ကျွန်တော်တို့တိုင်းပြည်ကို
လာမယ့်အနာဂတ်မှာ စစ်မှန်တဲ့ဒီမိုကရေစီစနစ်တစ်ရပ် ဖော်ဆောင်လိုတယ် ဆိုရင်၊ အေးချမ်းသာယာပြီး
ဖွံ့ဖြိုးတိုးတက်တဲ့နိုင်ငံတစ်ခုအဖြစ် ကမ္ဘာအလည်မှာ ထည်ထည်ဝါ၀ါနဲ့ ပေါ်ထွန်းလာစေ ချင်တယ်ဆိုရင်၊
အာဏာရှင်စနစ်နဲ့ အာဏာရှင်စနစ်ရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေနဲ့ အာဏာရှင်စနစ်ရဲ့ ဒေါက်တိုင်ဥပဒေတွေကို
ပြုပြင်ပြောင်းလဲပြီး၊ နိုင်ငံတွင်းမှာ မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားတွေအားလုံးအပေါ်
ထားတဲ့ သဘောထားအမြင်တွေ ပြောင်းလဲဖို့လိုအပ်ပါတယ်။
စစ်မှန်တဲ့ဒီမိုကရေစီဆိုရင် ဥပဒေစိုးမိုးရေးရှိရမှာ ဖြစ်တဲ့အပြင် လူတိုင်းရဲ့မွေးရာပါ
အခွင့်အရေးဖြစ်တဲ့ လူ့အခွင့်အရေးကို အရေးထားလေးစားရပါမယ်။ လူ့အခွင့်အရေးကို အလွယ်ဆုံးပြောရရင်တော့
ဥပဒေတစ်ခုတည်း အောက်မှာ လူသားအားလုံးတန်းတူ အခွင့်အရေးရဖို့ပဲဖြစ်တယ်။ ကမ္ဘာအဆင့်မီ
နိုင်ငံရေးသမားတွေ၊ ဒီမိုကရေစီရဲ့ ဘက်တော်သားတွေကတော့ လူ့အခွင့်အရေးကိုရှေ့တန်းတင်ပြီး
လူမျိုးမရွေး ဘာသာမရွေး တန်းတူအခွင့်အရေး ဆိုတဲ့မူကို လက်ကိုင်ထားကြတယ်။ ဥပဒေစိုမိုးရေး
စကားတွေကိုသာ တွင်တွင်ပြောလာကြတယ်။
လူအခွင့်အရေးလို့ ဆိုလိုက်တာနဲ့ နိုင်ငံသားအခွင့်အရေး
ဆိုတာ မဖြစ်မနေပါဝင်လာပါတယ်။ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးကို ဘယ်လူမျိုးပဲဖြစ်ဖြစ်
တန်းတူ အခွင့်အရေးပေးရမယ် ဆိုတဲ့အချက်ဟာ အဓိကအရေးပါလာ ပါတော့တယ်။
ဘယ်တိုင်းပြည်မှာပဲဖြစ်ဖြစ်၊ ဘယ်အစိုးရကပဲဖြစ်ဖြစ် ကိုယ့်သဘောနဲ့ကိုယ်
လူ့အခွင့်အရေး စံနှုန်းတွေ သတ်မှတ်လို့၊ ပြင်ဆင်လို့၊ ပယ်ဖျက်လို့မရပါဘူး။ လူ့အခွင့်အရေးအကြောင်းပြပြီး
တိုင်းပြည်တစ်ခုကို လွှမ်းမိုးလို့ လည်း မရပါဘူး။ လူ့အခွင့်အရေးဆိုတာ ကျူးကျော်စစ်မဟုတ်ပါဘူး။
လူ့အခွင့်အရေးမှာ နယ်ခြားစည်းမျဉ်းတွေမရှိပါဘူး။ ဘယ်အရပ်ဒေသမှာနေတဲ့ လူအတွက်ပဲဖြစ်ဖြစ်
