Home

Saturday, July 19, 2014

ဒေါ်အောင်ဆန်းစုကြည်က ကိုယ်ဟာကိုယ် စဉ်းစားကြပါလို့ တိုက်တွန်း။

ကချင်ပြည်နယ် သတင်းဌာနက သန်းခေါင်စာရင်းကောက်ယူမယ့်ကိစ္စနဲ့ ပတ်သက်ပြီး လူမျိုး ၁၃၅ မျိုးကိုသာ မူတည်ပြီး ကောက်မယ့်အကြောင်း၊ ကချင်တစ်မျိုးတည်း ထည့်လိုက်မယ်ဆိုရင်လည်း လူမျိုးစုတွေ ပျောက်သွားနိုင် ပါသလား လို့စိုးရိမ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို မေးမြန်းထားချက်ကို ကျွန်တော့်ရဲ့ New Moekaungkin - မိုးကောင်းကင်သစ် Page မှာ တင်ထားတော့
မိတ်ဆွေတစ်ယောက်က ရှင်းပြနိုင်မလားဆိုပြီး မေးလာတဲ့အတွက် ဒါကို ကျွန်တော် သဘောပေါက်သလို အနည်းငယ် ရှင်းပြချင်တာနဲ့ ဒီ Post ကိုရေးဖြစ်သွားတာပါ။
(ကချင်သတင်းဌာနနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ အမေး၊အဖြေကိုတော့
ကျွန်တော့်ရဲ့ New Moekaungkin - မိုးကောင်းကင်သစ် Page ကိုညွှန်းပါရစေ)

