Home

Tuesday, July 7, 2015

ကိုယ့်သမိုင်း ကိုယ်ရွေး၊ ကိုယ့်သမိုင်း ကိုယ်ရေး

ဒီမိုကရေစီလို့ ဆိုလိုက်တာနဲ့ ကျွန်တော်တို့က လွတ်လပ်ခွင့်လို့ပဲ သဘောပေါက်ကြပါတယ်။ လွပ်လပ်ခွင့် ဆိုပေမယ့် ကိုယ်လုပ်ချင်တာ ကိုယ်လုပ်ခွင့်တော့ မရှိဘူးဆိုတာလည်း သဘောပေါက်သင့်ပါတယ်။ ဒါကို အုပ်ချုပ်နေတဲ့အစိုးရ အပါအ၀င်  နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးကလည်း သဘောပေါက်ဖို့တော့ လိုအပ်ပါတယ်။ ဒီမိုကရေစီရဲ့ အခြေခံဖြစ်တဲ့ လွတ်လပ်ခွင့် ဆိုတာ တစ်ဦးတစ်ယောက်ချင်းရဲ့ လွတ်လပ်ခွင့် ဆိုပေမယ့် သူတစ်ပါးကို မထိခိုက်တဲ့ လွတ်လပ်ခွင့်ဖြစ်မှသာ လွတ်လပ်ခြင်းရဲ့အရသာကို နိုင်ငံသားအားလုံး ခံစားနိုင်မှာဖြစ်ပါတယ်။
နောက်တစ်ချက်က ဒီမိုကရေစီဆိုတာ အုပ်ချုပ်တဲ့ အစိုးရမှာပဲ တာဝန်ရှိတာမဟုတ်ဘဲ၊ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးမှာလည်း တာဝန်ရှိပါတယ်။ ဒီမိုကရေစီကို ထိန်းသိမ်းစောင့်ရှောက်ဖို့ တာဝန်ကလည်း
အုပ်ချုပ်တဲ့ အစိုးရမှာပဲ တာဝန်ရှိတာ မဟုတ်ဘဲ၊ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးမှာလည်း တာဝန်ရှိပါတယ်။ အစိုးရကချည်း ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်လာအောင် ဖန်တီးရမှာမဟုတ်ဘဲ၊ နိုင်ငံတွင်းမှာရှိတဲ့ နိုင်ငံသားအားလုံးကလည်း ဒီမိုကရေစီ ဖြစ်ထွန်းပေါ်ပေါက်လာအောင် ဖန်တီးရမှာဖြစ်ပါတယ်။
ဒီမိုကရေစီအစိုးရဆိုတာ Of the people, By the people, For the people ဆိုတာကြောင့် လူထုရဲ့အာဏာဟာ အရေးပါတယ်။ အစိုးရက နိုင်ငံတွင်းမှာရှိတဲ့ လူထုအားလုံးရဲ့ လိုလားတဲ့ဆန္ဒတွေကို နည်းမှန်လမ်းမှန်နဲ့ ဖြည့်ဆည်း ပေးခြင်းဖြင့်သာ ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာဖြစ်ပါတယ်။
အစိုးရက လူထုအကြိုက် လူထုတင်မြှောက်လိုက်တဲ့ လူထုကိုယ်စားပြုအစိုးရ ဖြစ်ရမယ်။  အစိုးရဖြစ်အောင် တင်မြောက်လိုက်တဲ့သူတွေကလည်း လူထုဖြစ်ရမယ်။ အစိုးရအဖြစ် တင်မြောက်လိုက်ရခြင်းကလည်း လူထု ကောင်းကျိုးးကို ဖော်ဆောင်ပေးဖို့ ဖြစ်ရမယ်။ လူထုက မကြိုက်လို့ဖြစ်စေ၊ လူထုအကျိုး မဖော်ဆောင်ပေးနိုင်လို့ ဖြစ်ဖြစ်၊ တိုင်းပြည်တည်ငြိမ် အေးချမ်းအောင် မထိန်းသိမ်းနိုင်လို့ဖြစ်စေ၊ လူထုက အချိန်မရွေး ဖြုတ်ချလို့ရမယ့် အစိုးရမျိုးဖြစ်ရမယ်။ လူထုကိုယ်စားရွေးချယ်တင်မြှောက်ပေးလိုက်တဲ့ ကိုယ်စားလှယ်တွေဟာ လူထုလက်ခံ သဘောတူပြီးဖြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ လူထုထံမှ အာဏာကို အတိအကျခံယူပြီး လူထုက ပေးအပ်ထားတဲ့ တာဝန်ဝတ္တရားအဖြစ် ကျင့်သုံးတဲ့အုပ်ချုပ်ရေးစနစ်ဖြစ်တယ်။ လူထုကို တစ်သွေး တစ်သံ တစ်မိန့် အာဏာနဲ့ အုပ်ချုပ်ခြင်းက ဒီမိုကရေစီမဟုတ်ဘူး။ လူထုကို အမိန့်ပေးပြီး မျက်စိမှိတ် လိုက်နာစေခြင်းထက် လူထုက ပြန်လည်ဝေဖန်နိုင်တဲ့စနစ်သည်သာ ဒီမိုကရေစီသဘောဆောင်တယ်။  ဒီမိုကရေစီစနစ်မှာ လူထုကို ပိတ်ပင် တားဆီးဖို့ မဟုတ်ဘဲ၊ လူထုကို လမ်းဖွင့်ပေးထားဖို့သာဖြစ်တယ်။ လူထုက တိုင်းပြည်အုပ်ချုပ်တဲ့အစိုးရအဖွဲ့ကို  တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ ပါဝင်ပတ်သက် ခြယ်လှယ်ခွင့်ရှိတဲ့ အစိုးရစနစ်ကိုသာ ဒီမိုကရေစီစနစ်လို့ ခေါ်တယ်။
ဒါကြောင့် ရဟန်းရှင်လူ၊ ပြည်သူလူထုအားလုံးအပါအ၀င် နိုင်ငံတွင်းမှာရှိတဲ့သူတွေ အားလုံးကလည်း မိမိတို့ရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တဲ့ ဒီမိုကရေစီကို မိမိတို့ကိုယ်တိုင် တည်ဆောက်ရမယ်။ တည်တံ့ခိုင်မြဲအောင်၊ အင်အားကောင်းမွန် အောင် ကြိုးစားရမယ်။ လူထုက အားကောင်းမှ အားကောင်းတဲ့အစိုးရကို ရမှာဖြစ်တယ်။ လူထု အားကောင်းဖို့က လူထု ညီညွတ်ဖို့၊ လူထု စည်းလုံးဖို့လိုသလို၊ ကိုယ်လုပ်ချင်တာ ကိုယ်လုပ်တဲ့ လွတ်လပ်ခွင့် မဖြစ်ဖို့နဲ့ သူတစ်ပါးကို မထိခိုက်တဲ့ လွတ်လပ်ခွင့်ကိုတော့ သဘောပေါက်ဖို့ လိုတယ်။
ဒီမိုကရေစီဆိုတာ နိုင်လိုမင်းထက်ပြုကျင့်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ဆူပူအကြမ်းဖက်ပြီး တိုင်းပြည် ဖရိုဖရဲဖြစ်စေမှု တွေကနေ ကင်းစင်စေတဲ့စနစ် ဖြစ်တယ်။ ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာ ပြောဆိုထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်၊ ကြောက်ရွံ့နေရခြင်းမှ ကင်းလွတ်ခွင့်တို့ ရှိရမယ်။ ဒီမိုကရေစီစနစ်မှာ တရားဥပဒေစိုးမိုးနဲ့ ပတ်သက်ရင်လည်း လူထုကို လွတ်လပ်ခွင့်ပေးရမယ်။ အစိုးရဆိုတာ လူထုရဲ့လွတ်လပ်ခွင့်ကို မထိပါးရဘူး။ လူထုရဲ့လွတ်လပ်ခွင့်ကို ထိပါးနှောက်ယှက်ပြီး ဒီမိုကရေစီအစိုးရလို့ ကြေငြာခွင့်မရှိဘူး။