ရသင့်ရထိုက်တဲ့ လူသားတိုင်းရဲ့ မွေးရာပါအခွင့်အရေး တွေ ရရှိကြဖို့ပဲဖြစ်တယ်။ အစိုးရတွေက
ကြိုးကိုင်ချယ်လှယ်လို့ရတဲ့ ကိစ္စလည်းမဟုတ်ပါဘူး။ ဒီမိုကရေစီစံနှုန်းတွေနဲ့ အတူ လူ့အခွင့်အရေးဆိုင်ရာ
စံနှုန်းတွေဟာ လူမျိုး၊ ဘာသာ၊ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု၊ အသားအရောင်၊ နယ်မြေ ဒေသ၊ ကိုးကွယ်ယုံကြည်မှုဆိုတဲ့
နယ်ပယ်တွေနဲ့ကင်းလွတ်ပြီး လူသားတိုင်းမှာ ရှိသင့်တဲ့၊ ရသင့်တဲ့၊ ရပိုင်ခွင့်တွေ ဖြစ်ပါတယ်။
ဒီမိုကရေစီစနစ်ကို
ဖော်ဆောင်မယ်ဆိုရင် လူ့အခွင့်အရေးကို ယုံကြည်ရပါမယ်။ လေးစားလိုက်နာရပါမယ်။ အမျိုး ဘာသာ
သာသနာကို ထိန်းသိမ်း စောင့်ရှောက်တာက တစ်ပိုင်းပါ။ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်း
စောင့်ရှောက်ရေးကိုလည်း လုပ်ကိုလုပ်ရမှာဖြစ်တယ်။ အမျိုး ဘာသာ သာသနာ ထိန်းသိမ်းဖို့အတွက်
လူ့အခွင့် အရေး မလိုဘူးဆိုတာတော့ မဟုတ်ပါဘူး။ ဒီလိုပြောရင် အဲဒီနိုင်ငံ အဲဒီ လူထုဟာနိုင်ငံတကာအဆင့်မမီတဲ့၊ အဆင့်မြင့်မြင့် တွေးခေါ်မြော်မြင်နိုင်စွမ်းမရှိတဲ့ အနေအထားကို
ရောက်သွားပါလိမ့်မယ်။ အခြေခံ ဒီမိုကရေစီ အခွင့်အရေးတွေကို လူထုက အပြည့်အဝခံစားခွင့်ရှိရမှာဖြစ်သလို
အခြေခံလူ့အခွင့်အရေးတွေကိုလည်း လူထုက အပြည့်အဝခံစားခွင့်ရှိရမှာဖြစ်တယ်။
ဒါပေမယ့် ကျွန်တော်တို့တိုင်းပြည်မှာတော့ လူအခွင့်အရေးထက် အမျိုးသားရေးဦးစားပေးရမယ်
ဆိုတဲ့ အသံတွေဆူညံလာတာတွေ့နေရပါတယ်။ ဒီမိုကရေစီကိုပြောင်းလဲဖော်ဆောင်နေပါတယ်လို့ တစ်ဖက်က
အသံကောင်းဟစ်ထားသလို အာဏာကိုလက်လွှတ်ရမှာစိုးရိမ်နေကြတဲ့ အာဏာရှင်တို့နဲ့ မိမိတို့ကိုယ်ကျိုးစီးပွား
အတွက် တိုင်းပြည်ဘဏ္ဍာထိုင်ဖြုံး၊ တိုင်းပြည်ကိုအဆင်းရဲဆုံးအဆင့်ရောက်အောင် ပို့ပြီး၊
မိမိတို့သာလက်ဝါးကြီးအုပ် လိုသူတွေရဲ့ ပြည်သူလူထုအပေါ် အာရုံလွှဲထားခြင်းတစ်မျိုးပါပဲ။
