လက်ပံတောင်းတောင်ဆန္ဒပြမှုတွေက လက်ရှိနိုင်ငံရေးလမ်းကြောင်းကို ဘာတွေသက်ရောက်နိုင်ပါသလဲ။
ဒီမေးခွန်းဟာ အင်မတန်မေးသင့်တဲ့မေးခွန်းနဲ့ အင်မတန်ဖြေသင့်တဲ့အဖြေပါ။ ကျွန်တော်ကတော့ ဘာဖြစ်မယ်ဆိုတာထက် ကြေးနီတောင်စီမံကိန်းနဲ့ပတ်သတ်ပြီး အဆိုးဆုံးအနေအထားကို ရောက်ရှိလာပြီးမှ ဒေါ်အောင်ဆန်းစုကြည်ကို ဖြေရှင်းဖို့ ကြိုးစားခိုင်းတာကို ပိုပြီးစိတ်ဝင်စားပါတယ်။
ကြေးနီတောင်စီမံကိန်းကို စုံစမ်းရေးကော်မရှင်ကို ဒေါ်အောင်ဆန်းစုကြည်ကို ခေါင်းဆောင်တင်ဆုံးဖြတ်ခိုင်းခြင်းဟာ
ဒေါ်စုရဲ့ နိုင်ငံရေးလမ်းကြောင်းကို အားစမ်းလာပြီလို့ ဆိုရပါလိမ့်မယ်။
ဒေါ်စုရဲ့ နိုင်ငံရေးလမ်းကြောင်းကို အားစမ်းလာပြီလို့ ဆိုရပါလိမ့်မယ်။
စုံစမ်းရေးကော်မရှင်ဥက္ကဌအဖြစ်တင်မြှောက်ခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် မုံရွှာမြို့ကို မရောက်ခင်လေးမှာမှ ဆန္ဒပြမှုကို မီးလောင်ဗုံးသုံးပြီး သံဃာတော်တွေကို အကြမ်းဖက်နှိမ်နှင်းတာ ဘာကြောင့်ပါလဲ။ အဲဒီလို နှိမ်နှင်းဖို့ လိုအပ်လို့လား။ ဒါဟာ ကျိုးကြောင်း ဆီလျော်မှုရှိရဲ့လား။
ကာယကံမြောက်ကျူးလွန်သူတွေဟာ ဘယ်သူတွေလဲ။ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းမှာ ဖြစ်ပျက်တာဆိုတော့ တိုင်းဒေသကြီး ၀န်ကြီးချုပ်အပါအ၀င် ပြည်နယ် အစိုးရအဖွဲ့ဝင်တွေ ပါဝင်ပါလိမ့်မယ်။ အမိန့်ပေးနိုင်သူဟာ ဒေသရဲ့ အကြီးဆုံးသူသာ ဖြစ်ပါလိမ့်မယ်။ တိုင်းဒေသကြီးရဲမှုးဆိုတာ ဗျုရိုကရက်ပါ။
တိုင်းဒေသကြီးအစိုးရက ပေါ်လစီ၊ ဆုံးဖြတ်ချက်ချမှတ်သူပါ။ ဒီဆန္ဒပြမှုကို အမိန့်ပေးပိုင်ခွင့်ဆိုတာ တိုင်းဒေသကြီးအဆင့် ဗျူရိုကရက်တစ်ဦးတည်းက ဆုံးဖြတ်ပိုင်ခွင့်မရှိပါဘူး။ သူ့အထက်မှာ တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ပြည်ထောင်စု အဆင့် ပြည်ထဲရေးဝန်ကြီးဌာနရှိပါတယ်။ ဆန္ဒပြမှုကို ဖြိုခွဲတာမှာလည်း နိုင်ငံတကာ ဆန္ဒပြမှုနှိမ်းနှင်းရေး နည်းလမ်းများနဲ့ များစွာ ကွဲလွဲလျက်ရှိကြောင်း ကြားသိနေရပါတယ်။