အခုတော့ ကျွန်တော်တို့တိုင်းပြည်မှာ ဒီမိုကရေစီကို ပြောင်းလဲဖော်ဆောင်နေတဲ့ ကာလရောက်မှပဲ၊ ခေတ်အဆက်ဆက် အတူတကွ နေထိုင်လာခဲ့ကြတဲ့ လူနည်းစုလူမျိုးစုတွေကို လူမျိုး ဘာသာ သာသနာ မတူကွဲပြားမှုကို အကြောင်းပြပြီး နိုင်လိုမင်းထက်ပြုကျင့်မှုတွေ၊ နေအိမ်တွေက မောင်းထုတ်၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုတွေ၊ ဥစ္စာပစ္စည်းကို အချောင်ရလိုမှုနဲ့ လုယက်တာတွေ၊ မိသားစုတွေကို ဒုက္ခသည် စခန်းတွေမှာ ထားပြီး လူသားဆန်တဲ့ စိတ်ကင်းမဲ့ကာ လုံခြုံမှု မပေးတာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု မပေးတာတွေနဲ့ ကြုံတွေ့နေရတာတွေ ကြားရ မြင်ရတာတွေက စိတ်မချမ်းမသာဖြစ်ရပါတယ်။
လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားထုတ်ဝေခွင့်တွေနဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုတွေက အမည်ခံသာဖြစ်ပြီး တကယ့်လက်တွေ့မှာတော့ ဘာသာခြားတို့ရဲ့အထွဋ်အမြတ်ထားရာ ၀တ်ကျောင်းတော်တွေ၊ စာသင်ကျောင်းတွေ၊ သင်္ချိုင်းတွေ ဖျက်ဆီးပစ်ပြီး လူနည်းစု လူမျိုးစုတို့ရဲ့သမိုင်းကို ဖျောက်ဖျက်နေမှုတွေလည်း တွေ့နေရပါတယ်။ လူထုအားလုံးက ကျီးလန့်စာစားဘ၀နဲ့ ကြောက်ရွံ့ထိတ်လန့်နေရတဲ့ဘ၀မှာ နေထိုင်ရတယ်။
အမျိုးသားရင်ကြားစေ့ရေးလို့ပြောကာ အမည်ခံငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပအယောင်ပြပြီး၊ တစ်ဖက်မှာ လူသားချင်း မစာနာတဲ့ ကိုယ့်နိုင်ငံသား အချင်းချင်းကြား စစ်ပွဲတွေ ဆက်တိုက်ဖန်တီးနေကြတာကြောင့် တိုင်းရင်းသား လူမျိုးစုတွေထဲမှာ စစ်ပြေးဒုက္ခသည်တွေ၊ မိဘမဲ့ကလေးတွေ၊ လင်သေသားဆုံး မုဆိုးမတွေနဲ့ ခြေကျိုးလက်ပြတ် ခိုကိုးရာမဲ့တွေလည်း ပြည့်နှက်နေပါပြီ။ လက်နက်အသင့် ငြိမ်းချမ်းရေးခေတ်ကို ပြန်လည် ဖော်ဆောင်နေသလား၊ ငြိမ်းချမ်းရေးလို့ ပြောပြီး တိုင်းပြည်ဘဏ္ဍာ ကိုယ်ကျိုးအတွက် အသုံးချနေကြသလား လို့တောင် ထင်မှတ်စရာပါ။
ဒါတွေဟာ ဆူပူအကြမ်းဖက်ပြီး တိုင်းပြည် ဖရိုဖရဲဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်ဆိုတာ ထင်ရှား ပါတယ်။ လူထုရဲ့လွတ်လပ်မှုကို ထိပါး နှောက်ယှက်နေတဲ့အတွက် ဒီမိုကရေစီစနစ်နဲ့ ဆန့်ကျင်နေပြီး ဒီမိုကရေစီ အစိုးရလို့ ကြေငြာနေတာ ဘယ်လိုယုံကြည်ရမှာလဲ။ ဒီမိုကရေစီအစိုးရလို့ ကြေငြာခွင့်မရှိဘူးလို့ ယူဆမိပါတယ်။
