Home

Tuesday, March 5, 2013

ဒီမိုကရေစီနဲ့ ထိုက်တန်တဲ့ အသိဉာဏ်ရှိမှု၊ အမြင်ကျယ်မှုတို့ လိုအပ်


ကမ္ဘာပေါ်မှာ နိုင်ငံတွေအများအပြားရှိသလို လူမျိုးတွေ အစုံအလင်၊ ယုံကြည်ကိုးကွယ်ရာဘာသာတွေ အသီးသီးရှိကြပါတယ်။ ဒီနေ့ခေတ်က ကမ္ဘာ့ရွာခေတ်ကြီးပါ။ ဒီကမ္ဘာ့ရွာခေတ်ကြီးမှာ လူမျိုးစွဲ ဘာသာစွဲတွေ စွဲလမ်းဆုပ်ကိုင်ထားတာ  ဟောင်းနွမ်းဆွေးမြေ့နေပါပြီ။ ဒီအတိုင်းပဲ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လူမျိုးစုတွေ အစုံအလင်၊  ယုံကြည်ကိုးကွယ်ရာ ဘာသာတွေ အသီးသီးရှိပါတယ်။ မြန်မာနိုင်ငံ အတိုင်းအတာနဲ့ပြောရရင်တော့ အားလုံးဟာ တစ်လမ်းတည်းနေသူတွေ လိုဖြစ်နေပါပြီ။
ဒီလိုအခြေအနေမှာ အခုထိ လူမျိုးစွဲ ဘာသာစွဲတွေ စွဲလမ်းဆုပ်ကိုင်ထားအုံးမယ်ဆိုရင်တော့
အလားအလာကောင်းတွေအတွက် အဟန့်အတားတွေဖြစ်နေနိုင်ပါတယ်။ ကိုးကွယ်ယုံကြည်မှု ကွဲပြားခြားနားတဲ့ လူမျိုးစုံနေထိုင်ရာဒေသတွေမှာ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းတွေဖြစ်ပွားတာဟာ ဆုံးရှုံးမှုသာ ဖြစ်ပါတယ်။

ကိုယ်နဲ့တူတဲ့ လူမျိုးတစ်စုကို သာစေ၊ ကိုယ်နဲ့မတူတဲ့အခြားလူမျိုးတစ်စုကို နာစေ။ ကိုယ်ကိုးကွယ်ရာ ဘာသာတစ်ခုကို သာစေ၊ ကိုယ်နဲ့မတူတဲ့ အခြားသူ ကိုးကွယ်ရာ ဘာသာတစ်ခုကို နာစေ ဆိုတဲ့ ဆန္ဒစွဲတွေ ကိန်းအောင်းနေကြရင်တော့ ပြဿနာတွေ၊ အခက်အခဲတွေ၊ လူမျိုးရေးပဋိပက္ခတွေက ဒီမိုကရေစီပြောင်းလဲရေးအတွက်စိန်ခေါ်မှုတွေဖြစ်နေအုံးမှာဖြစ်ပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ တစ်ချိန်က ပြည်သူလူထုတစ်ရပ်လုံး၊ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ တိုင်းရင်းသားလူမျိုးစုပေါင်းစုံ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နေလာခဲ့တဲ့နိုင်ငံပါ။ လွတ်လပ်ရေးကိုလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ဦးဆောင်မှုအောက်မှာ စည်းလုံးညီညွတ်မှုအင်အားနဲ့ အတူတကွကြိုးပမ်းရယူခဲ့ကြတာပါ။ လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်း နှစ်ပေါင်းများစွာ အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဥမကွဲသိုက်မပြိုက် ချစ်ချစ်ခင်ခင်နေလာခဲ့ကြရာက အာဏာရှင်တို့အုပ်စိုးတဲ့အချိန် အမိုက်ခေတ် အမှောင်ခေတ်မှာ အာဏာရှင်တို့စနစ်ဆိုးရဲ့ သွေးခွဲသပ်လျှိုလိုတဲ့ ၀ါဒမှိုင်းတွေရဲ့အောက်မှာ ကျွန်တော်တို့တတွေ မှိုင်းမိခဲ့ကြရတာပါ။
 ကျွန်တော်တို့ရဲ့ဥဏှောက်တွေ၊ အသိဥာဏ်တွေ၊ ယုံကြည်ချက်တွေ၊ အတွေးအခေါ်တွေ ခေတ်နောက်ကျကျန်ခဲ့ရတယ်။ အမှောင်ဖုံးခဲ့ရတယ်။ လူမျိုးစုတစ်မျိုးနဲ့ အခြားလူမျိုးစုတို့အကြား၊ ဘာသာတစ်ခုနဲ့ အခြားဘာသာတို့အကြား၊ အုပ်စုတစ်ခုနဲ့ အခြားအုပ်စုတို့အကြား နေရာဒေသမတူလို့၊ လူမျိုးစုမတူလို့၊ ဘာသာမတူလို့၊ အုပ်စုမတူလို့ဆိုတဲ့ အတ္တစွဲတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် မုန်းတီးမှုတွေ၊ ရန်လိုမှုတွေ၊ အညှိုးထားမှုတွေ၊ အာဃာတတွေ ဖြစ်ခဲ့ရပါတယ်။

