Home

Monday, July 21, 2014

ဒီမိုကရေစီရွှေပြည်တော် မျှော်တိုင်းဝေးနေကြရအုံးမည်။

ဒီမိုကရေစီဆိုတာ နိုင်လိုမင်းထက်ပြုကျင့်မှု၊ ရက်စက်ကြမ်းကြုတ်မှု၊ ဆူပူအကြမ်းဖက်ပြီး တိုင်းပြည်ဖရိုဖရဲဖြစ်စေမှုတွေကနေ ကင်းစင်စေတဲ့စနစ်ဖြစ်တယ်။
ဒီမိုကရေစီစနစ်မှာ လွတ်လပ်စွာပြောဆိုထုတ်ဖော်ခွင့်၊ လွတ်လပ်စွာ ယုံကြည် ကိုးကွယ်ခွင့်၊
ကြောက်ရွံ့နေရခြင်းမှကင်းလွတ်ခွင့်တို့ရှိရမယ်။
ဒီမိုကရေစီစနစ်မှာ တရားဥပဒေစိုးမိုးနဲ့ပတ်သက်ရင်လည်း လူထုကိုလွတ်လပ်ခွင့် ပေးရမယ်။

အစိုးရဆိုတာ လူထုရဲ့လွတ်လပ်ခွင့်ကို မထိပါးရဘူး။ လူထုရဲ့လွတ်လပ်ခွင့်ကိုထိပါးနှောက်ယှက်ပြီး ဒီမိုကရေစီအစိုးရလို့ကြေငြာခွင့်မရှိဘူး ဆိုတာတွေကို ငယ်ငယ်တုံးကတော့ ဖတ်ဖူးမှတ်ဖူးတယ်ဗျာ။

အခုတော့ ကျုပ်တို့တိုင်းပြည်မှာ ဒီမိုကရေစီကိုပြောင်းလဲဖော်ဆောင်နေတဲ့ ကာလ ရောက်မှပဲ၊ ခေတ်အဆက်ဆက် အတူတကွနေထိုင်လာခဲ့ကြတဲ့လူနည်းစုလူမျိုးစုတွေကို
လူမျိုး ဘာသာ သာသနာ မတူကွဲပြားမှုကိုအကြောင်းပြပြီး နိုင်လိုမင်းထက်ပြုကျင့်မှု တွေ၊ နေအိမ်တွေက မောင်းထုတ်၊ အရှင်လတ်လတ် မီးရှို့သတ်ဖြတ်မှုတွေ၊ ဥစ္စာပစ္စည်းကို အချောင်ရလိုမှုနဲ့လုယက်တာတွေ၊ မိသားစုတွေကို ဒုက္ခသည် စခန်းတွေမှာထားပြီး လူသားဆန်တဲ့စိတ်ကင်းမဲ့ကာ လုံခြုံမှုမပေးတာတွေ၊ ကျန်းမာရေးစောင့်ရှောက်မှု မပေးတာတွေနဲ့ကြုံတွေ့နေရတာတွေ ကြားရ မြင်ရ စိတ်မချမ်းသာရ ဖြစ်ရတယ်ဗျာ။

လွတ်လပ်စွာပြောဆိုခွင့်၊ ရေးသားထုတ်ဝေခွင့်တွေနဲ့ လွတ်လပ်စွာကိုးကွယ်ယုံကြည်မှု တွေက အမည်ခံသာဖြစ်ပြီး တကယ့်လက်တွေ့မှာတော့ ဘာသာခြားတို့ရဲ့
အထွဋ်အမြတ်ထားရာဝတ်ကျောင်းတော်တွေ၊ စာသင်ကျောင်းတွေ၊သင်္ချိုင်းတွေဖျက်ဆီးပစ်ပြီး လူနည်းစု လူမျိုးစုတို့ရဲ့သမိုင်းကို ဖျောက်ဖျက်နေမှုတွေလည်း တွေ့နေရပါတယ်။ လူထုအားလုံးက ကျီးလန့်စာစားဘ၀နဲ့ ကြောက်ရွံ့ထိတ်လန့်
နေရတဲ့ဘ၀မှာ နေထိုင်ရတယ်။

