Home

Monday, July 21, 2014

ရွှေဘတို့ခေတ်ကလို ပိတ်ကားကြီး ဓားနဲ့တက်ခွဲမှပဲ၊ ပွဲပြီးမယ်ထင်ပါရဲ့ဗျာ။

 ရာသီတွေသာပြောင်း၊ နှစ်တွေသာဟောင်းသွားပေမယ့် ရာစုနှစ်ဝက်ကျော်ကျော် ကပြ အသုံးတော်ခံလာတဲ့ ဒီဇာတ်ကားကြီးကို မင်းသားပြောင်းလိုက်၊ ဇာတ်ကွက်ပြောင်းလိုက်၊ ဇာတ်လမ်းအမည်ပြောင်းလိုက် လုပ်နေပေမယ့် ဇာတ်ရုပ်ကတော့ နောက်ဆုံးကျ ဒီအတိုင်းပါပဲ။ ခက်တာက မင်းသားကလည်း ဒီဇာတ်လမ်းမျိုးတွေပဲ သရုပ်ဆောင်နေကျဆိုတော့ ဇာတ်လမ်းနဲ့ အံဝင်ဂွင်ကျ ဇတ်ရုပ်ကိုပီပီပြင်ပြင် ပိုင်ပိုင်နိုင်နိုင် သရုပ်ဆောင်နေတာပေါ့။
ဇာတ်ညွှန်းနှင့် ဒါရိုက်တာကလည်း တစ်ယောက်တည်းဆိုတော့ ဇာတ်လမ်းမှာ ပါဝင်တဲ့သရုပ်ဆောင် အားလုံးကို သူ့နေရာနဲ့သူ အကွက်ချ တိုင်ပင်ပြီး ဇာတ်ရုပ်ပီပြင်အောင် သရုပ်ဆောင်ခိုင်းထားလေတော့ တချို့က ကြမ်းပြ၊ တစ်ချို့ကရမ်းပြနေသလို၊တစ်ချို့က နုပြနေရပြီး၊ မင်းသားကို ပရိဿတ်က မငြိုငြင်အောင်၊သနားအောင်လုပ်ပြီး ပို့ပေးနေတာပါ။ တစ်ချို့သရုပ်ဆောင်တွေနေရာနဲ့အဆင်မပြေရင် ပြောင်းသင့်တာပြောင်းတာတွေတော့ တစ်ခါတစ်ရံ ရှိတာပေါ့ဗျာ။

မင်းသားကြီးနဲ့ တစ်ချို့သရုပ်ဆောင်တွေက မင်းသမီးနဲ့အဆင်ပြေချင်ဟန်ဆောင်၊ မင်းသမီးကို အပျော့ဆွဲနဲ့ချဉ်းကပ်။ မင်းသမီးကလည်း ဖြူဖြူစင်စင် ရိုးရိုးသားသား ဆိုတော့ ဇာတ်ဆရာနဲ့ အပေါင်းအပါတွေရဲ့ကောက်ကျစ်မှုတွေကို အာဃာတ မထားဘဲ၊ ပရိဿတ်အတွက်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကြိုးစားပမ်းစား ကပြနေရင်း တစ်ခါတစ်ခါ ဇာတ်ဆရာရဲ့အကွက်ထဲကျွံဝင်မိသွားတာမျိုးလည်းရှိတာပေါ့။ မင်းသမီးတောင်ယုံတယ်ဆိုမှတော့ ပရိဿတ်တွေကလည်း မင်းသားကြီးတို့ ဇာတ်အဖွဲ့ကို ယုံကြည်လာပြီး ဆုတွေ ချလိုချ။ မင်းသားကြီးရဲ့အလံရှုး လော်ဘီတွေနဲ့ မင်းသားကြီးကိုစပွန်ဆာလုပ်ပေးနေတဲ့ခရိုနီတွေကလည်းမင်းသားကြီးထောက်ခံပွဲတွေ လုပ်လိုလုပ်ပေါ့။ နိုင်ငံတကာပရိဿတ်တွေကတောင် မင်းသားကြီးကို အထင်ကြီးပြီး နိုင်ငံခြားကိုဖိတ်ကြားကြသလို ရွှေဒိုင်းဆုတွေ ဘာတွေချဖို့ထိ ဖြစ်လာသေးတယ်ဗျ။