ကြေးနီတောင်စီမံကိန်းမှာ ဒေသခံ ပြည်သူလူထုနဲ့ သံဃာတော်၊ မြန်မာစီးပွားရေးဦးပိုင်လီမိတက်၊ တရုတ်ဝမ်ပေါင်ကုမ္ပဏီ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဆိုပြီး သက်ဆိုင်တဲ့သူတွေကို အမျိုးအစား ခွဲထုတ်သတ်မှတ် လုပ်လိုက်ရင် ပွိုင့်တွေရပါလိမ့်မယ်။
အဆုံးမှာ နောက်ဆုံးကျန်ခဲ့မှာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စုံစမ်းရေးကောင်မရှင်၊ ဒေသခံပြည်သူလူထုနဲ့ သံဃာတော်တွေပါ။
တရးမမျှတမှုတွေနဲ့ ကြိုးကိုင်ထားတဲ့ ဦးပိုင်၊ တရုတ် ၀မ်ပေါင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဆိုတဲ့ ပွိုင့်သုံးပွိုင့်ဟာ အသာလေးလျှောထွက်သွားနိုင်ပါတယ်။ အခုလည်း လျှောထွက်သွားပါပြီ။
ဒီအချက်ကို အားစမ်းဖို့ အစိုးရသစ်က ဒေါ်အောင်ဆန်းစုကြည်ကို ဥက္ကဌ အဖြစ် အသုံးချပြီး၊ ဖန်တီးလိုက်တာလားဆိုတာ မေးခွန်းထုတ်ဖို့ လိုအပ်လာပါပြီ။ ဒေါ်စုပြောထားတဲ့ အမှန်တရားအတိုင်း ဖြစ်စေရမယ်ဆိုတဲ့ဟာ ဟုတ်၊ မဟုတ်ဆိုတာကို ပြည်သူတွေ စောင့်ကြည့်မှာပါ။
ဒေါ်စုအနေနဲ့လည်း ဒါဟာ နိုင်ငံရေးအရ အသုံးချခံလိုက်ရတာ ဟုတ်၊မဟုတ်ကို လေ့လာဆန်းစစ်သင့်ပါတယ်။
ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား . . . တရုတ်ပရောဂျက်တွေကိုသာ လိုက်ရှင်းရမယ်ဆိုရင် ပြီးဆုံးနိုင်ပါ့မလား။ အခုတောင် ကျောက်ဖြူမြို့နယ် မဒေးကျွန်းမှာရှိတဲ့ တရုတ်သဘာဝဓာတ်ငွေ့စီမံကိန်းရှေ့မှာ ဒေသခံပြည်သူတွေ ဆန္ဒပြဖို့လုပ်နေကြပြီ။
အဆိုပါဆန္ဒပြမှုသာ ဖြစ်ပေါ်လာပါက တရုတ် ပိုက်လိုင်းတစ်လျှောက် ဆန္ဒပြမှုတွေ ဆက်တိုက်ဖြစ်လာနိုင်တယ်။
သမ္မတကြီး ဦးသိန်းစိန်နောက်မှာ ဦးအောင်မင်း၊ ဦးစိုးသိန်း စတဲ့သူတွေက Public Figure တည်ဆောက်နေပါပြီ။
ပြည်သူနဲ့ အမြင့်ဆုံး ထိတွေ့ဆက်ဆံပြီး နိုင်ငံရေးအချိန်းအဆက်မိမိ Public Figure ကို ပိုပြီးကြီးအောင် တည်ဆောက်နေကြပါတယ်။ လုပ်ရပ်၊ ပြောစကားတွေကိုလည်း လေ့လာလိုက်ပါဥိး။ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့
