Home

Saturday, July 19, 2014

မိမိတို့သည် အကောင်းဆုံးသော နိုင်ငံသားအဖြစ်ကို ခံယူနိုင်စေရမည်။

မိမိတို့၏ ဇာတိမြေ၊ ဇာတိနိုင်ငံမှာပင်ဖြစ်သော်ငြားလည်း အင်အားချိနဲ့သော လူနည်းစုအဖြစ်နှင့် နေကြရသည်ဖြစ်၍ မိမိတို့၏ ဘဝအနေအထားပေါ်တွင် စိတ်ပျက် အားငယ်နေမှုများလည်း ရှိနေတတ်ပါသည်။ နိုင်ငံတစ်နိုင်ငံတွင် မိမိတို့အား နိုင်ငံရေးအရ အဆင့်မည်မျှပင်နှိမ့်ချခံနေရပါစေ။ နိုင်ငံရေးအရ အဆင့်မည်မျှပင်နိမ့်ကျနေပါစေ။ နှိမ့်ချခွဲခြားခြင်းခံနေရသဖြင့် မိမိတို့ အထီးကျန် အဖြစ်၌ ရှိနေပါစေ။ အရည်အတွက်အားဖြင့်
တစ်ဦးတည်းဖြစ်လိုကဖြစ်နေပါစေ။ ထောက်ထားမှု၊ ညှာတာမှု၊ စာနာမှုတို့ကို မခံရသည့်အဖြစ်တွင်လည်း ရှိချင်ရှိနေပါစေ။၊ ဘာသာရေး၊လူမျိုးရေးကို အကြောင်းပြု၍ ကျန်နိုင်ငံသားတို့က မိမိတို့အားနိုင်ငံသား
အချင်းချင်းပါလားဆိုသည့် အသိမရှိဘဲ၊ အတွေးအခေါ်မရှိဘဲ၊နှိမ့်ချခြင်း၊ ဝိုင်းပယ်ခြင်း၊ ဖဲ့ထုတ်ခြင်း၊ အရေးမထားခြင်း၊ အရာမသွင်းခြင်း၊နှိပ်စက်ခြင်း၊ အနိုင်ကျင့်ခြင်း၊ စော်ကားခြင်းခံနေရပါစေ။

မိမိတို့သည် မကောင်းမှုကိုရှောင်ကြဉ်၍ မိမိတို့ ကိုးကွယ်ယုံကြည်ရာ ဘာသာတရား၏ အဆုံးအမနဲ့ အညီ လိုက်နာကျင့်ကြံလျှက် ကောင်းမြတ်သော ကိုယ်ကျင့်တရား၊ ဓလေ့စရိုက်များဖြင့် လူမှုဘဝ သက်တမ်းမွေးမြူရန် အရေးကြီးပါသည်။ နိုင်ငံသားအချင်းချင်းကြားမှာ လူမျိုးတူလို့၊ ဘာသာတူလို့၊ ယုံကြည်ချက်တူလို့ မှန်မှန်၊ မှားမှား ကိုယ့်လူဘက်မှာ လိုက်မယ်ဆိုတဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ အတ္တစွဲတွေဖျောက်ဖို့လိုပါသည်။ အမှန်တရားအတွက် သတ္တိရှိရှိ ရင်ဆိုင်နိုင်ရမှာ ဖြစ်ပါသည်။

ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုချစ်ခင်ကြင်နာရမည်။ လူမျိုးရေးမုန်းတီးမှုကို စက်ဆုပ် ရွံရှာစိတ်မွေးမြူရမည်။ ပြင်းထန်စွာ ကန့်ကွက်ပိတ်ပင်တားမြစ်ရမည်။ တစ်ပါးသူတို့၏ ယုံကြည်ရာ ကိုးကွယ်ရာ အရှင်များအား မစော်ကားပါနှင့်။ တစ်ပါးသူတို့၏ အထွဋ်အမြတ်ထားရာဘုရား ကျောင်းကန် ၀တ်ကျောင်းတော်များကို မဖျက်ဆီးပါနှင့်။ အသက်ပေး၍ အကာအကွယ်ပေးရန် တာဝန်ရှိပါသည်။ သူတစ်ပါး၏ ကိုယ်၊စိတ်၊နှလုံးသုံးပါးစလုံးကို ထိခိုက်နာကျည်းအောင်၊ နာကျဉ်ဒုက္ခ ရောက်အောင် မည်သည့်အခါမျှ မလုပ်မိပါစေနှင့်။

