Home

Sunday, July 13, 2014

ထောင်ချောက်ထဲ ၀င်မတိုးမိဘဲ လိမ္မာပါးနပ်ကြဖို့။

ဒီနေ့ ကျွန်တော်တို့ တိုင်းပြည်မှာဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ လူမျိုးရေးပဋိပက္ခ မဟုတ်သလို 
ဘာသာရေးပဋိပက္ခလည်း မဟုတ်ပါ။ ခေတ်အဆက်ဆက် တစ်မြေတည်းနေ၊ တစ်ရေထဲသောက် ဥမကွဲသိုက်မပြိုက် ကောင်းတူဆိုးဖက် အတူတကွနေထိုင်လာခဲ့ကြတဲ့ နိုင်ငံသားအချင်းချင်းတွေကြား 
လူမျိုးမတူ ဘာသာခြားတာကို အကြောင်းပြု၊ အမျိုးသားရေးကို ခုတုံးလုပ်၊ လူမျိုးစုနှစ်ခုကြား အမုန်းမီးပွားအောင်
အမုန်းမျက်နှာဖုံးစွပ် သွေးခွဲရန်တိုက်ပေးပြီးအာဏာကို အောက်လမ်းနည်းနဲ့ ရယူလိုသူတွေ၊ နိုင်ငံရေးအမြတ်ထုတ်လိုသူ အာဏာရှင်တွေ၊ စီးပွားရေးလက်ဝါးကြီးအုပ်လိုသူ ခရိုနီတွေနဲ့ သူတို့ရဲ့ဒေါက်တိုင်တွေ ပူးပေါင်းကြံစည်တဲ့ လူနည်းစု ဘာသာခြားတွေကို တစ်ဖက်သပ် မတရား အနိုင်ကျင့် အကြမ်းဖက်မှု၊လူမျိုးရေး အကြမ်းဖက်မှု၊ ဘာသာရေး အကြမ်းဖက်မှုဆိုတာ ထင်ရှားလှပါတယ်။

မြန်မာပြည်အနှံ့အပြားမှာ ဘယ်ကရောက်လာမှန်းမသိတဲ့ဒေါသဖြစ်နေတဲ့ လူအုပ်ကြီး ဟုဆိုကာ အကြိမ်ကြိမ်
အကြမ်းဖက်မှုတွေ ကျူးလွန်နေပါလျက် လက်ရှိအစိုးရအနေနဲ့ တားမြစ်ခြင်း၊ လုံခြုံအောင်ထိန်းသိမ်းကာကွယ်
ပေးခြင်း ထိထိရောက်ရောက်ဟန့်တားပေးခြင်း၊ ဥပဒေအရ  ဖမ်းဆီးအရေးယူခြင်းမရှိသည့်အပြင် 
မိမိတို့အသက်အိုးအိမ်စည်းစိမ်ကို မိမိတို့ကိုယ်တိုင် ခုခံကာကွယ် စောင့်ရှောက်သူတွေကိုပင်လျင် ခေါင်းစဉ်အမျိုးမျိုး၊ ပုဒ်မအမျိုးမျိုးတပ်ကာ ဖမ်းဆီးထောင်ချနေခြင်းများကို ကြည့်ခြင်းအားဖြင့် အင်အားနည်းတဲ့လူမျိုးစုတွေကို ရည်ရွယ်ချက်ရှိရှိ အကြမ်းဖက်နေခြင်းသာဖြစ်တယ်။

လူမျိုးရေး ဘာသာရေး ပဋိပက္ခ၊ လူမျိုးရေး ဘာသာရေး အထိကရုဏ်း အသွင်ဆောင်အောင် ပဋိပက္ခ မဖြစ်ဖြစ်အောင် ဖန်တီးပြီး တိုင်းပြည်တည်ငြိမ်မှု ပျက်ပြားအောင်၊ မင်းမဲ့စရိုက်များ လွှမ်းမိုးလာအောင် အကွက်ချ စီစဉ်လုပ်ဆောင် နေခြင်းသာဖြစ်တယ်။

တိုင်းပြည်တည်ငြိမ်မှုမရှိမှ၊ မင်းမဲ့စရိုက်များလွှမ်းမိုးနေမှသာ ၄၃၆ ပြင်ဆင်ရေး အပါအ၀င်၊၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အတိုက်အခံပါတီတို့ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်များ လုံခြုံမှုကိုအကြောင်းပြ ပိတ်ပင်ဟန့်တားကာ နိုင်ငံရေးအမြတ်ထုတ် လိုသူတို့ စိတ်တိုင်းကျလွှမ်းမိုးချယ်လှယ်ပြီး အာဏာကို ဆက်လက်ချုပ်ကိုင်သွားနိုင်တဲ့အတွက် ပြည်သူလူထုအားလုံးက အသက်သွေးချွေး စတေးခဲ့ကြရှာတဲ့
ဒီမိုကရေစီ သူရဲကောင်းတို့ရဲ့ ကျေးဇူးသစ္စာကို ထောက်ထားပြီး၊ အတိတ်သမိုင်းကြောင်းကို မမေ့ဘဲ၊ သတိ အသိနဲ့ယှဉ်ကာထောင်ချောက်ထဲ ၀င်မတိုးမိဖို့၊ဘဲ လိမ္မာပါးနပ်ကြဖို့ တည်ငြိမ်မှုကို လိုလားတဲ့၊ ငြိမ်းချမ်းမှုကို လိုလားတဲ့၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး၊ ဥပဒေစိုမိုးရေးနဲ့ တန်းတူညီမျှရေးတွေလိုလားတဲ့ ပြည်သူလူထုအားလုံးကို တိုင်းပြည်ရှေ့ရေးမျှော်တွေး၍ လေးလေးစားစား တင်ပြလိုက်ရပါတယ်။
_________________________________________
m y O e w y n n _ 0 9 . 0 7 . 2 0 1 4