ဒါတွေဟာ တစ်ကယ်တော့ အာဏာရှင်စနစ်အမှောင်ခေတ်ရဲ့အောက်မှာ ရာစုထက်ဝက်ကျော်ကျရောက် ဖြတ်သန်းခဲ့ရတဲ့ ဆိုးမွေတွေပါ။ လူမျိုးရေးသွေးခွဲမှု၊ ဘာသာရေးသွေးခွဲမှုတွေဟာ နိုင်ငံတော်အား တည်ငြိမ်မှုပျက်ပြားအောင်ဖန်တည်းဖို့  ခေတ်အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ အကောင်းဆုံး၊အရေးအပါဆုံးနှင့် အထိရောက်ဆုံး လက်နက်တွေဖြစ်တယ်။ နိုင်ငံ မငြိမ်မသက်ဖြစ်ပေါ်လာပါက နိုင်ငံရေး အမြတ်ထုတ်လိုသူတို့၏ ရည်ရွယ်ထားသည်များ အောင်မြင်သွားပြီး နောက်ကြောင်းပြန်လှည့်သွားမယ်ဆိုရင် ရဟန်းရှင်လူ ဘာသာစုံ လူမျိုးစုံ ပြည်သူလူထု၊ ကျောင်းသားလူငယ်များ၏ အသက်သွေးချွေးတို့ဖြင့် ရင်းနှီးထားခဲ့ရသမျှ သဲထဲရေသွန်ဖြစ်သွားမှာဖြစ်ပါတယ်။

ဆရာလူထုစိန်ဝင်း ရဲ့စကားအငှားသုံးပြီးပြောရမယ်ဆိုရင်....အယူအဆမတူတာ သဘောထား ကွဲပြားခြားနားတယ်ဆိုတာ သဘာဝပဲ။
အယူအဆမတူလို့ ရန်ဖြစ်တယ်ဆို တာက၊ မပြည့်ဝတဲ့သဘော၊ မရင့်ကျက်တဲ့ သဘောဖြစ်တယ်။ လူတိုင်း ကိုယ် ယုံချင်တာ လွတ်လပ်စွာယုံခွင့်ရှိတယ်။ အခိုင်အမာကိုင်စွဲထားခွင့် ရှိတယ်ဆိုတာကို နားလည် သဘောပေါက်ပြီး မငြိုမငြင် လက်ခံနိုင်ခြင်းဟာ
 စိတ်ယဉ်ကျေးမှု အထက်တန်းကျသူများရဲ့ အခြေခံလူ့ကျင့်ဝတ် တစ်ခုဖြစ်တယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်တယ်။
ရေကိုသား လို့ အကြားမထင်ဆိုတဲ့ ညီညွတ်ရေးမျိုးဟာ စကားအဖြစ်သာ ပြောလို့တင့်တယ်တာ။ တကယ် လက်တွေ့တော့ မရှိနိုင်ဘူး။
တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ ညီညွတ်ရေးစကားမျိုးနဲ့ တစ်သားတည်း ညီညွတ်ရေးဆိုတဲ့ စကားမျိုးဟာ၊ အဓိပ္ပါယ်ကောက် အယူလွဲရင်
တစ်လွဲ ဆံပင်ကောင်းဖြစ်ပြီး အကြွင်းမဲ့ အာဏာရှင်စနစ်ကို ဦးတည်ရောက်ရှိသွားစေနိုင်တယ်...... ။

ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းနေဆဲကာလမှာ အတိတ်က ခါးသီးခဲ့တဲ့သမိုင်းကို မိမိရရ သင်္ခန်းစာယူပြီး၊ ပြည်သူလူထု
တစ်ရပ်လုံးက စိတ်သစ်၊ လူသစ်နဲ့ပူးပေါင်းပါဝင်ကြိုးပမ်းရမှာဖြစ်ပါတယ်။ အတိတ်အာဏာရှင်ခေတ်၊ အမိုက်ခေတ်၊ အမှောင်ခေတ်က မျက်ကန်းမျိုးချစ်အစွဲတွေ၊ နိမ့်ကျတဲ့အတွေးအခေါ်တွေ၊ တစ်ယူသန်ယုံကြည်ချက်တွေ၊ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အယူအဆတွေ ကိုပြင်ကြဖို့အချိန်ရောက်နေပါပြီ။ အတိတ်က အကျင့်ဆိုးတွေ၊ စရိုက်ဆိုးတွေ၊ အကျင့်ဟောင်းတွေကိုပြင်ကြရမှာဖြစ်ပါတယ်။ မုန်းတီးမှုတွေ၊ ရန်လိုမှုတွေ၊ အညှိုးထားမှုတွေနဲ့ အာဃာတတွေကိုဖျောက်ရမှာဖြစ်ပါတယ်။ ခွဲခြား နှိမ့်ချမှုတွေ၊ အနိုင်ကျင့် စော်ကားမှုတွေ၊ ဗိုလ်ကျ စိုးမိုးမှုတွေ၊ နိုင်လိုမင်းထက်ပြုကျင့်မှုတွေ၊ မတရားနယ်မြေလုမှုတွေ၊ မီးရှို့ ဖျက်ဆီးမှုတွေ၊ အုပ်စုဖွဲ့ သတ်ဖြတ်မှုတွေ၊ မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့လုပ်ရပ်တွေရှောင်ရမှာဖြစ်ပါတယ်။ နိုင်ငံသားအချင်းချင်း၊ ဘာသာအချင်းချင်း လူမျိုးစုအချင်းချင်း တိုက်ခိုက်နေရမည့် အချိန်မဟုတ်တော့ပါ။

မည်သည့်ဘာသာဝင်၊ မည်သည့်လူမျိုးပင်ဖြစ်စေ နိုင်ငံသားမှန်လျှင် နိုင်ငံတော်ကိုတည်ငြိမ်အေးချမ်းစေလိုပါက သတိဝိရိယရှိရှိ၊ အမြင်ကျယ်ကျယ်၊ နားလည်မှုအပြည့်အ၀ဖြင့် ဘာသာရေးစွဲ၊ လူမျိုးရေးစွဲ အစွန်းမရောက်ကြဘဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်းဆောင်ရွက်ကြရမဲ့ အချိန်အခါဖြစ်ပါတယ်။  စည်းလုံးညီညွတ်မှုကို ဟန့်တားပျက်စီးစေမယ့် ဘာသာရေးအမြင်ကျဉ်းပြီး သွေးခွဲမှုတွေကို အမြော်အမြင်ရှိသူတိုင်းက  ညီညီညွတ်ညွတ်နဲ့ ဆန့်ကျင်ကြရမဲ့ အချိန်အခါလည်းဖြစ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေ စိုးမိုးရေးစတဲ့ နိုင်ငံတော်အသွင်ကူးပြောင်း တည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်ကြိုးပမ်းဖို့ဟာ  နိုင်ငံသားတိုင်းရဲ့ မွေးရာပါတာဝန်ဖြစ်ပါတယ်။

နယ်မြေမတူ၊ ဘာသာမတူ လူမျိုးစုကွဲပြားမှုတွေကြား  ပဋိပက္ခဖြစ်စေနိုင်တဲ့၊ အထင်အမြင်လွဲမှားစေတဲ့၊ စည်းလုံးညီညွတ်မှု ပျက်ပြားစေတဲ့ အပြုအမူတွေ၊ တုန့်ပြန်မှုတွေ၊ ရှောင်ရှားရမယ်။ ဘာသာရေး၊ လူမျိုးရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးမငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်နေသူများကို ဆန့်ကျင်ဖော်ထုတ်ရမယ်။   ငါ့လူမျိုး၊ သူ့လူမျိုး၊ ငါ့ဘာသာ၊ သူ့ဘာသာဆိုတဲ့ အစွဲတွေရှိနေသေးတယ်ဆိုရင်တော့ ခ၀ါချလိုက်တာ အကောင်းဆုံးပါပဲ။ ဘာသာရေး အစွန်းရောက်တာတွေ၊ လူမျိုးရေးအစွန်းရောက်တာတွေကို လုံးဝဆန့်ကျင်ရမယ်။