အမျိုးသားရင်ကြားစေ့ရေးလို့ပြောကာ အမည်ခံငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကျင်းပအယောင်ပြပြီး၊ တစ်ဖက်မှာ လူသားချင်းမစာနာတဲ့ ကိုယ့်နိုင်ငံသား
အချင်းချင်းကြား စစ်ပွဲတွေဆက်တိုက်ဖန်တီးနေကြတာကြောင့် တိုင်းရင်းသားလူမျိုးစုတွေထဲမှာ စစ်ပြေးဒုက္ခသည်တွေ၊ မိဘမဲ့ကလေးတွေ၊ လင်သေသားဆုံး မုဆိုးမတွေနဲ့ ခြေကျိုးလက်ပြတ် ခိုကိုးရာမဲ့တွေလည်း ပြည့်နှက်နေပါပြီ။ လက်နက်အသင့် ငြိမ်းချမ်းရေးခေတ်ကို ပြန်လည်ဖော်ဆောင်
နေသလား၊ ငြိမ်းချမ်းရေးလို့ပြောပြီး တိုင်းပြည်ဘဏ္ဍာကိုယ်ကျိုးအတွက် အသုံးချနေကြသလားလို့တောင် ထင်မှတ်စရာပါ။

ဒါတွေဟာ ဆူပူအကြမ်းဖက်ပြီး တိုင်းပြည်ဖရိုဖရဲဖြစ်အောင် ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်နေတယ်ဆိုတာ ထင်ရှားပါတယ်။ လူထုရဲ့လွတ်လပ်မှုကို ထိပါး နှောက်ယှက် နေတဲ့ အတွက် ဒီမိုကရေစီစနစ်နဲ့ဆန့်ကျင်နေပြီး ဒီမိုကရေစီအစိုးရလို့ကြေငြာနေတာဘယ်လိုယုံကြည်ရမှာလဲဗျာ။ ဒီမိုကရေစီအစိုးရလို့ကြေငြာခွင့်မရှိဘူးလို့ ယူဆမိပါတယ်။

တိုင်းပြည်တွင်းမှာ ဆူပူအကြမ်းဖက်မှုတွေထူပြောပြီး လူထုကဒီမိုကရေစီကို ဗရမ်းဗတာလို့ထင်မြင် လာအောင်၊ ဒီမိုကရေစီကိုကြောက်ရွံ့လာအောင်၊ ဒီမိုကရေစီခေါင်းဆောင်တွေအပေါ်အပြစ်မြင်လာအောင်၊ လူထုလိုလားတဲ့ခေါင်းဆောင်ကို မုန်းတီးလာအောင်၊
လူထုအတွက်အရာရာ စွန့်လွှတ်ထားတဲ့ လူထုခေါင်းဆောင်ကို သမိုင်းသေအောင် အကွက်ဆင်ဖန်တီးပြီး အာဏာကိုဆုတ်ကိုင်ထားလိုတဲ့ အာဏာရှင်တစ်စုရဲ့ အောက်လမ်းနည်း၊ မသမာတဲ့နည်းတွေဆိုတာ လူထုကနားလည်သဘောပေါက်ကြပြီး ဒီမိုကရေစီကို ယုံကြည်မြတ်နိုးတဲ့လူထုခေါင်းဆောင်ရဲ့ခေါင်းဆောင်မှုအောက်ကနေ
သွေးစည်းညီညွတ်စွာ ပူးပေါင်းပါဝင် လက်တွဲ တိုက်ပွဲဝင်ကြမှသာ အာဏာရှင်စနစ် လုံးဝချုပ်ငြိမ်းပြီး ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

သွေးစည်းညီညွတ်မှုမရှိဘဲ၊ သူတလူငါတမင်း အကွဲကွဲအပြားပြားဖြစ်နေကြရင်၊
အကြမ်းဖက်မှု၊ ပဋိပက္ခဖန်တီးနေမှုတွေကို အားပေးအားမြှောက်ပြုနေကြရင်၊
လူမျိုးစွဲ ဘာသာစွဲပြင်းထန်ပြီး အာဏာရှင်လှည့်ကွက်အတွင်း သက်ဆင်းနေကြရင်၊
ကိုယ်နဲ့မဆိုင်သလို ရေငုံနှုတ်ပိတ်နေကြရင်တော့ အာဏာရှင်တို့စိတ်ကြိုက်
ဖြစ်ရုံသာမက ဒီမိုကရေစီရွှေပြည်တော်မျှော်တိုင်းဝေး နေကြရအုံးမည်သာ
ဖြစ်ပါတော့တယ်။
_______________________________________
m y O e w y n n _ 1 3 . 0 5 . 2 0 1 4