နိုင်ငံရေးနားမလည်တဲ့ ရိုးသားတဲ့ပြည်သူတွေရဲ့ အရိုးစွဲနေတဲ့ဘာသာရေးကိုခုတုံးလုပ်ပြီး
အမျိုးသားရေးဆိုတာနဲ့ ရူးသွပ်စေလိုက်တာပါပဲ။ အာဏာရှင်ဝါဒ၊ အာဏာရှင်စနစ်ဆီ ပြန်လှည့်လိုသူတွေရဲ့အကြံအစည်နဲ့
အမျိုးသားရေးဝါဒအလံ လွှင့်ထူလာကြတာဖြစ်တယ်။
အမျိုးသားရေးဝါဒဆိုတဲ့နေရာမှာ ကောင်းမွန်တဲ့အမျိုးသားရေးဝါဒရှိသလို
မကောင်းတဲ့၊ အစွန်းရောက်တဲ့ အမျိုးသားရေးဝါဒဆိုတာလည်းရှိတယ်။ အမျိုးသားရေးဝါဒလို့ဆိုလိုက်တာနဲ့
တိုင်းပြည်ရဲ့ ကောင်းကျိုးကို အမှန်တကယ် ဖော်ဆောင်ပေးမယ့် အမျိုးသားရေးဝါဒရှိသလို တိုင်းပြည်ကို
အဆိုးဆုံး အခြေအနေတစ်ခုဆီ တွန်းပို့ပြီး ချောက်ထဲကျအောင်ဖန်တီးနိုင်တဲ့ အစွန်းရောက်အမျိုးသားရေးဝါဒ
ဆိုတာလည်း ရှိတယ်။
ကျွန်တော်တို့တိုင်းပြည်မှာ သွတ်သွင်းမှိုင်းတိုက်ခြင်းခံနေရတဲ့
အမျိုးသားရေးဝါဒရဲ့ လက္ခဏာတွေကို လေ့လာကြည့်ရင် အစွန်းရောက်အမျိုးသားရေးဝါဒဆီ ဦးတည်နေတယ်လို့ဆိုရမှာ
ဖြစ်ပါတယ်။ တိုင်းပြည်တွင်းမှာ ပေါ်ပေါက်ခဲ့တဲ့ လူမျိုးရေးပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ၊
ဘာသာရေးနှိမ်ချ စော်ကားမှုတွေ၊ အမျိုး ဘာသာ သာသနာဆိုပြီး အမုန်းတရားဖြန့်ချိသွေးခွဲနေမှုတွေနဲ့
မျိုးစောင့်ဥပဒေ ဆိုတာတွေဟာ ယဉ်ကျေးမှုနဲ့သက်ဆိုင်တဲ့ အမျိုးသားရေးဝါဒလို့ ဆိုနိုင်ပါတယ်။
မိမိတို့နဲ့ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ထုံးတမ်းစဉ်လာမတူတဲ့ လူနည်းစု အဖွဲ့အစည်းတွေကို
ပစ်မှတ်ထားဆန့်ကျင်နေတာကို တွေ့ရမှာဖြစ်တယ်။ ဒါဟာ ယဉ်ကျေးမှုနဲ့ဆိုင်တဲ့ အမျိုးသားရေးဝါဒ
တစ်နည်းအားဖြင့်တော့ အစွန်းရောက်အမျိုးသားရေးဝါဒလို့ သတ်မှတ်လို့ရတဲ့အချက်ဖြစ်တယ်။
ဘာကြောင့်လည်းဆိုရင် အဲဒီလုပ်ရပ်တွေဟာ တိုင်းပြည်အတွက် ကောင်းကျိုးမပြုနိုင်တဲ့အပြင်
တိုင်းပြည်တည်ငြိမ် အေးချမ်းမှုကို အနှောက်အယှက်အဟန့်အတားဖြစ်စေတဲ့အတွက်ဖြစ်တယ်။
ဖြစ်ပေါ်ခဲ့တဲ့အကြမ်းဖက်မှုတွေကိုကြည့်ရင် တရားဥပဒေစိုးမိုးမှုမရှိတဲ့အပြင်
