်ထွန်းကားပြီး နောက်ပြန်မလှည့်စေလိုတဲ့ဆန္ဒရှိတယ် ဆိုရင်၊ ပြည်သူလူထုဘဝ
မြင့်မားပြီး လူ့အခွင့်အရေးအပြည့်အ၀ရစေလိုတဲ့ ဆန္ဒရှိတယ်ဆိုရင် လူမျိုးစုတွေ ကို အသုံးချပြီး
ပဋိပက္ခဖြစ်အောင်ဖန်တီးတာ၊ လူမျိုးစုတွေကိုမုန်းတီးတာ၊ လူမျိုးစုတွေကိုစော်ကားတာ၊ လူမျိုးစုတွေကို
နှိပ်ကွပ်တာ၊ လူမျိုးစုတွေကို အထင်သေးတာတွေကို ရှောင်ရှားရမှာဖြစ်ပါတယ်။
ဒါမှသာ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးဘက်ဆီကို
ဦးလှည့်တဲ့ အပြောင်းအလဲတွေ ဖြစ်စေမှာ သေချာပါတယ်။ နိုင်ငံရေးပါတီတိုင်း၊ နိုင်ငံရေးသမားတိုင်း၊
လူမျိုးစုတိုင်း၊ နိုင်ငံသားတိုင်းနဲ့ ပြည်သူလူထု တစ်ရပ်လုံးက လူ့အဖွဲ့အစည်း စိတ်ဓာတ်တွေ
ထွန်းကားစေဖို့၊ ဒီမိုကရေစီကျင့်စဉ်တွေကို အဆင့်မီမီ ကျင်ကြံနိုင်တဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့
ခေတ်ဟောင်း စနစ်ဟောင်းက အကျင့်ဆိုး၊ စရိုက်ဆိုး၊ ဥာဉ်ဆိုး၊ အယူအဆဆိုးတွေကို စွန့်လွှတ်ပြီး
မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရောက်အောင် စည်းစည်းလုံးလုံး ကြိုးပမ်းကြပါဖို့ အရေးကြီးပါတယ်။
မိမိတို့တိုင်းပြည်နဲ့လူထုအတွက်
တိုးတက်ရာ တိုးတက်ကြောင်း၊ အောင်မြင်ရာ အောင်မြင်ကြောင်း၊ ကောင်းမွန်ရာ ကောင်းမွန်ကြောင်း
ကြိုးစားနေတာပါလို့ ပါးစပ်က သံကုန်ဟစ်နေပြီး မိမိတို့ကိုယ်တိုင် ကျတော့ စိတ်ဓာတ်က အနိမ့်ဆုံးအဆင့်၊
အတွေးအခေါ်က အောက်တန်းကျ၊ အယူအဆက အစွန်းရောက်၊ လုပ်ရပ်က အကြမ်းဖက်၊ ပဋိပက္ခဖန်တီး၊ ကျင့်ကြံမှုက
အာဏာရှင်ဝါဒ လက်ကိုင်ထားပြီး မိမိတို့ ရာထူးတည်မြဲဖို့၊ မိမိတို့ ပါတီအနိုင်ရဖို့၊
မိမိတို့အဖွဲ့အစည်းအသာစီးရဖို့ မိမိတို့ ကိုယ်ကျိုးအတွက် အာဏာတည်မြဲရေး ရှေ့တန်းတင်ပြီး
အောက်လမ်းနည်း၊ မသမာတဲ့နည်းတွေနဲ့ လူထုကို ၀ါဒမှိုင်းတိုက် သွေးခွဲ၊ ရန်တိုက် တိုင်းပြည်
မငြိမ်သက်၊ ချောက်ထဲကျအောင် အကြံအဖန်လုပ်နေကြမယ်ဆိုရင် မိမိတို့တိုင်းပြည်နဲ့လူထုအတွက်
ဘယ်လိုလုပ်ပြီး တိုးတက်မှာလဲ၊ ဘယ်လိုလုပ်ပြီး အောင်မြင်မှာလဲ၊ ဘယ်လိုလုပ်ပြီး ကောင်းမွန်မှာလဲ၊
ဘယ်လိုလုပ်ပြီး တည်ငြိမ်မှာလဲ၊ ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းမှာလဲ။
နိုင်ငံသား၊ တိုင်ရင်းသား လူ့အဖွဲ့အစည်းတွေနဲ့
ဘယ်လိုလုပ်ပြီး သဟဇာတဖြစ်မှာလဲ၊ ဘယ်လိုလုပ်ပြီး အမျိုးသားရင်ကြားစေ့ရေး တည်ဆောက်မှာလဲ၊
ဘယ်လိုလုပ်ပြီး ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှာလဲ၊ ဘယ်လိုလုပ်ပြီး ပြည်ထောင်စု စနစ်ဖော်ဆောင်န်ုမှာလဲ၊
ဘယ်လိုလုပ်ပြီး ဒီမိုကရေစီလူ့ဘောင်ထူထောင်နိုင်မှာလဲ၊ ဘယ်လိုလုပ်ပြီး တည်တံ့ တည်ငြိမ်
ငြိမ်းချမ်းတဲ့ နိုင်ငံတော်ကိုတည်ဆောက်မှာလဲ။
