Home

Thursday, March 7, 2013

မတူကွဲပြားမှုက အလှတရားပဲ

Population 436 ဆိုတဲ့ ဗွီဒီယိုကားလေး ကြည့်ရတယ်။ ဇာတ်လမ်းက Rockwell Falls ဆိုတဲ့ ရွာသေးသေး မှာ လူဦးရေက နှစ်ပေါင်းများစွာ မပြောင်းမလဲ ၄၃၆ ယောက်ပဲ ရှိနေတဲ့အကြောင်းနဲ့ အဲဒီရွာမှာ ဘာအမှုအခင်းမှ ဖြစ်ပွားခြင်းမရှိတဲ့အကြောင်း နဲ့ ကျောရိုးတည်ထားတယ်။ သိပ်ကို ငြိမ်းချမ်းတည်ငြိမ် ပြီးပြည့်စုံတဲ့ လူ့အဖွဲ့အစည်းတစ်ခုပေါ့။ 

ဒါပေမယ့် အဲဒီကို steve kady ဆိုတဲ့ လူတစ်ယောက် သန်းခေါင်စာရင်းကောက်ဖို့ ရောက်လာတဲ့အခါမတော့ 
အများထင်သလို မဟုတ်ဘဲ၊ ပြီးပြည့်စုံအောင် ဇွတ်အတင်း လုပ်ယူထားတဲ့ လူ့အဖွဲ့အစည်း တစ်ခု ဖြစ်နေကြောင်းပေါ်သွားတော့တယ်။

သူတို့ ရွာနာမည် Rockwell Falls ကို စာလုံးရေ ၁၃ လုံးနဲ့ ဖွဲ့စည်းထားသလို သူတို့လူဦးရေကလဲ ၄၃၆ (၄+၃+၆) 
အားလုံးပေါင်းတော့ ၁၃ ရတယ်။ အဲဒီ ဂဏန်းကို ရွာသူရွာသားတွေ သိပ်တန်ဘိုးထားရာကနေ.. 
လူဦးရေကို ၄၃၆ မကျော်အောင် ကလေးတစ်ယောက်မွေးလာရင် ဘော်လံတီယာ တစ်ယောက်က သူ့သဘောနဲ့သူ သေပေးရတယ်။

အဲသလို မဟုတ်ရင်လဲ ပိုနေတဲ့တစ်ယောက်ကို ရွာအုပ်ချုပ်ရေးအဖွဲ့က လူမသိ၊ သူမသိ နည်းမျိုးစုံနဲ့ ဖျောက်ဖျက်ပစ်လိုက်ကြတယ်။ ဖြစ်သမျှ အမှုအခင်းကိုလဲ ဘာမှတ်တမ်းမှတ်ရာမှ မကျန်စေဘူး။

အဲသလိုနည်းနဲ့ သူတို့ရွာလေးကို တည်ငြိမ်အေးချမ်း ပြီးပြည့်စုံတဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် နှစ်တစ်ရာမက သူတို့ အစဉ်အဆက် ထိမ်းသိမ်းလာခဲ့ကြတယ်။

အဲဒီဇာတ်ကား ကြည့်ရတော့ လူတွေဟာ သိပ် ပြီးပြည့်စုံစေချင်တဲ့စိတ် (သို့) သိပ် perfect ဖြစ်ချင်တဲ့စိတ် အဓိပတိ တပ်လာရင် တကယ့်လက်တွေ့ကိုကျော်လွန်ပြီး အပျက်ဖက်ကို စံလွဲသွားတတ်တဲ့ သဘောလေး သင်ခန်းစာရမိတယ်။