နိုင်ငံသား အခွင့်အရေးကို ချိုးဖောက်ရုံသာမက
မိမိတိုင်းပြည်တွင်းမှာ ခေတ်အဆက်ဆက် နေထိုင်လာခဲ့ကြတဲ့ နိုင်ငံသားအချင်းချင်းတွေ ဖြစ်နေလင့်ကစား
လုံခြုံမှုလည်းမပေးနိုင်ခဲ့ဘူး။ လူများစုလူ့အဖွဲ့အစည်းဝင်တွေဘက်က လူနည်းစုလူ့အဖွဲ့အစည်း
ဝင်တွေကို တရားဥပဒေမဲ့ ကျူးလွန်တဲ့ အကြမ်းဖက်လုပ်ရပ်တွေဆိုတာ ကမ္ဘာသိဖြစ်ပေမယ့် တရားဥပဒေဘက်က
အကာအကွယ် ပေးခြင်း မရှိခဲ့ဘူး။ လူများစုလူ့အဖွဲ့အစည်းဝင်တွေဘက်က ဒီမိုကရေစီလိုလားသူတွေလို့
ဆိုသော်လည်း ကူညီဖြေရှင်းပေးခြင်းမရှိတဲ့အပြင် ဟန့်တားမှုလည်း မရှိခဲ့ကြဘူး။ ဒီလို လူမျိုးရေး၊
ဘာသာရေး ခွဲခြားပြီး အကြမ်းဖက်မှုလုပ်ရပ်တွေဟာ ဘယ်လိုမှ ကောင်းမွန်တဲ့အမျိုးသားရေးဝါဒလို့
မဆိုနိုင်ပါဘူး။ ဒါဟာ အစွန်းရောက်အမျိုးသားရေးဝါဒသာလျှင် ဖြစ်တယ်။
ကျွန်တော်တို့နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ လူမျိုးရေး၊ ဘာသာရေးအခြေခံမုန်းတီးမှု၊
အကြမ်းဖက်မှု၊ သတ်ဖြတ်မှု၊ မီးလောင်တိုက်သွင်းမှုတွေနဲ့ အမုန်းတရားဝါဒဖြန့် ဟောပြောနေမှု၊
ရေးသားနေမှုတွေဟာ အစွန်းရောက် အမျိုးသားရေးဝါဒရဲ့ လုပ်ရပ်တွေသာဖြစ်တယ်။ အစွန်းရောက်အမျိုးသားရေးဝါဒဟာ
လူထုကို စည်းရုံးရတာ လွယ်ကူတယ်။ ယဉ်ကျေးပါတယ်ဆိုတဲ့
လူတန်းစားတွေ၊ ပညာတတ်ပါတယ်ဆိုတဲ့ လူတန်းစားတွေတောင် အစွန်းရောက်အမျိုးသားရေးဝါဒနဲ့တွေ့ရင်
သူတို့ရဲ့စိတ်ထဲမှာကိန်းအောင်းနေတဲ့ အတ္တစွဲတွေကြောင့် လူမျိုးခြား၊ ဘာသာခြားတွေအပေါ်မှာ
လူ့အသိ၊ လူ့အမြင်တွေကွယ်ပျောက်ပြီး သူတို့နဲ့ အဆင့်အတန်းမတူသူတွေ၊ နိမ့်ကျသူတွေလို့
သတ်မှတ်လိုက်ကြတော့တယ်။ အဆိုးဆုံးကတော့ မုန်းတီးစိတ်နဲ့ သံသယစိတ်တွေ တိုးပွားလာပြီး
ရန်သူတွေလို မြင်တတ်လာကြတော့တယ်။ ၀ါဒမှိုင်းတိုက်သူတွေရဲ့သွေးခွဲစကား၊ အမုန်းစကားတွေကို
ခွဲခြမ်းစိတ်ဖြာ စဉ်းစားတွေးခေါ်မှု မရှိကြတော့ဘဲ၊ ငါ့လူမျိုးမှ ငါ့လူမျိုး၊ ငါ့ဘာသာမှ