ဖွံ့ဖြိုးရေးပါတီရဲ့ မဟာဗျူဟာလည်း ဖြစ်နိုင်တယ်။
ဖွံ့ဖြိုးရေးပါတီရဲ့ မဟာဗျူဟာလည်း ဖြစ်နိုင်တယ်။
ပြည်သူတွေအနေနဲ့ ကြေးနီတောင်စီမံကိန်းကြောင့် ပျက်စီးသွားတဲ့ လူမှုရေး၊ စီးပွားရေး၊ ပညာရေး ဘ၀တွေပေါ်မှာ အခြေခံတဲ့ ခံစားချက်က ဆင်ခြင်တုံတရားထက် ပိုအားကြီးပါတယ်။
အဲဒီလို ရင့်မှည့်နေတဲ့ နာကြည်းချက်ကို ပိုပြီးဆွပေးလိုက်တာက ဆန္ဒပြမှုကို မီးလောင်ဗုံးသုံး နှိမ်နှင်းတာပဲ ဖြစ်ပါတယ်။ စစ်ကိုင်းတိုင်းဒေသကြီးမှာ ဖြစ်တဲ့အတွက် စစ်ကိုင်းတိုင်းဝန်ကြီးချုပ်အပါအ၀င် အစိုးရဟာ အပြည့်အ၀ တာဝန်ရှိပါတယ်။
တစ်ဖက်ကကြည့်ရင်လည်း ဆန္ဒပြမှုနှင့် ပဋိပက္ခအကျပ်အတည်းဟာ အမြင့်ဆုံးအဆင့်ထိ လက်တည့်စမ်းလိုက်ခြင်းဖြင့် ဘာဖြစ်နိုင်မလဲဆိုတဲ့ စမ်းသပ်မှုတစ်ခုလည်း ဖြစ်နိုင်ပါတယ်။ ဒီဖြေရှင်းမှုကနေ နောက် ဆန္ဒပြမှုနဲ့ ပဋိပက္ခအကျပ်အတည်းတွေကို ဘယ်လိုဖြေရှင်းရင် ရနိုင်တယ်ဆိုတဲ့ နည်းလမ်းသစ်လည်း ရရှိသွားမှာ ဖြစ်ပါတယ်။
ဒါကြောင့် ပွိုင့်သုံးပွိုင့်ကို ၀ိနည်းလွတ်အောင် ခပ်ဝေးဝေးမှာ ဘေးထွက်ထိုင်ခိုင်းထားတာ ဖြစ်ပုံရပါတယ်။ နောက်တော့ မသက်ဆိုင်တဲ့သူတွေကို တောင်းပန်ခိုင်းဖို့၊ ကျေနပ်အောင် နှစ်သိမ့်ဖို့ သစ္စာတော်ခပ်ကြီးကြီးခံ အရပ်ဘက်ဝန်ကြီးတွေကို အစားထိုးသွင်းလိုက်တာပါ။
နောက်ဆုံးမြင်ကွင်းက ကြေးနီတောင်လူထုနဲ့ ဒေါ်အောင်ဆန်းစုကြည်သာ ကျန်ခဲ့မှာပါ။
လက်ပံတောင်းတောင်ဒေသခံပြည်သူများနဲ့ သံဃာတော်များကို ဒေါ်စုပြောတဲ့ အမှန်တရားအတိုင်း ဖြစ်စေရမယ်ဆိုတဲ့ စကားလုံးက အမှန်တကယ်လွှမ်းမိုးနိုင်ပါ့မလား။ သံသယဖြစ်စရာပါ။
ကြေးနီတောင်ဆန္ဒပြမှုနှိမ်နင်းရေးဟာ နိုင်ငံရေးကစားကွက် ဟုတ်၊ မဟုတ် ဆိုတာထက် အောက်ပါမေးခွန်းတွေနဲ့ ဆန်းစစ်လို့ရမယ်ထင်ပါတယ်။
( ၁ ) ဆန္ဒပြမှုနှိမ်နင်းရေးမှာ မီးလောင်ဗုးံသုံးဖို့ မည်သူက အမိန့်ပေးပါသလဲ။
( ၂ ) ဆန္ဒပြမှုနှိမ်နင်း အစိုးရက စေတနာရှိပါက လူနာတင်ကား၊ ရှေးဦးသူနာပြုစုနည်း စသည်တို့ဖြင့် ဘာကြောင့် မပြုလုပ်ပါသလဲ။ ( လူနာတွေဟာ ကိုယ့်အစီအစဉ်နဲ့ကိုယ် အရပ်ဘက် အဖွဲ့အစည်းများက ၀င်ရောက်ကူညီခဲ့၍သာ ဤမျှ သက်သာရာရခဲ့ခြင်းဖြစ်ပါတယ်။ )