ငါတို့အဖွဲ့စည်းက သိပ်ပြီးပြည့်စုံတာ- ငါတို့မျိုးရိုးက သိပ်တော်တာ- ငါတို့ဘာသာက သိပ်မွန်မြတ်တာ- 
ငါတို့လူမျိုးက သိပ်ယဉ်ကျေးတာ စသဖြင့် perfectism ကို မျှော်လင့်ရာကနေ နောက်ဆုံး ကိုယ့်မျှော်လင့်ချက်-ကိုယ်ဇတ်မသတ်နိုင်တော့ဘဲ ကိုးကွယ်တဲ့အဆင့်ရောက်ပြီး အဖွဲ့အစည်းထဲက မပြည့်စုံမှုတွေကို ဖုံးဖိ၊ 
မျိုးရိုးထဲက အညံ့တွေကို လူသိမခံ၊ ဘာသာတရားထဲက အားနည်းချက်တွေကို မျက်စိစုံမှိတ်ငြင်း၊ 
ဘယ်လောက်မကောင်းမကောင်း ကိုယ့်လူမျိုးဆို အတင်းကာကွယ်နဲ့ ဖြစ်ကုန်တော့တာပဲ။

နောက်ဆုံးတော့ မူလရည်ရွယ်သလို အခေါက်ရွှေစစ်စစ် မဟုတ်တော့ဘဲ အပေါ်ယံရွှေမှုန်ကြဲထားတဲ့
နွားချေးတုံးကြီးအနေနဲ့ ဇာတ်သိမ်းကြရရှာတယ်။

တကယ်တမ်းက ဘယ်အဖွဲ့အစည်းမှ ဘယ်လူသားမှ ပြီးပြည့်စုံတယ်ဆိုတာ မရှိဘူး။ အသွေးအရောင်စုံ-အတွေးစုံ
အသိပညာအမျိုးမျိုးနဲ့ လူပေါင်းစုံ စုမိမှတော့ မတူကွဲပြားမှု၊ ပဋိပက္ခ၊ ထိပ်တိုက်တိုးမှု ဆိုတာတွေဟာ 
ဘယ်လိုမှရှောင်လွှဲလို့ မရစကောင်းတဲ့ အရာပဲ။

အရေးကြီးတာက အဲဒါတွေကို အရှိတရားတစ်ခုအဖြစ် လက်ခံပြီးသကာလ၊ အဖွဲ့အစည်းရဲ့  လားရာနဲ့-ရည်ရွယ်ချက်နဲ့ ချိန်ထိုးနှိုင်းယှဉ်သုံးသပ်ကြရမှာ။ အခြေအတင် အပြင်းအထန် ဆွေးနွေးအဖြေရှာကြရမှာ။

အမြင်အတွေး တူမျှမှုတိုင်းဟာ တန်ဘိုးရှိချင်မှ ရှိသလို.. မတူကွဲပြားမှုကိုက အလှတရားတစ်ခုအဖြစ် တန်ဘိုးထားစရာ ဖြစ်နေတတ်တာကိုလဲ မမေ့သင့်ဘူး။

SONY ရဲ့  ဖခင်ကြီး မိုရိတကို သူ့လက်ထောက်က အလုပ်ထွက်တော့မယ့်အကြောင်း လာပြောတယ်။ 
မင်းဘာလို့ ထွက်မှာလဲလို့ မိုရီတက မေးတော့ '' ကျုပ်ပြောသမျှ ခင်ဗျားရှောရှောရှုရှု လက်ခံတာသိပ်နည်းတယ်၊ 
အမြဲတမ်း ကန့်လန့်တိုက်နေတာ၊ အဲဒီလိုအဆင်မပြေမှတော့ ကျုပ်နုတ်ထွက်လိုက်တာက အကောင်းဆုံးဖြစ်လိမ့်မယ် ''
လို့ ဟိုကပြန်ဖြေတယ်။