အဆိုးဆုံးကတော့ မိမိတို့နိုင်ငံမှာ
မိမိတို့နဲ့ အတူတကွ ရှေးပဝေသဏီကတည်းက ဓားမဦးချ နေထိုင်ခဲ့ကြတဲ့ နိုင်ငံသား၊ တိုင်ရင်းသား
လူ့အဖွဲ့အစည်း တွေကို အနှောင့်အယှက်ပေးနေခြင်းပါပဲ။ ဒါဟာ တိုင်းပြည်တည်ငြိမ်မှု၊ အေးချမ်းမှုနဲ့
ဥပဒေစိုးမိုးမှုတွေကို အရုပ်ဆိုးအကျည်းတန်စေပါတယ်။ တိုင်းပြည်ရဲ့အင်အားတွေကို ထိခိုက်စေ
ပါတယ်။ တကယ်တော့ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေကို တိုင်းပြည်ရဲ့အင်အား၊ လူ့အရင်းအမြစ်တွေ
အဖြစ် အသုံးချပြီး တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေး၊ ဒီမိုကရေစီပြောင်းလဲဖော်ဆောင်ရေးမှာ
လက်တွဲပြီး ပူးပေါင်းဆောင်ရွက် ရမှာ ဖြစ်ပါတယ်။
ဒီမိုကရေစီဆိုတာ အများသဘောတူတာကို
လက်ခံကျင့်သုံးရတဲ့စနစ်ပါ။ ဒါပေမယ့်လူနည်းစုရဲ့ သဘောထား ဆန္ဒတွေကို လေးစားအသိအမှတ်ပြုရတဲ့စနစ်လည်းဖြစ်ပါတယ်။
အများစုသဘောတူတာကို အနည်းစုက ကြိုက်ကြိုက်၊ မကြိုက်ကြိုက် လိုက်နာဆောင်ရွက်ရတဲ့စနစ်ကို
ဒီမိုကရေစီစနစ်လို့ ခေါ်ပါတယ်။
လူတွေအားလုံးကြိုက်တဲ့ နိုင်ငံရေးခေါင်းဆောင်ဆိုတာလည်း
မရှိနိုင်ပါဘူး။ အကြိုက်တွေ မတူတာ ဒီမိုကရေစီပါ။ တစ်ယောက်ထဲကိုသာ ကြိုက်ရမယ်။ ကိုယ်ကြိုက်တာကိုပဲ
အားလုံးဝိုင်းကြိုက်ရမယ်ဆိုရင် ဒါဟာ အတ္တလွန်ကဲမှု ဒါမှမဟုတ် အာဏာရှင်စနစ်ရဲ့ ကျင့်ထုံးသာ
ဖြစ်ပါလိမ့်မယ်။ ဒီမိုကရေစီနဲ့ အမြန်ဆုံး နီးအောင် နိုင်ငံသားတွေအနေနဲ့ အမြင်ကျယ်ကျယ်
လေးလေးနက်နက် စဉ်းစားပြီး အများအကျိုးကို အမှန်တစ်ကယ် လိုလားတဲ့ခေါင်းဆောင်ရဲ့ ဦးဆောင်မှုအောက်မှာ
သွေးမကွဲဘဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲ ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်ပါတယ်
။ ခေါင်းဆောင်ကောင်းဆိုတာ သိပ်ပေါပေါများများ မရှိတဲ့ခေတ်ကာလမှာ တိုင်းပြည်နဲ့လူထုအကျိုးကို
အမှန်တစ်ကယ်လိုလားတဲ့ ခေါင်းဆောင်ကို လေးစားတန်ဖိုးထား ရွေးချယ်ကြဖို့ အချိန်ကျရောက်နေပါပြီ
။
ငါနဲ့ လူမျိုးမတူရင်၊ ဘာသာမတူရင်၊
အုပ်စုမတူရင်၊ ယုံကြည်ချက်မတူရင်၊ အတွေးအခေါ်မတူရင်၊ အယူအဆနဲ့ ခံယူချက် မတူရင် ငါ့ရန်သူလို့
သဘောထားနေသမျှ ဒီမိုကရေစီနဲ့ ဆန့်ကျင်ပြီး အလှမ်းဝေး နေအုံးမှာပါပဲ။ မတူညီတဲ့ သဘောထားတွေကို
လက်ခံဖို့အတွက် လူထုတစ်ရပ်လုံးက အဆင်သင့်ဖြစ်ကြပြီး လူမျိုးရေး၊ ဘာသာရေးစွက်ဖက်မှုကင်းတဲ့
နိုင်ငံရေးကို အကောင်အထည် ဖော်နိုင်ပြီဆိုရင်တော့ ကျွန်တော်တို့ နိုင်ငံဟာ ဒီမိုကရေစီနိုင်ငံတစ်ခုအဖြစ်
ကမ္ဘာအလည်မှာ မုချမလွဲမသွေ ပေါ်ထွန်းလာမှာဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
Friday Times News Journal ( Vol:1, No.16)