တိုင်းပြည်တွင်းမှာ ဆူပူအကြမ်းဖက်မှုတွေ ထူပြောပြီး လူထုက ဒီမိုကရေစီကို ဗရမ်းဗတာလို့ ထင်မြင်လာအောင်၊  ဒီမိုကရေစီကို ကြောက်ရွံ့လာအောင်၊ ဒီမိုကရေစီခေါင်းဆောင်တွေအပေါ် အပြစ်မြင် လာအောင်၊ လူထုလိုလားတဲ့ ခေါင်းဆောင်ကို မုန်းတီးလာအောင်၊ လူထုအတွက် အရာရာစွန့်လွှတ်ထားတဲ့ လူထုခေါင်းဆောင်ကို သမိုင်းသေအောင် အကွက်ဆင် ဖန်တီးပြီး အာဏာကို ဆုတ်ကိုင်ထားလိုတဲ့ အာဏာရှင်တစ်စုရဲ့ အောက်လမ်းနည်း၊ မသမာတဲ့နည်းတွေဆိုတာ လူထုက နားလည်သဘောပေါက်ကြပြီး ဒီမိုကရေစီကို ယုံကြည်မြတ်နိုးတဲ့ လူထုခေါင်းဆောင်ရဲ့ခေါင်းဆောင်မှုအောက်ကနေ သွေးစည်းညီညွတ်စွာ ပူးပေါင်းပါဝင် လက်တွဲကြိုးပမ်းကြမှသာ အာဏာရှင်စံနစ် လုံးဝချုပ်ငြိမ်းပြီး ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်း နိုင်မှာဖြစ်ပါတယ်။
နိုင်ငံရေးကို အောက်လမ်းနည်းနဲ့ နေရာယူဖို့ ကြိုးစားလို့ ဘယ်တော့မှ မရနိုင်ပါဘူး။ အောက်လမ်းနည်းနဲ့ ရယူဖို့ ကြိုးစားရင်လည်း ရေရှည် မတည်တံ့နိုင်ပါဘူး။  အောက်လမ်းနည်းနဲ့ နေရာယူလိုတဲ့သူတွေ ရှိနေသေးတယ် ဆိုတာ အခုဆိုရင် အထင်အရှား မြင်လာ တွေ့လာနေရပါတယ်။ နိုင်ငံတစ်ဝန်းလုံးမှာဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေရဲ့ လက်သည်တရားခံကို တဖြေးဖြေး နိုင်ငံသားတွေ သိနေကြပါပြီ။ နောက်ကွယ်ကနေ မီးထိုးပေးနေတဲ့ လက်မဲကြီးတွေ ရှိနေတယ်ဆိုတာ လူတိုင်းက မြင်တွေ့လာရပါတယ်။
အာဏာနဲ့ ကိုယ်ကျိုးစီးပွားအတွက် ဒီမိုကရေစီလို့ လူထုတွေနဲ့ ရောယောင်ပြီး အသံကောင်းဟစ် ကြွေးကြော်ရင်း လူထုကို လှည့်စားပြီး ပုံမှားရိုက်ဖို့ ကြံစည်သူတွေဟာ အမှန်တစ်ကယ် ရှိနေပါသေးတယ်။ မြန်မာ့သမိုင်းမှာ သင်ခန်းစာတွေ အများကြီးရှိနေပေမယ့် ဒီသင်ခန်းစာတွေကို မျက်ကွယ်ပြုပြီး၊ မိမိကိုယ်ကျိုး တစ်ခုတည်းသာကြည့်ပြီး တိုင်းပြည်အကျိုး၊ လူထုအကျိုး ထဲ့သွင်းစဉ်းစားမှုမရှိပဲ ဘယ်သူသေသေ ငတေမာရင် ပြီးရော ဆိုတဲ့ စိတ်ဓာတ်တွေနဲ့ အောက်လမ်းနည်းသုံးပြီး နိုင်ငံရေးလုပ်လိုကြသူတွေအနေနဲ့ ဒီလိုမသမာ၊ အောက်တန်းကျတဲ့ နိုင်ငံရေးဆိုတာ နောက်ဆုံး ကိုယ်တိုင်လည်း အကျိုးယုတ် နိုင်ငံနဲ့ လူထုလည်း အကျိုးယုတ်တယ်ဆိုတာကို မြင်ဖို့၊ သိဖို့ လိုပြီ ထင်ပါတယ်။  ဒီမိုကရေစီဆိုတာ အဆင့်မြင့်တဲ့ နိုင်ငံရေးစနစ်ပါ။ အာဏာရှင်စနစ်နဲ့ လုံးဝဆန့်ကျင်တဲ့ နိုင်ငံရေး စနစ်ဖြစ်ပါတယ်။ ဒီမိုကရေစီကို အောက်လမ်းနည်း၊ မသမာတဲ့နည်းတွေနဲ့ တည်ဆောက်လို့ရတဲ့ နိုင်ငံရေးစနစ် မဟုတ်ပါဘူး။