ဒီမေးခွန်းကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည်ဖြေကြားတာနဲ့ပတ်သက်ပြီး ကျွန်တော်နားလည်တာ ကတော့ လူမျိုးစုတွေရဲ့ ကိုယ့်ဇာတိ၊ ကိုယ့်မျိုးရိုးပျောက်သွားမလားဆိုတဲ့ စိုးရိမ်မှုကတော့ မလိုအပ်တဲ့ အကြောင်းနဲ့ ဒါက ကိုယ့်လူမျိုးအချင်းချင်း ကိုယ့်ဘာသာကိုယ် ညှိနှိုင်းလို့ရတယ်လို့ဆိုပါတယ်။သန်းခေါင်းစာရင်းကောက်ယူမယ့်အဖွဲ့က ၁၃၅ မျိုး သတ်မှတ်တယ်ဆိုပေမယ့် တစ်ထောင်သုံးရာ့ငါးဆယ်ပဲ သတ်မှတ် သတ်မှတ်၊ သုံးရားငါးဆယ်ပဲသတ်မှတ် သတ်မှတ်၊
ဒါဟာ အဓိကမဟုတ်ပါဘူး၊ နိုင်ငံတွင်းမှာ ရှိနေတဲ့ လူမျိုးစုတွေကသာ မိမိတို့လူမျိုးစုအတွင်းမှာ တူညီတဲ့သဘောထား ဖြစ်ဖို့က အခြေခံကျတယ်၊ အဓိကကျတယ်လို့ဆိုပါတယ်။
ဒါကို ဥပမာတစ်ခုအနေနဲ့ အမေရိကန်နိုင်ငံကိုရောက်နေတဲ့ မြန်မာနိုင်ငံက လူမျိုးအသီးနဲ့ပတ်သက်ပြီး ဘယ်လိုရှင်းပြသလဲဆိုရင် လူနည်းစုတွေဖြစ်နေတဲ့အပေါ်မှာ အားလုံးက ခေါင်းစဉ်တစ်ခုတည်း
အောက်မှာ မရပ်တည်ပဲ တစ်အုပ်စုကို တစ်မျိုး၊ မိမိတို့လူမျိုးစုအမည်ကို စွဲကိုင်ထားမယ်ဆိုရင် သတ်မှတ်ထားတဲ့ လူဦးရေမပြည့်မီပဲ လူနည်းစုရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးနိုင်တယ်။ လူတိုင်းက ကိုယ့်ဇာတိ၊ ကိုယ့်မျိုးရိုးထိန်းသိမ်းချင်တာ ကတော့ သဘာဝကျပါတယ်။ တဆက်တည်း ဘယ်လိုပူးပေါင်းဆောင်ရွက်ရမလဲဆိုတဲ့အချက်ကိုလည်းထဲ့သွင်း အဖြေရှာရမယ်လို့ပြောပါတယ်။
မိမိတို့ လူမျိုးတူအားလုံးပေါင်းပြီး ခေါင်းစဉ်တစ်ခုတည်းမှာ ရပ်တည်ခဲ့မယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ လူဦးရေကို ပြည့်မီပြီး၊ လူနည်းစုအခွင့်အရေးတွေ ရလာနိုင်တယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ထပ်ရှင်းလင်းအောင် ဥပမာပေးရမယ်ဆိုရင် ကျွန်တော်က အစ္စလာမ်သာသနာဝင် တစ်ဦးဖြစ်နေတော့ အစ္စလာမ်သာသနာဝင်များကိုပဲ ဥပမာပေးပါရစေ။
ကမ္ဘာပေါ်မှာဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ မြန်မာနိုင်ငံမှာဖြစ်ဖြစ်၊ အစ္စလာမ်သာသနာဝင်အားလုံးကို မွတ်စ်လင်မ်လို့ ဘာသာရေးအသုံးအနှုံးအရခေါ်တွင်ကြပါတယ်။ မွတ်စ်လင်မ်ဆိုတာက လူမျိုးနာမည် မဟုတ်ပါဘူး။ ဘာသာရေးဆိုင်ရာ အသုံးအနှုံးတစ်ခုပါ အစ္စလာမ်သာသနာရဲ့သွန်သင်ဆုံးမမှုတွေအတိုင်း တစ်သွေမတိမ်း ကျင့်ကြံအားထုတ်ပြီး လူမှုသက်တမ်းမွေးမြူသူတွေကိုခေါ်တာပါ။ မွတ်စ်လင်မ်ဆိုသူတွေ အမေရိကန်၊ အင်္ဂလိပ်၊ ပြင်သစ်၊ အိန္ဒိယစတဲ့ ကမ္ဘာနိုင်ငံအသီးသီးမှာလည်းရှိပါတယ်။ မြန်မာနိုင်ငံအနေအထားနဲ့ဆိုရင် စူရတီ၊ မေမန်၊ ကာကာ၊ ကျူလီယာ၊ ဘန်ဂါလီ၊ ဇေဒဗာရီစသဖြင့် မျိုးကွဲလူမျိုးစုတွေတော့ ရှိပါတယ်။ နောက်ထပ်လူမျိုးစုတွေလည်း အသီးသီးရှိကြပါတယ်။
မိမိရဲ့မျိုးရိုးဇာတိအစဉ်အဆက်ကို တန်ဖိုးထားတာ၊ လေးစားတာ၊ ထိန်းသိမ်းချင်တာကိုတော့ အပြစ်မပြောလိုပါဘူး။ ထိန်းသိမ်းသင့်ပါတယ်။ ကျွန်တော်ကိုယ်တိုင် ဘယ်သူက ဘာလူမျိုးလဲ မေးမေး၊ ကာကာလို့ပဲ ဖြေပါတယ်။ ကျွန်တော့်ရဲ့မျိုးရိုးစဉ်ဆက်ကို ကျွန်တော်လည်း တန်ဖိုးထား ပါတယ်။ ဒီနေရာမှာ ပြောချင်တာက ကျွန်တော်တို့ရဲ့ မျိုးရိုးစဉ်ဆက်ကိစ္စ မဟုတ်ပါဘူး။ သန်းခေါင်စာရင်းကိစ္စ၊ လူဦးရေစာရင်းကိစ္စပါ။ ဒေါ်အောင်ဆန်းစုကြည်စကားနဲ့ပြောရရင် ဘယ်လိုပူးပေါင်းဆောင်ရွက်ကြမလဲဆိုတဲ့အချက်ကို ထဲ့သွင်းစဉ်းစား အဖြေရှာရမှာပါ။
မြန်မာနိုင်ငံမှာ အစ္စလာမ်သာသနာဝင်တွေဟာ လူနည်းစု လူ့အဖွဲ့အစည်းပါ။ လူနည်းစုတွေဖြစ်တဲ့အလျောက် ခေတ်အဆက်ဆက် လူနည်းစု အခွင့်အရေးတွေ ဆုံးရှုံးနေခဲ့တာ အားလုံးအသိပါ။ ဘာကြောင့်လူနည်းစုစာရင်း အသွင်းခံရတာလဲ။ လူနည်းစုအတွင်းမှာပင်လျှင် အုပ်စုတွေကွဲနေကြလို့သာဖြစ်တယ်။ဒီလိုကွဲနေအောင်လည်း အသားထဲကလောက်ထွက်နေသူ တွေက သွေးခွဲ သပ်လျှိုပြီး ညီညွတ်ရေးကို ဖျက်ဆီးနေကြလို့ပါ။
အခု သန်ခေါင်းစာရင်း၊ လူဦးရေစာရင်းကောက်ယူရေးအစီအစဉ်မှာလည်း နောင်လာနောက်သား မျိုးဆက်တို့ရဲ့ရှေ့ရေးမျှော်တွေးပြီး စွမ်းစွမ်းတမံ ကြိုးပမ်းနေကြသူတွေရှိပေမယ့်လည်း မလိုတမာ သွေးခွဲလိုသူတွေကလည်း တဖက်အုပ်စုနဲ့ ပူးပေါင်းကြံစည်နေကြတာတွေတွေ့နေရပါတယ်။
အကယ်၍သာ ကျွန်တော် အစ္စလာမ်သာသနာဝင်တို့အနေနဲ့ သန်းခေါင်စာရင်း၊ လူဦးရေ စာရင်း ကောက်ယူရေးအစီအစဉ်မှာ မိမိတို့ရဲ့ဇာတိ မျိုးရိုးစဉ်ဆက်နဲ့ မိမိတို့ လူမျိုးစုအမည်နာမကို ရှေ့တန်း မတင်ပဲ၊ အစ္စလာမ်သာသနာဝင်အားလုံးက ဘုံသဘောတူညီချက်တစ်ခုရယူကာ သမိုင်းဝင်၊ ပြန်တမ်းဝင်၊ဘိုးတော်ဘုရားလက်ထက်ကစစ်တမ်းဝင်ခေါင်းစဉ်တစ်ခုတည်းအောက်မှာ ရပ်တည်ခဲ့မယ်ဆိုရင် နိုင်ငံတော်က သတ်မှတ်ထားတဲ့ လူဦးရေ ပြည့်မီမှာဖြစ်ပါတယ်။ သတ်မှတ်ထားတဲ့ လူဦးရေ ပြည့်မီမှလည်းပဲ လူနည်းစု အခွင့်အရေးတွေရလာမှာဖြစ်ပါတယ်။
ဒီလိုမှမဟုတ်ဘဲ အစ္စလာမ်သာသနာဝင်ထဲမှာပဲ တစ်ချို့က မြန်မာမွတ်စလင်မ်ရေးမယ်၊
တစ်ချို့က ပသီရေးမယ်၊ တစ်ချို့က ကျူလီယာရေးမယ်ဆိုလည်း ဒါကတော့ မိမိတို့ရဲ့ မွေးရာပါလွတ်လပ်တဲ့အခွင့်အရေးပါ။ အတင်းအဓမ္မ မရေးပါနဲ့လို့ မတိုက်တွန်းလိုပါ။ မိမိတို့ကိုယ်တိုင်ဖန်တီးတဲ့ မိမိတို့ သမိုင်းပါ။ တစ်အုပ်စုကို တစ်မျိုး၊ မိမိတို့လူမျိုးစုအမည်ကို စွဲကိုင်ထားမယ်ဆိုရင်တော့ သတ်မှတ်ထားတဲ့ လူဦးရေမပြည့်မီပဲ လူနည်းစု ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ဆုံးရှုံးပြီးရင်းဆုံးရှုံးကာ နောင်လာမယ့်မျိုးဆက်အတွက် မိမိတို့ဖက်က တာဝန်မကျေရာရောက်ပါလိမ့်မယ်။