ငါ့ဘာသာဆိုတဲ့အစွဲတွေနဲ့ အပြီးတိုင် ယုံကြည် လိုက်တော့တယ်။ အမုန်းတရားတွေနဲ့ သံသယတွေ၊
အာဃာတတွေ ဘယ်တော့မှ အဆုံးမသတ် နိုင်တော့ဘဲ၊ မသိလိုက်မသိဖာသာ ရေငုံနှုတ်ပိတ်နေလိုက်တော့တာပါပဲ။
ဒီမိုကရေစီအရေးတွေ၊
လူ့အခွင့်အရေးတွေထက် အမျိုးသားရေးဦးစားပေးရမယ်ဆိုတဲ့ ၀ါဒမှိုင်းတွေ မိလာကြပြီး ဒီမိုကရေစီ
လိုလားသူတွေ၊ ဒီမိုကရက်တစ်တွေ၊ ဒီမိုကရေစီခေါင်းဆောင်တွေကိုပါ အပြစ်မြင်လာပြီး၊ ၀ါဒမှိုင်း
တိုက်သူတွေရဲ့လှည့်ကွက်တွေကြား ရောက်မှန်းမသိ ရောက်ကုန်ကြတော့တာပါပဲ။ ခေတ်အဆက်ဆက် မအောင်မြင်ခဲ့၊
အကောင်အထည်ဖော်လို့မရခဲ့တဲ့ အမျိုးသားရေးကို
အသက်သွင်းနေခြင်းဟာ အမျိုးသားရေးဝါဒ သူငယ်နာ မစင်ကြသေးတာလားလို့ မေးရမလိုဖြစ်နေပါတော့တယ်။
ဒီမိုကရေစီလိုလားသူတွေ၊ ဒီမိုကရက်တစ်တွေကတော့
ဒီမိုကရေစီကို နားလည်တယ်၊ ယုံကြည်တယ်၊ ဒီမိုကရေကရေစီကို တန်ဖိုးထားတယ်။ ဒီမိုကရေစီရဲ့ကျင့်စဉ်တွေဖြစ်တဲ့
တရားဥပဒေ စိုးမိုးခြင်း၊ လွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းနဲ့ တန်းတူအခွင့်အရေးရရှိခြင်းဆိုတဲ့
ဒီမိုကရေစီစံနှုန်းတွေ အပေါ်မှာ လက်ကိုင်ထားကြတယ်။ ဒီမူတွေအတိုင်း လျှောက်လှမ်းနေကြတယ်။
လူသားတိုင်းကို လူဆိုတဲ့ အမြင်နဲ့ပဲ တန်းတူကြည့်တယ်၊ တန်းတူမြင်တယ်၊ တန်းတူသဘောထားတယ်။
လူမျိုး ဘာသာ ကိုးကွယ်ရာ ဆိုတဲ့ ပေတံနဲ့ မတိုင်းဘူး။ လူမျိုးရေး
မုန်းတီးမှု၊ ဘာသာရေးခွဲခြားမှုဆိုတာ သူတို့မှာမရှိဘူး။ လူသားအချင်းချင်းဆိုတဲ့အသိနဲ့ပဲ
လူသားတစ်ဦးဖြစ်တာနဲ့ အညီ မားမားမတ်မတ်ရပ်တည်မှာဖြစ်တယ်။
ကမ္ဘာတစ်ဝှမ်းမှာရှိတဲ့ ဘယ်ဒီမိုကရေစီနိုင်ငံမှာပဲဖြစ်ဖြစ် လူမျိုး၊ ဘာသာ၊ စာပေ၊ ယဉ်ကျေးမှု၊ ၀တ်စား ဆင်ယင်မှု၊
အတွေးအခေါ်၊အယူအဆ၊ အသားအရောင် မတူကွဲပြားတဲ့လူမျိုးစုတွေ
ပေါင်းစု နေထိုင်ကြ တာသာ ဖြစ်တယ်။ အင်အားကြီးတဲ့သူ
အင်အားနည်းသူ ခွဲခြားရေးဆိုတဲ့မူ မရှိစေရဘူး။ အရေအတွက်များတဲ့သူရယ်၊ အရေအတွက်နည်းတဲ့သူရယ်လို့ ခွဲခြားဆက်ဆံရမယ်ဆိုတာလည်း
