Home

Monday, July 21, 2014

အာဏာရှင်စနစ်ရဲ့မြန်မာ့နည်းမြန်မာ့ဟန် မျိုးချစ်စိတ်ပေလော။

ရှေးခေတ်မြန်မာရာဇ၀င်ထဲက သူရဲကောင်းတွေဖြစ်တဲ့
အနော်ရထာ၊ ကျန်စစ်သား၊ ဘုရင့်နောင်၊ အလောင်းဘုရား၊ မဟာဗန္ဓုလစတဲ့
မြန်မာ့သူရဲကောင်းကြီးတွေ မျိုးချစ်စိတ်ရှိတယ်ဆိုတာ
တိုင်းပြည်ဖွံ့ဖြိုးတိုးတက်အောင်ကြိုးပမ်းတယ်။


ပြည်သူလူထုကို ညှာတာထောက်ထား ကိုယ်ချင်းစာစိတ်ရှိတယ်။
တိုင်းပြည်ကို တိုင်းတပါးရန်က အသက်ပေးကာကွယ်ကြတယ်။

ဒီနေ့ခေတ်မှာ မျိုးချစ်စိတ်လို့ ကြွေးကြော်နေသူတွေကတော့
အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေးတို့၊
အမျိုး ဘာသာ သာသနာ ထိန်းသိမ်းရေးတို့ဆိုတဲ့
သည်းခြေကြိုက်စကားလုံးတွေသုံးပြီး
လူထုကိုသွေးထိုးမြှောက်ပင့် ၀ါဒမှိုင်းအမျိုးမျိုးတိုက်နေတယ်
အမြို့မြို့အနယ်မှာ အယောင်ဆောင် သင်္ကန်းခြုံစွမ်းအားရှင်များ
(သံဃာ၊ ဘုန်းကြီးဆိုသည့် စကားလုံးမသုံးသင့်ပါ) ဖန်တီးထားတယ်။
စစ်မှန်တဲ့ရဟန်းသံဃာတော်များကို အချင်းချင်းသွေးကွဲအောင်၊
အမုန်းပွားအောင်ဖန်တီးနေတယ်။
ကျဉ်းမြောင်းတဲ့ အမျိုးသားရေးစိတ်ဓာတ်နဲ့ လူမျိုးကြီးဝါဒကို
ပုံဖော်ပြီး လူထုရဲ့စည်းလုံးမှုပြိုကွဲအောင်ကြံဆောင်နေတယ်။
နိုင်ငံသားအချင်းချင်း လူမျိုးရေးခွဲခြားရန်တိုက်ပြီး
တိုင်းပြည်ချောက်ထဲကျအောင် တမင်တကာဖန်တီးနေတယ်။
တိုင်းပြည်ရဲ့ အဖိုးတန် သယံဇာတတွေရောင်းစားပြီး
ကိုယ်ကျိုးအတွက်အသုံးချတယ်။
နှစ်ပေါင်းများစွာ တိုင်းပြည်မှာ ပညာရေး၊ ကျမ္မာရေး၊ စီးပွားရေးနဲ့ လူမှုရေး
နိမ့်ကျအောင်လုပ်ပြီး လူထုကို လူမှုအဆင့်အတန်းနိမ့်ကျအောင်လုပ်တယ်။
နိုင်ငံသားအချင်းချင်း ရန်သူသဖွယ် ပြည်တွင်းစစ်ပွဲတွေဆင်နွှဲနေတယ်။
ခေတ်အဆက်ဆက် ဓါးမဦးချလုပ်ကိုင်လာခဲ့တဲ့ တောင်သူတို့ရဲ့
လယ်မြေတွေကို မတရားသိမ်းပိုက်နေတယ်။
ခေတ်အဆက်ဆက် နေလာခဲ့ကြတဲ့သူတွေကို
ကျူးကျော်သူများဟုဆိုကာ မောင်းထုတ်နေကြတယ်။
မွေးရပ်ဇာတိကနေ အကြမ်းဖက်မောင်းထုတ်ပြီး
ဒုက္ခသည်စခန်းတွေကို ပို့နေတယ်။
သမိုင်းရှိခဲ့တဲ့ လူထုခေါင်းဆောင်ကို သမိုင်းသေအောင် ဖန်တီးနေတယ်။
ဒီမိုကရေစီစနစ်ကို ဗရမ်းဗတာလို့ လူထုကမြင်လာအောင်ဖန်တီးနေတယ်။
၂၀၁၅ ရွေးကောက်ပွဲကို ရွှေ့ဖို့ကြံစည်နေတယ်။
အာဏာရှင်နဲ့ခရိုနီတွေကို အားပေးအားမြှောက်လုပ်နေကြတယ်။
အာဏာရှင်စနစ်ကို တွန်းအားပေးနေတယ်။
အာဏာရှင်စနစ်ကို နောက်ကြောင်းပြန်လှည့်အောင်ကြိုးပမ်းနေတယ်။
အာဏာရှင်စနစ်ကို ပံ့ပိုးနေတဲ့ဒေါက်တိုင်တွေသာဖြစ်တယ်။
အာဏာရှင်စနစ်ရဲ့မြန်မာ့နည်းမြန်မာ့ဟန် မျိုးချစ်စိတ်ပေလော။ ။
myOewynn_17.02.2014
 —