ကိုးကွယ်ယုံကြည်မှု၊ ဘာသာအယူဝါဒ မတူကွဲပြားတာကို အကြောင်းပြုကာ လူမျိုးရေးခွဲခြားဆက်ဆံတာ၊ ဖိနှိပ်ချုပ်ချယ်တာ၊ စော်ကား အနိုင်ကျင့်တာတွေဟာ ဒီမိုကရေစီမဟုတ်သလို ကိုယ်ကျင့်တရားညံ့ဖျင်းမှု၊ အပြုအမူအောက်တန်းကျမှု၊ လူအသိုင်းအ၀ိုင်းနဲ့ ပေါင်းသင်းဆက်ဆံရေး တစ်ဖက်စွန်းရောက်မှုတွေသာဖြစ်တယ်။ လူသားတစ်ဦး(သို့)လူ့အသိုင်းအ၀ိုင်းဖြစ်ပါလျှက် လူကိုလူလိုမမြင်၊ လူကိုလူလိုမဆက်ဆံ၊ လူကိုလူလို တန်ဖိုးမထား၊ လူသားတို့အကျိုးစီးပွားကို မငဲ့ကွက်ဘဲ မိမိဘ၀ရပ်တည်ဖို့ စားခြင်းသောက်ခြင်း၊ အိပ်ခြင်း၊ မိမိအလိုဆန္ဒ တောင့်တမှု ကိုသာ ဦးစားပေးနေရုံပဲဆိုရင် စကားပြောပြီး လှုပ်ရှားနေတဲ့အဆင့်မြင့် တိရိစ္ဆာန်ဘ၀သက်သက်ပါပဲ။
ကိုယ်တိုင်ရွေးချယ်တဲ့လမ်းကြောင်းဟာ ကိုယ့်သမိုင်းအဖြစ် ကျန်ရစ်ခဲ့မယ်ဆိုတာကိုတော့ သတိကြီးစွာ ဆင်ခြင်ဖို့ လိုပါတယ်။ ဒါကြောင့် ကိုယ့်သမိုင်းကိုယ်ရွေး၊ ကိုယ့်သမိုင်းကိုယ်ရေးတတ်ကြဖို့တော့လိုတယ်။ အတွေးအခေါ်တွေ၊ ကိုယ်ကျင့်တရားတွေ၊ အပြုအမူလုပ်ရပ်တွေ၊ လူတစ်ဦးချင်း(သို့) လူ့အသိုင်းအ၀ိုင်းနဲ့ ပေါင်းသင်းဆက်ဆံရေးတွေ ပြုပြင်ပြောင်းလဲဖို့လိုပါတယ်။
နိုင်ငံတော်ကို အမှန်တကယ်ချစ်တယ်ဆိုရင်၊ နိုင်ငံတော် စစ်မှန်ပြီးတရားမျှတတဲ့ ဒီမိုကရေစီနိုင်ငံတော် အဖြစ် ပြောင်းလဲဖော်ဆောင်လိုတယ်ဆိုရင် လူ့အဖွဲ့အစည်းအချင်းကြား၊ လူပုဂ္ဂိုလ်တစ်ဦးချင်းကြား အမုန်းမပွားဘဲ ချစ်ခင်တတ်အောင် ကျင့်ကြံအားထုတ်ပြီး အမိနိုင်ငံတော်ကို စည်းလုံးညီညွတ်တဲ့ အင်အားနဲ့ ကမ္ဘာအလည်မှာ အဆင့်မြင့်မားပြီး တည်ငြိမ်တိုးတက်တဲ့ နိုင်ငံဖြစ်အောင် ဝိုင်းဝန်းကြိုးပမ်းရမှာဖြစ်တယ်။
မတူကွဲပြားတဲ့လူမျိုးစုတွေဆိုတာ ကမ္ဘာနဲ့တစ်ဝှမ်းရှိနေမှာပဲ။ ယုံကြည်ရာ ကိုးကွယ်ရာ ကွဲပြားမှုတွေလည်း ရှိနေမှာပဲ။ ဒါကို လက်ခံနိုင်တဲ့ အရည်အချင်းမွေးတတ်ရပါမယ်။ နိုင်ငံရေးမှာ ဘာသာရေးကို ၀င်ရောက်စွက်ဖက် စေတာကတော့ တိုင်းနိုင်ငံအတွင်းမှာရှိနေကြတဲ့ မတူကွဲပြားတဲ့လူမျိုးစုတွေရဲ့ စည်းလုံးညီညွတ်ခြင်းကို ဖြိုခွင်းတဲ့နည်းလမ်း တစ်ခုလို့မြင်ပါတယ်။ နိုင်ငံရေးမှာ ဘာသာရေးကို ခုတုံးလုပ်ကြတာ များသောအားအားဖြင့် အာဏာရှင်နိုင်ငံတွေက အာဏာရှင်တွေရဲ့ အာဏာတည်မြဲရေးအတွက် အသုံးချတဲ့ သွေးခွဲရေးလမ်းစဉ်သာ ဖြစ်တယ်။ အာဏာရှင်တွေဟာ မိမိတို့ အာဏာတည်မြဲရေးအတွက် နိုင်ငံသားအချင်းချင်းရဲ့ စည်းလုံးညီညွတ်မှု ပြိုကွဲစေဖို့ ဘာသာရေးကို ခုတုံးလုပ် ၀ါဒမှိုင်းတိုက်ပြီး၊ သွေးခွဲရန်တိုက်ပေးပြီး ပြဿနာတွေ၊ ပဋိပက္ခတွေ ဖန်တီးပြီး၊ အာဏာသက်ရှည်အောင် နိုင်ငံရေး အမြတ်ထုတ် အုပ်ချုပ်လေ့ရှိကြတယ်။