နောက်ဆုံးအနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့အဖြေကို ခြုံငုံသုံးသပ်ကြည့်မယ်ဆိုရင်တော့ မြန်မာနိုင်ငံမှာရှိတဲ့ ဘယ်လူနည်းစု လူမျိုးစုတွေပဲဖြစ်ဖြစ်၊ လူနည်းစုဖြစ်နေတဲ့အတွက်
ဒီ ဇာတိမျိုးရိုး စဉ်ဆက် ကြွဲပားနေတဲ့လူမျိုးစုတွေ အားလုံးက စည်းစည်းလုံးလုံးနဲ့ တူညီတဲ့သဘောထားအောက်မှာ အခြေခံပြီးတော့ အမည်တစ်ခုထဲအောက်မှာ စုစည်းသင့်တယ်လို့ ဆိုလိုကြောင်း ကျွန်တော်တော့မြင်တယ်။ နောက်ဆုံးပိတ်မှာတော့ ဒေါ်အောင်ဆန်းစုကြည်က ဒါကိုတော့ ကိုယ်ဟာကိုယ် စဉ်းစားကြပါလို့ တိုက်တွန်းထားပါတယ်။
(ကျွန်တော်ရဲ့ပုဂ္ဂလိကအမြင်ကို တင်ပြခြင်းသာဖြစ်ပါတယ်။ ကျွန်တော်လည်း ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ၊ ကိုယ့်ဘာသာကိုယ် စဉ်းစားကြပါလို့ ပြောလိုက်ချင် ပါတော့တယ် ခင်ဗျာ။)
myOewynn_06.03.2014