ငါပြောသမျှ မင်းလက်ခံ၊ မင်းအဆိုပြုသမျှ ငါခေါင်းညိမ့် ဆိုရင် ငါ့အနေနဲ့(မင်းအနေနဲ့) 
ဘယ်လိုလုပ် အတွေးသစ်အမြင်သစ် တွေ ရတော့မှာလဲ.. 
မင်းနဲ့ငါနဲ့ အမြဲတမ်းအမြင်မတူညီမှုကိုက ငါတို့ကုမ္ပဏီအတွက် အလှတရားတစ်ခု.. မရှိမဖြစ် တန်ဘိုးထားရမယ့်အရာ.. 
ဒါကြောင့် မင်းထွက်စရာမလိုဘူး.. ဒီအတိုင်း ဆက်သွားကြမယ်..လို့ မိုရိတ က ဖျောင်းဖျခဲ့တယ်။

အဲဒီစကားဟာ ဆိုနီရဲ့  မိုရိတနဲ့ အတူ ကမ္ဘာကျော်ခဲ့တယ်။ သဘောမတူမျှတိုင်း လမ်းခွဲမယ်-ငါထွက်တယ်-
မပေါင်းတော့ဘူး လောက်ပဲ လုပ်တတ်ကြတဲ့ ဒွန္နယာကြီးမှာ မိုရိတ ရဲ့  အဲဒီစကား ကမ္ဘာကျော်တာ မဆန်းပါဘူး။ 
အဲဒါဟာ လူတိုင်းရဲ့  အလေ့မှ မဟုတ်ဘဲ။

လောကကို ဖောက်ထွက် သိမြင်ကြသူတွေရဲ့  ဦးနှောက်က ထွက်ပေါ်လာတဲ့ အမတေ သဘောတရား တစ်ခုပဲ။
ဆိုတော့-လိုရင်းပြောရရင် (အခုမှလိုရင်းရောက်တယ် -:)
NLD ပါတီဝင်တွေ အကွဲအပြဲဖြစ်တဲ့ သတင်းတွေ ဖတ်ရတယ်။ ကွဲပြဲတယ်ဆိုမှတော့ ပဋိပက္ခရှိလို့- ပြဿနာရှိလို့ ပေါ့။ လူ့အဖွဲ့အစည်းတစ်ခုရဲ့  လက်တွေ့ဆန်မှုမှာ ပဋိပက္ခ တို့ ထိပ်တိုက်တိုးတာတို့ ဆိုတာ မရှိမဖြစ်ပဲ။

အဲဒါဟာ အလှတရားတစ်ခု လို့ ရှုမြင်ကြရမယ်။
ရှိနေတဲ့ ပြဿနာကို မရှိချင်ယောင်ဆောင်တာ၊ ဖြစ်နေတဲ့ ပဋိပက္ခကို ဇွတ်ဖုံးဖိထားတာ၊ သိပ်ပြီးပြည့်စုံတဲ့ အဖွဲ့အစည်းတစ်ခုအဖြစ် လက်တွေ့ကျော်လွန် ဖြစ်စေချင်တာ.. စတာတွေကမှ အကျဉ်းတန်မှုတွေပဲ။
 ဒါကြောင့် ပြဿနာတက်တိုင်း၊ အမြင်မတူမျှတိုင်း၊ လမ်းခွဲတယ်-ထွက်တယ် တော့ မလုပ်ကြစေချင်ဘူး။
ဆိုနီရဲ့  မိုရိတ တို့လို ရင့်ကျက်တဲ့ ဦးနှောက်ပိုင်ရှင်တွေကို သင်ခန်းစာယူပြီး မတူကွဲပြားမှု၊ ပဋိပက္ခတွေကို အပြန်အလှန် တန်ဘိုးထားကြစေချင်တယ်။
 အဲသလိုမှဘဲ အဖွဲ့ဟာ စုစည်းမိပြီး '' အဖွဲ့  အစည်း '' ရယ်လို့ ပီသတော့မပေါ့။
 နို့မို့ဆိုလို့ကတော့ စုစည်းနေတဲ့ကြားက ရုန်းထွက်ဖို့ပဲစိတ်သန်တဲ့ '' အစည်း  အရုံး '' ပဲ ဖြစ်နေပါလိမ့်မယ်။

Credit to Ko Navana