Home

Saturday, July 19, 2014

အရည်အချင်းမရှိတဲ့အုပ်ချုပ်သူတွေနဲ့ပြည်သူ့ကိုယ်စားလှယ် ယောင်ဝါးတွေ။

ဒီမိုကရေစီနိုင်ငံအဖြစ်တည်ဆောက်မယ့် နိုင်ငံတွေမှာ ရွေးကောက်ပွဲတွေ ကျင်းပပြီး
အများဆန္ဒနဲ့ တင်မြှောက်လိုက်တဲ့ ပြည်သူ့ ကိုယ်စားလှယ်လို့ဆိုသူတိုင်း
ဒီမိုကရေစီကို ယုံကြည်တဲ့သူ၊ တန်ဖိုးထားတဲ့သူ၊ မြတ်နိုးလေးစားတဲ့သူတွေ
ဟုတ်မဟုတ်ဆိုတာ ပြည်သူလူထုက အမြဲတစေ လေ့လာစောင့်ကြည့်နေဖို့လိုတယ်။
နိုင်ငံကို တည်ငြိမ်တိုးတက်အောင် ကြိုးပမ်းနိုင်စွမ်း၊ ပြည်သူလူထုကို စီမံအုပ်ချုပ်နိုင်စွမ်းနဲ့
ပြည်သူလူထုဘ၀ ဖွံ့ဖြိုးတိုးတက်အောင် စွမ်းဆောင်နိုင်ရည် ရှိမရှိဆိုတာ
ပြည်သူလူထုက ဆန်းစစ်နေဖို့လည်းလိုပါတယ်။


ဒီမိုကရေစီကိုတည်ဆောက်နေပါတယ်ဆိုပြီး အတုအယောင် ပုံဖော်ဟန်ဆောင်လုပ်ပြနေတဲ့
အရည်အချင်းမရှိဘဲ စီမံအုပ်ချုပ်နေသူတွေ၊ ပြည်သူ့ကိုယ်စားလှယ်တွေနဲ့သာ
ဒီမိုကရေစီအဆောက်အအုံကြီးတစ်ခုလုံးထဲမှာ ပြည့်နှက်နေမယ်ဆိုရင်
ဒီမိုကရေစီတည်ဆောက်နိုင်မှုဟာ ဘယ်တော့မှ အောင်မြင်မှာမဟုတ်ဘူး။
ဒီမိုကရေစီအတွက် ဘေးအန္တရယ်တွေဖြစ်လာစေနိုင်တဲ့အပြင်
ဒီမိုကရေစီရဲ့ သဘောတရားတွေကိုပါ ထိခိုက်ပျက်ဆီးစေပါတယ်။
ဒီမိုကရေစီနဲ့သွေဖည်ဆန့်ကျင်တဲ့ အနေအထားတွေဖြစ်ပေါ်လာနိုင်ပြီး
တိုင်းပြည်နဲ့ ပြည်သူလူထုဘ၀ နစ်နာဆုံးရှုံးမှုတွေနဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။
ဒါကြောင့် ဒီမိုကရေစီရဲ့ သဘောတရားတွေကို ပြည်သူလူထုတွေက သဘောပေါက်နားလည်အောင်
ကျင့်ကြံအားထုတ်ပြီး ဒီမိုကရေစီကို အချိန်မီ ကာကွယ်ရမှာဖြစ်ပါတယ်။
အရည်အချင်းမရှိတဲ့အုပ်ချုပ်သူတွေနဲ့ ပြည်သူ့ကိုယ်စားလှယ် ယောင်ဝါးတွေသာ
စိုးမိုးအုပ်ချုပ်နေသရွေ့ ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့ အခြေအနေတွေကိုသာ ရင်ဆိုင်နေရမှာဖြစ်ပြီး
ပြည်သူလူထုကသာ ခါးစီးခံနေရမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။
________________________________
m y O e w y n n _ 26.03.2014