( ၃ ) စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ ၀န်ကြီးချုပ်နဲ့အဖွဲ့ဟာ သတင်းစာရှင်းလင်းပွဲ ဘာကြောင့် မလုပ်နိုင်ပါသလဲ။
( ၄ ) ဆန္ဒပြမှုနဲ့ ပဋိပက္ခအကျပ်အတည်းကို နှိမ်နှင်းရေးနည်းလမ်းဟာ တကယ်သုံးထိုက် ပါရဲ့လား။
ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ကြည့်နေတဲ့အမြင်ကို တစ်ကြိမ်လောက် ပြောင်းပြန်လှန်ကြည့်ပါလား။
ဒီလို ပြသာနာကို ဘေးကထွက်ပြီး ကြည့်လိုက်ရင် ဘာပဲဖြစ်ဖြစ် အမြင်တစ်မျိုးရရင် အရှူးံမရှိပါဘူး။ နိုင်ငံရေးအသုံးချမှု ကစားကွက်သာဆိုရင် တော်တော်နဲ့ ရုန်းထွက်နိုင်မှာ မဟုတ်ပါဘူး။ ကြံ့ခိုင်ရေးပါတီမှာ နောက်ပေါ်မယ့် Public Figure တွေ တစ်ယောက်ပြီး တစ်ယောက်ရှိနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ရဲ့ NLD ပါတီအနေနဲ့ ဒေါ်စုနောက်က ပေါ်လာမယ့် ပြည်သူတစ်ရပ်လုံးက လက်ခံနိုင်တဲ့ Public Figure မရှိသေးပါဘူး။
အကယ်၍ ကြေးနီတောင်စီမံကိန်းကနေ ဒေါ်စုအနေနဲ့ တစ်စုံတစ်ရာ ချွတ်ချော်ခဲ့မယ်ဆိုရင် ၂၀၁၅ရဲ့ NLD အခန်းကဏ္ဌဟာ ရင်လေးစရာပါ။
စုံစမ်းစစ်ဆေးမှုကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်တဲ့နေရာမှာ အစိုးရဟာ ပြသာနာအားလုံးကို အချိန်ဆွဲခြင်းဖြင့် ဇာတ်ကို ရှည်အောင်လုပ်ပြီး လူမသိ သူမသိ ဇာတ်သိမ်းကောင်းသိမ်းနိုင်ပါတယ်။ နောက်ဆက်တွဲလုပ်ရပ်တွေကနေ သက်သေပြမှာ ဖြစ်ပါတယ်။
ဆိုတော့ . . . ဒေါ်အောင်ဆန်းစုကြည်ကို သာမန်နိုင်ငံသားတစ်ယောက်အနေနဲ့ ဒီမိုကရေစီနည်းလမ်းကျကျ တွေးဆရန် အစတစ်ခု ဖော်ပြရမယ်ဆိုရင် ယခုအစိုးရပေးတဲ့ ၀ှက်ဖဲကို ပြောင်းပြန်လှန်ကြည့်လိုက်ပါ။
ဒီလိုဆိုရင် ၆ ဖြစ်နိုင်သလို ၉ လည်းဖြစ်နိုင်တယ်ဆိုတာ တွေ့ရပါလိမ့်မယ်။
( မှတ်ချက်။ ။ဤဆောင်းပါးတွင်ပါရှိသော မီးလောင်ဗုံးဟူသော အသုံးအနှုန်းမှာ ဆောင်းပါးရှင်၏ စကားလုံးသာ ဖြစ်ပါသည်။ )
သန်းစိုး ( ဘောဂဗေဒ )
မော်ကွန်း မဂ္ဂဇင်း