နိုင်ငံသားအချင်းချင်းကြား အုပ်စုကွဲအောင်၊ သွေးကွဲရန်လိုအောင်၊ သံသယတွေတိုးပွားအောင်၊ ပြသနာတွေ ဖြစ်အောင် ဖန်တီးနေသူ အာဏာရှင်တို့ရဲ့လှည့်ကွက် ထောင်ချောက်တွေကို အသိဥာဏ်ပညာ၊ ဆင်ခြင်တုံတရားရှိရှိ အမြင်ကျယ်ကျယ်နဲ့ မြင်အောင်ကြည့်ကြရင်း မေတ္တာတရားကို ယုံကြည်သူတွေ၊ မေတ္တာတရားကို လက်တွေ့ အကောင်အထည်ဖော်သူတွေ ဖြစ်လာအောင် ကြိုးစားပြီး နိုင်ငံသားတိုင်းက မိမိတို့မျှော်မှန်းတဲ့ ဒီမိုကရေစီ လူ့ဘောင်ကို အရောက်လှမ်းနိုင်ဖို့အတွက် သွေးမကွဲဘဲ စည်းစည်းလုံးလုံး တွန်းလှန်ကြဖို့ တိုက်တွန်းလိုပါတယ်။
လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းမှာ ကိုးကွယ်ယုံကြည်မှု၊ ဘာသာအယူဝါဒကို အခြေမခံဘဲ၊ လူသားစင်စစ် ဖြစ်တာကို အကြောင်းခံပြီး လူသားအချင်းချင်း စာနာထောက်ထား၊ နားလည်မှုပေးလို့၊ မတူကွဲပြားတဲ့ အရောင် အသွေးစုံ၊ လူမျိုးစုံ၊ ဘာသာစုံ၊ ယုံကြည်ချက် ခံယူချက် အတွေးအခေါ်စုံလင်မှုတွေကို အင်အားတစ်ရပ်ဖြစ်အောင် ပြောင်းလဲပြီး ငြိမ်းချမ်းသာယာတဲ့ အနာဂတ်ကို အတူတကွ ညီတူညီမျှ ရယူခံစားနိုင်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ် အဖြစ် ဖွံ့ဖြိုးတိုးတက်ဖို့အတွက် ညီညီညွတ်ညွတ် ညှိနှိုင်းပြီးတော့ အတူတကွ ၀ိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရင်း ညီညွတ်ခြင်းပြယုဂ်ကို သက်သေပြကြပါစို့ ။
သွေးစည်းညီညွတ်မှုမရှိဘဲ၊ သူတလူ ငါတမင်း အကွဲကွဲအပြားပြားဖြစ်နေကြရင်၊ အကြမ်းဖက်မှု၊ ပဋိပက္ခ ဖန်တီး နေမှုတွေကို အားပေးအားမြှောက်ပြုနေကြရင်၊ လူမျိုးစွဲ ဘာသာစွဲပြင်းထန်ပြီး အာဏာရှင်လှည့်ကွက်အတွင်း သက်ဆင်းနေကြရင် ၊ ကိုယ်နဲ့မဆိုင်သလို ရေငုံနှုတ်ပိတ်နေကြရင်တော့ အာဏာရှင်တို့စိတ်ကြိုက် ဖြစ်ရုံသာမက ဒီမိုကရေစီဆိုတာ ရွှေပြည်တော်မျှော်တိုင်းဝေးနေကြရအုံးမှာသာ ဖြစ်ပါတော့တယ်။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
Friday Times News Journal (Vol: 1- No.18)