တကယ်တော့ ဇာတ်ဆရာနဲ့ အပေါင်းအပါတွေကတော့ မဖြစ်ဖြစ်တဲ့နည်းနဲ့ ပရိဿတ်ကြိုက်ကြိုက်၊ မကြိုက်ကြိုက်၊ မင်းသမီးကို အသုံးချပြီး ဇာတ်ကို မရှည်ရှည်အောင်ဆွဲဆန့်ဖို့ ကြိုးစားနေတာပါ။ ဇာတ်ဆရာရဲ့အကြံအစည်က မင်းသမီး ခြေကုန်လက်ပမ်းကျတဲ့အထိ ဒီဇာတ်လမ်းကိုဆွဲဆန့်သွားပြီး ဇာတ်စင်ပေါ်က မဆင်းဖို့ ရည်ရွယ်ထားပုံရတယ်ထင်တယ်။
သရုပ်ဆောင်အားလုံးကတော့ ပရိဿတ်ကြိုက်ဖို့၊ ပရိဿတ်ကိုအကျိုးပြုဖို့ထက် ဇာတ်ဆရာအလိုကျ ကပြအသုံးတော်ခံနေကြမှာပဲ။ တစ်ချို့ဇာတ်ဆောင်တွေက ဆက်မကချင်ပေမယ့်လည်း ဇာတ်ဆရာ အလိုမကျတဲ့သူတွေ ကို ဇာတ်ဆရာ ကန်ထုတ်ပြစ်တယ်ဆိုတာ မျက်မြင်ဆိုတော့ သရုပ်ဆောင်တွေ ခမျာလည်း ဆုတ်စူး စားရူးနဲ့ မထူးဇာတ်ခင်းနေကြရတာပါ။ ဇာတ်ဆရာနဲ့သူ့ရဲ့တစ်ချို့သရုပ်ဆောင်တွေက အကျိုးတူပူးပေါင်း ရိုက်ကူးတင်ဆက်နေတဲ့ဇာတ်လမ်း ဆိုတာလည်း သိသာထင်ရှားပါတယ်။

ပရိဿတ်ကလည်း ပထမတော့ ဟုတ်လှပြီထင်ပြီး မင်းသားကို အားပေးနေကြတာ၊ ဆက်ကြည့်တော့မှ တစ်ဖြေးဖြေးဇာတ်ရုပ်ကပေါ်လာတယ်။ မင်းသားကြီးခမျာ ပုဆိုးမနိုင်ပုဝါမနိုင်ဖြစ်ကာ မျက်နှာဖုံး ကျွတ်ကျပြီး အစွယ်ငေါငေါကြီး ထွက်လာတာ မြင်လိုက်ကြတော့မှ ပရိဿတ်လည်း ဟာကနဲ၊ ဟင်ကနဲ ဖြစ်ကြပါလေရော။

ဒါပေမယ့်လောလောဆယ်တော့ ဒီဇာတ်က ဇာတ်မျောကြီးဖြစ်နေအုံးမယ်ထင်တယ်ဗျ။
ဇာတ်လမ်းမြန်မြန် ပြတ်ချင်ရင်တော့ မင်းသမီးခြေကုန်လက်ပမ်းမကျခင် ပရိဿတ်တွေ အနေနဲ့ 
မင်းသမီးကို ၀ိုင်းရံကူညီပြီး၊ရွှေဘတို့ခေတ်ကလို ပိတ်ကားကြီး ဓားနဲ့တက်ခွဲမှပဲ၊ ပွဲပြီးမယ်ထင်ပါရဲ့ဗျာ။

_____________________________________________
m y O e w y n n _ 2 1 .7 .2 0 1 4