မရှိရပါဘူး။ နိုင်ငံသားအားလုံး တန်းတူအခွင့်
အရေး ရှိရပါမယ်။ နိုင်ငံသားတိုင်း နိုင်ငံရေးလုပ်ပိုင်ခွင့်ရှိရမယ်။ ဥပဒေအရ တန်းတူညီမျှမှု ရှိရမယ်၊ ဥပဒေအရ တန်းတူအကာအကွယ်ပေးရမယ်။ တန်းတူအခွင့်အရေးရရှိအောင်
ဖော်ဆောင်ပေးရပါမယ်။ နိုင်ငံသားအားလုံး ပါဝင်
ပူးပေါင်းခွင့်ရှိကြရပါမယ်။ နိုင်ငံသားအားလုံး ပါဝင်ပူးပေါင်းစဉ်းစားပြီး နိုင်ငံသားအားလုံး
အကျိုးဖြစ်ထွန်းစေမယ့် စနစ်မျိုးနဲ့ လမ်းစဉ်မျိုးကို အကောင်ထည်ဖော်ကျင့်သုံးရမယ်။ ဒါမှသာ
စစ်မှန်တဲ့ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။ လူတိုင်း လွတ်လပ်စွာ ကိုးကွယ်ခွင့်၊ ယုံကြည်ခွင့်၊ ဖော်ထုတ်ခွင့်၊
ဆွေနွေးတင်ပြခွင့်၊ ပြောဆိုပိုင်ခွင့်၊ ထုတ်ဝေခွင့်၊ စုဝေးခွင့်၊ ဆန္ဒပြခွင့်၊ မရှိရင်
စစ်မှန်တဲ့ ဒီမိုကရေစီလို့ ဘယ်လို ခေါင်းစဉ်တပ်နိုင်မှာလဲ
။
လူမျိုးစွဲစိတ်ဓာတ်၊ ဘာသာစွဲစိတ်ဓာတ်နဲ့ နယ်မြေဒေသစွဲအခြေခံတဲ့
စိတ်ဓာတ်တွေ လူသား မျိုးနွယ်စု အတွင်း စိမ့်ဝင်လာရင် အဲဒါတွေကို ဆန့်ကျင်၊တားဆီး၊ ပိတ်ပင်ဖို့အတွက် ဒီမိုကရေစီကို
တန်ဖိုး ထားပြီး၊ တည်ငြိမ် အေးချမ်းစွာနေလိုတဲ့ လူသားမျိုးနွယ်တိုင်းအပေါ်မှာ တာဝန်ရှိတယ်။
လူမျိုးစွဲစိတ်ဓာတ်၊ ဘာသာစွဲစိတ်ဓာတ်နဲ့ နယ်မြေဒေသစွဲအခြေခံတဲ့
စိတ်ဓာတ်တွေကို အဲဒီ လူ့အဖွဲ့အစည်းတွေက မျိုးချစ်စိတ်လို့ ခံယူနေတဲ့ လူတွေနဲ့ ဒီမိုကရေစီနိုင်ငံကို
ဘယ်လိုတည်ဆောက်ကြမှာလဲ။ ဒီမိုကရေစီမှာ တိကျခိုင်မာတဲ့
သဘောတရားတွေ စံနှုန်းတွေ ရှိပါတယ်။ ဒီမိုရေစီတိုင်းပြည် ထူထောင်လိုတယ်ဆိုရင် တိတိကျကျ
လေးလေးစားစားလိုက်နာဖို့ လိုပါတယ်။
လူထုကိုယ်တိုင်က ဒီမိုကရေစီရဲ့သဘောတရားတွေ၊ အနှစ်သာရတွေဖြစ်တဲ့
လူ့အခွင့်အရေး၊ တန်းတူ ညီမျှမှု၊ ဥပဒေစိုးမိုးမှု၊ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှု၊ လွတ်လပ်စွာဆန္ဒထုတ်ဖော်ပြောဆို ရေးသားနိုင်မှု၊ လူတိုင်း လူတိုင်း ကြောက်ရွံ့ခြင်းမှ