နီုင်ငံသားအချင်းချင်း၏ ရသင့်ရထိုက်သော ရပိုင်ခွင့်၊ ခံစားခွင့်တို့ကို ဖြည့်ဆည်းပေးအပ်ရမည်။ နိုင်ငံသားတို့၏ ကိုယ်၊ စိတ် ၊နှလုံးချမ်းသာရေးနှင့် ပျော်ရွှင်ရေးကို အစွမ်းကုန်ဆောင်ရွက်၍ နှစ်သိမ့်အားပေးရမည်။ နိုင်ငံနှင့်နိုင်ငံသားတို့၏အကျိုးကို တတ်နိုင်သည့်ဘက်မှ တတ်စွမ်းနိုင်သမျှ သည်းပိုးထမ်းရွက်ရန် အဆင့်သင့်ရှိနေရန်ကြိုစားရမည်။ နိုင်ငံတော်နှင့် နိုင်ငံသားတို့၏အကျိုးကို တတ်စွမ်းသမျှ သည်းပိုး ထမ်းရွက်မှုလည်းပြုနေရမည်။

မိမိနိုင်ငံအစိုးရနှင့် ကင်းကင်းကွာကွာနေနိုင်သည်ဟု ယူဆခြင်းသည် အချီးနှီး အကျိုးမဲ့ယူဆချက်သာ ဖြစ်ပါသည်။ ဤသို့နေ၍လည်း လုံးဝမဖြစ်နိုင်ပါ။ သဘာဝလည်းမကျပါ။ ထိုသဘောထားမျိုး မွေးမြူခြင်းကို တရားတော်ကလည်း မလိုလား၊လက်မခံပါ။

မိမိတို့သည် အကောင်းဆုံးသော နိုင်ငံသားအဖြစ်ကို ခံယူနိုင်စေရမည်။ အမိနိုင်ငံတော်၏ ကျေးဇူးသစ္စာကို အပြည့်အ၀စောင့်သိရိုသေရမည်။ နိုင်ငံတော်၏အကျိုးကို အမှန်တကယ်လိုလားသူ ဖြစ်စေရမည်။

နိုင်ငံတော် တည်ငြိမ်မှု ပျက်ပြားအောင်ဖန်တီးနေသူများ၊ လူမျိုး ဘာသာရေး ပဋိပက္ခ ဖန်တီးနေသူများ၊ ဒီမိုကရေစီ အပြာင်းအလဲကို ဖျက်လို ဖျက်ဆီးလုပ်နေသူများ၊ နိုင်ငံတော်ရဲ့ အကျိုးစီးပွားများကို ကိုယ်ကျိုးအတွေက် သိမ်းပိုက်နေသူများ၊ အာဏာရှင်တို့၏ ဓလေ့စရိုက်အတိုင်း အာဏာကို ဆွဲဆန့် လက်ဝါးကြီးအုပ်ဖို့ အောက်လမ်းနည်းသုံးနေသူများနှင့် အမိနိုင်ငံတော်၏ အချုပ်အခြာအာဏာနဲ့ နိုင်ငံတော်၏ အစိတ်အပိုင်း တစ်စိတ် တစ်ဒေသကိုဖြစ်စေ ကျူးကျော်ရန်စလာသူ၊ ခွဲထွက်ရန်ကြံစည်လိုသူမှန်သမျှကို နိုင်ငံသားအားလုံးနှင့် အတူတကွ ပူးပေါင်း ပါဝင် တိုက်ထုတ်ရမည်။

သို့မှသာ မိမိတို့အား မည်သည့်လူမျိုးပင်ဖြစ်လင့်ကစား အများကဂုဏ်ပေးခြင်း၊ လေးစားခြင်း၊အရာထားခြင်းခံရမည်ဖြစ်မှာ မြေကြီးလက်ခတ်မလွဲပင်ဖြစ်ပေသည်။ မိမိတို့ မည်သည့် ဘာသာ သာသနာကို ကိုးကွယ်ယုံကြည်လင့်ကစား မိမိတို့၏ သာသနာတော်အပေါ်၌လည်း လေးစားကြည်ညို သောအမြင်နှင့်အကြည့်ခံရမည်မှာ သေချာပေသည်။
____________________________________
m y O e w y n n _ 28.03.2014