Home

Saturday, July 19, 2014

ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ်။

ပြည်ထောင်စုသား မွတ်စလင်များညီလာခံကြီး ကျင်းပနိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့
ကော်မတီတစ်ရပ်ကို တက်ရောက်လာကြသူအားလုံးရဲ့သဘောဆန္ဒနဲ့ရွေးချယ်ခဲ့တယ်
ဆိုတာ အားလုံးအသိပါ။ ညီလာခံဖြစ်မြောက်ရေးအတွက် ခိုင်ခိုင်မာမာ စိတ်ပိုင်းဖြတ်ပြီး အပြင်းအထန် အားထုတ်ကြိုးပမ်းပေးဆပ်ကြမယ့် ပုဂ္ဂိုလ်တွေလို့ ယုံကြည်ပြီး ကော်မတီမှာ လက်ရှိပါဝင်တဲ့သူတွေကို တက်ရောက်လာကြသူ အားလုံးက ရွေးချယ်လိုက်တယ်လို့ပဲ မြင်ပါတယ်။


လက်ရှိ ကော်မတီမှာပါဝင်တဲ့သူတွေကလည်း သူတို့ဟာခေါင်းဆောင်တွေပါလို့ မခံယူဘဲ၊ ညီလာခံဖြစ်မြောက်ရေးအတွက် လူထုက ခိုင်းတာတွေကို လုပ်ပေးဖို့ ရွေးချယ်ခြင်း ခံလိုက်ရသူတွေပါလို့ ခံယူ ဆုံးဖြတ်ထားတယ်ဆိုပြီး ပွင့်ပွင့်လင်းလင်း ပြောထားကြပြီးသားပါ။ အနယ်နယ် အရပ်ရပ်က ပူးပေါင်းပါဝင် အားဖြည့် အကြံဥာဏ်ပေးလိုသူများကိုလည်း ဗဟိုအကြံပေးဘုတ်အဖွဲ့က ကြိုဆိုလျှက်
ရှိတယ်လို့ သိရပါတယ်။။

ပြည်ထောင်စုသား မွတ်စလင်များညီလာခံကြီး ကျင်းပနိုင်ဖို့ဆိုတာ ခရီးကြမ်းကို
နှင်ရမှာပါ။ အကြီးအကျယ် စမ်းသပ်မှုတွေနဲ့ ထင်မှတ်မထားတဲ့အခက်အခဲတွေကို ရင်ဆိုင်ရမှာပါ။ ကြီးမားတဲ့ စိန်ခေါ်မှုတွေကိုလည်း ကြုံတွေ့ရမှာပါ။ ဖြေရှင်းရမယ့် ပြဿနာတွေ ဆိုတာလည်း ဒုနဲ့ဒေးပါ။ နည်းနည်းလေးချွတ်ချော်တိမ်းပါးသွားတာနဲ့ မျှော်လင့်ချက်မဲ့တဲ့ အနေအထားကို ချက်ချင်းပြန်ရောက်သွားနိုင်ပါတယ်။

အချိန်တိုအတွင်းမှာ ညီလာခံကြီးကျင်းပနိုင်ဖို့အတွက် ကြိုးစားကြိုးပမ်းနေတဲ့အချိန်မှ
သာမန်ထက်ပိုတဲ့ စိတ်ရှည်သည်းခံမှု၊ သာမန်ထက်ပိုတဲ့ ဇွဲလုံ့လနဲ့ သာမန်ထက်ပိုတဲ့
ကြိုးပမ်းအားထုတ်မှုတွေ လိုပါတယ်။

ဒါကြောင့်မို့ ပြည်ထောင်စုသား မွတ်စလင်များညီလာခံကြီး ကျင်းပရေးကော်မတီမှာ
အားကြိုးမာန်တက် လုပ်ကိုင်နေတဲ့သူတွေက လက်နဲ့ရေးတာကို ခြေနဲ့ဖျက်သလို မဖြစ်ကြဖို့ ကျွန်တော်တို့အားလုံး အခုထက်ပိုမို ဂရုစိုက်ရပါမယ်။ အခုထက်ပိုပြီး ၀ိုင်းဝန်းကြိုးပမ်းကြရပါမယ်။ အခုထက်ပိုပြီး စည်းလုံးညီညွတ်ကြရပါမယ်။ အခုထက်ပိုပြီး အမြော်အမြင်ရှိကြရပါမယ်။ နောက်ပြန်လဲကျစေမယ့် လုပ်ရပ်မျိုးတွေ မပြုမူမိစေဖို့ ကျွန်တော်တို့အားလုံး အထူးရှောင်ရှားကြရပါမယ်။ ရှေ့ခရီးမှာ ပိုမိုကောင်းမွန်အောင် ၀ိုင်းဝန်းကြိုးပမ်းကြဖို့ ကျွန်တော်တို့အားလုံးမှာ တာဝန်ရှိတယ် ဆိုတဲ့ အသိစိတ်နဲ့ နိုင်သည့်ဘက်မှ ပူးပေါင်းပါဝင်ကြရပါမယ်။

အမုန်း အငြိုး အာဃာတတရားတွေနဲ့ အစွဲတွေ ကင်းစင်ပြီး လူထုအကျိုးစီးပွားအတွက် ညီလာခံကြီးဖြစ်မြောက်ရေးကိုသာ ဦးထိပ်ပန်ဆင်ကာ မွန်မြတ်တဲ့ စိတ်နေသဘောထားတွေနဲ့ ရပ်တည်ကြဖို့၊ ပြည်ထောင်စုအတွက်၊ ပြည်ထောင်စုသားအားလုံးအတွက်၊ ပြည်ထောင်စုသားမွတ်စလင်များအားလုံးအတွက် သောကထားပြီး စည်းလုံးညီညွတ်စွာ ပူးပေါင်းပါဝင်ပေးကြဖို့ မေတ္တာရပ်ခံအပ်ပါတယ်။
______________________________________________________
m y O e w y n n _ 0 7. 0 5 . 2 0 1 4