နယ်မြေဒေသကိုလိုက်ပြီး၊ အသားအရောင်ကိုလိုက်ပြီး၊ အဝတ်အစားကိုလိုက်ပြီး ၊ မတူညီသော ဘာသာရေး၊ ယဉ်ကျေးမှုတွေကို 
လိုက်ပြီး ခွဲခြားမှုတွေရှောင်ရှားရမယ်။ အမုန်းတရားကိုတိုးပွားစေတဲ့ ဒေါသကို လှုံ့ဆော်ပေးတဲ့ဝါဒဖြန့်စာတွေ၊ပုံတွေ၊အသံလွှင့်မှုတွေကို ရှောင်ရှားရမယ်။ လူမျိုးခြားမယူရ၊ လူမျိုးခြားနှင့်မဆက်ဆံရ စတဲ့အစွန်းရောက်အမြင်တွေကနေ ကင်းလွတ်ကြရမယ်။  
နယ်မြေမတူ၊ ဘာသာမတူ လူမျိုးစုကွဲပြားမှုတွေကြား တစ်ဦးနဲ့တစ်ဦး အပြန်အလှန်လေးစားဖို့ လိုပါတယ်။ လူသားဖြစ်တည်မှုကို အထူးအလေးပေးရမယ်။  လူသားမျိုးနွယ်၊ လူသားဖြစ်တည်မှု ၊လူ့ဗီဇအခြေခံကို အသိအမှတ်ပြုတန်ဖိုးထားပြီး၊ လူသားမျိုးနွယ်တိုင်းကို အားလုံးတန်းတူညီတူ အခွင့်အရေး ရပိုင်ခွင့် ခံစားပိုင်ခွင့်၊ တန်ဖိုးထားလေးစားမှုခံယူပိုင်ခွင့်တွေ မျှဝေပေးအပ်လိုစိတ်တွေမွေးရမယ်။

ကိုယ်နဲ့မတူတဲ့ ယုံကြည်ချက်၊ အတွေးခေါ်တွေကို မလေးစားနိုင်ရင်  ကျွန်တော်တို့ဟာ စစ်မှန်ပြီး တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီနိုင်ငံကို မထူထောင်နိုင်ပါဘူး။ ဘာသာမတူ လူမျိုးစုကွဲပြားမှုတွေကြား ယုံကြည်မှုတည်ဆောက်ကြဖို့လိုတယ်။ ယုံကြည်မှု တည်ဆောက်လို့မှ မရရင် စည်းလုံး ညီညွတ်မှု ဆိုတာ ဖြစ်ပေါ်လာမှာ မဟုတ်လို့ တိုးတက်တဲ့ သာယာဝပြောတဲ့ ဒီမိုကရေစီ လူ့ဘောင်ကို ထူထောင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရအုံးမှာဖြစ်ပါတယ်။

ငြိမ်းချမ်းတဲ့၊ ညီညွတ်တဲ့၊ တိုးတက်ဖွံ့ဖြိုးတဲ့၊ သာယာဝပြောတဲ့ နိုင်ငံသစ်တစ်ခု ကမ္ဘာအလည်မှာ တင့်တင့်တယ်တယ် ပေါ်ထွန်းလာဖို့၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေး၊ ကျန်းမာရေး ပညာရေးစတာတွေ
ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ဆိုတာ ဒီမိုကရေစီနှင့် ထိုက်တန်တဲ့ အသိဉာဏ်ရှိမှု၊ အမြင်ကျယ်မှုတို့လိုအပ်သလို လူမျိုးစွဲ၊ ဘာသာစွဲတွေကို နိုင်ငံရေးမှာ မရောထွေးစေဘဲ ၊ လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားအားလုံး စည်းလုံးညီညွတ်စွာ ပူးပေါင်းကြိုးစားကြဖို့ တိုက်တွန်းလိုပါတယ်။

ဒါမှသာ အာဏာရှင်တို့အကြိုက်၊ နောက်ကွယ်ကြိုးကိုင်သူတို့အကြိုက်၊ သွေးထိုးလှုံ့ဆော်သူတို့အကြိုက် နောက်ကြောင်းပြန်လှည့်မှု၊ နောက်ပြန်ဆုတ်နိုင်တဲ့အခြေအနေတွေကနေ ကင်းဝေးမှာဖြစ်ကြောင်း တင်ပြလိုက်ရပါတယ်။

ဘာသာရေး၊ လူမျိုးရေးကို ခုတုံးလုပ်ပြီး  နိုင်ငံရေးမငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်နေသူတွေရဲ့   လှည့်ပတ်ဖြားယောင်းသွေးဆောင်မှု ကနေ လွတ်ကင်းကြပါစေ။ 

မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)