ကင်းဝေးမှု၊ တည်ငြိမ်အေးချမ်းလုံခြုံမှု စတာတွေနဲ့ ပတ်သက်ပြီး နားလည် သဘောပေါက်ဖို့ လိုအပ်ပါတယ်။
လူထုကိုယ်တိုင်က လူတန်းစားခွဲခြားမှု၊ လူမျိုးရေးခွဲခြားမှု၊ ဘာသာရေးခွဲခြားမှု၊ အသားအရောင်ခွဲခြားမှုနဲ့
အဆင့်အတန်းခွဲခြားမှုစတဲ့ ခွဲခြားဆက်ဆံနှိမ်ချစော်ကားမှုတွေ ကင်းရှင်းဖို့လိုတယ်။ မတူကွဲပြားမှုကို
နားလည်လက်ခံ ခွင့်လွှတ်နိုင်ဖို့၊ လူထုအားလုံးကို စိတ်သဘောထား တသမတ်တည်း ထားနိုင်ဖို့နဲ့
လူအချင်းချင်း လူ့ဂုဏ်သိက္ခာကို လေးစား တန်ဖိုးထားဆက်ဆံဖို့လိုသလို ငါနဲ့မတူရင် ငါရန်သူလို့သတ်မှတ်ကာ
သူတစ်ပါးကို ထိခိုက် နှောက်ယှက် နှိမ့်ချ ဆက်ဆံ စော်ကား အကြမ်းဖက်နေပြီး ဒီမိုကရေစီလို့အော်နေလို့
မရနိုင်ပါဘူး။
လူထုကလည်း
ဒီမိုကရေစီကို မျှော်လင့်သလို၊ ဒီမိုကရေစီကို ယုံကြည်ရမယ်၊ ဒီမိုကရေစီ ကျင့်စဉ်တွေကို
လေးစားတန်ဖိုးထားပြီး ကျင့်ကြံရမယ်။ ဒီမိုကရေစီနဲ့ သဟဇာတဖြစ်တဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ
အသိအမြင်တွေရှိဖို လိုအပ်တယ်။ ဒီမိုကရေစီလို့အော်နေတဲ့ လူထုကိုယ်တိုင်က ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့
လုပ်ရပ်တွေ လုပ်နေလို့ကတော့ အာဏာရှင်သက်တမ်း ရှည်နေအုံးမှာပဲ။ ပါးစပ်က အာဏာရှင်ကို
တော်လှန်တယ် ဆိုပြီး ကိုယ်တိုင်ကတော့ အာဏာရှင်စရိုက်၊ အာဏာရှင် စိတ်ဓာတ်နဲ့ဆိုရင်တော့ ဒီမိုကရေစီစနစ် ဖြစ်ထွန်းလာဖို့ အဝေးကြီးလိုပါလိမ့်မယ်။
ဒါကြောင့် ဒီမိုကရေစီလူ့ဘောင်ထူထောင်ဖို့ဆိုရင် မိမိတို့ကိုယ်တိုင် ဒီမိုကရေစီနဲ့ သဟဇာတဖြစ်တဲ့
အတွေးအခေါ်တွေ၊ အယူအဆတွေ အသိအမြင်တွေရှိဖို့ သဘောထားအမြင်တွေ
အများကြီး ပြုပြင်ပြောင်းလဲကြဖို့ လိုအပ်ပါကြောင်း တိုက်တွန်းလိုက်ရပါတယ်။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
Friday Times News Journal ( Vol:1, No.17)