Home

Friday, March 8, 2013

ကျွန်တော့်မှာ မိုဘိုင်းဖုန်း မရှိပါ။

ကျွန်တော့်မှာ မိုဘိုင်းဖုန်း တစ်ကယ်ကို မရှိတာပါ။ မိုဘိုင်းဖုန်းတစ်လုံးရဲ့ ဈေးနှုန်းက ရန်ကုန်မြို့မှာနေတဲ့
ဆင်းရဲသားလည်းမက လူလတ်တန်းစားလည်းမကျတဲ့ ကျွန်တော့်လို လူတစ်ယောက်ကဝယ်မယ်ဆို ဝယ်နိုင်တဲ့အနေအထားကို ရောက်နေပြီလို့ ပြောလို့တော့ ရပါတယ်။ ဒါပေမယ့် ကျွန်တော့မှာ မိုဘိုင်းဖုန်း မရှိပါဘူး။
နှစ်သိန်းတန်ဖုန်း စရောင်းတဲ့အချိန်တုန်းက ကျွန်တော့်အသိမိတ်ဆွေတွေထဲက ဖုန်းမရှိသူ အားလုံးနီးပါး
မိုဘိုင်းဖုန်းကိုယ်စီနဲ့ဖြစ်သွားပါတယ်။ နှစ်သိန်းမတတ်နိုင်လို့မဝယ်နိုင်သေးတဲ့သူတချို့လည်းကျန်ပါသေးတယ်။

ကျွန်တော်က ကိုယ့် အကြောင်းနဲ့ကိုယ် ဖုန်းဝယ်မကိုင်ဘဲနေတော့ အားလုံးက အမျိုးမျိုးဝိုင်းပြောကြပါတယ်။
ကိုယ်ပိုင်လုပ်ငန်းလေးတစ်ခုလုပ်နေတဲ့ လူတစ်ယောက်အနေနဲ့ကျွန်တော့်မှာလည်း မိုဘိုင်းဖုန်းတစ်လုံး 
ရှိသင့်တာ အမှန်ပဲဆိုတာ ကျွန်တော်လည်း နားလည်တာပေါ့။
ဒါပေမယ့် ဖုန်းဈေးက ဖြစ်သင့်တဲ့ဈေးထက်အဆမတန် ပိုများနေတာကတစ်ကြောင်း၊တယ်လီဖုန်းကို လူတိုင်းကိုင်နိုင်မှ 
ကျွန်တော်လည်း ဝယ်ကိုင်ဖို့ သံဓိဌာန်ချထားတာကြောင့်တစ်ကြောင်း၊ ဖုန်းဈေးတွေကိုသာမန်ပြည်သူတွေ ဝယ်သုံးနိုင်တဲ့အထိ ဈေးကျအောင် သမ္မတဖြစ်သူက သေချာပေါက်ကြိုးစားဆောင်ရွက်မယ်လို့ ယုံကြည်တာကြောင့်တစ်ကြောင်း စတဲ့ အကြောင်းကြောင်းတွေကြောင့် ကျွန်တော် ဖုန်းဝယ်မကိုင်ရခြင်းဖြစ်ပါတယ်လို့ ရှင်းပြတဲ့အခါ အားလုံးက လက်မခံကြပါဘူး။
တချို့က ပြက်ရယ်ပြုပါတယ်။ ခင်ဗျားကလည်း လုပ်မနေပါနဲ့ဗျာ၊ ခင်ဗျားတစ်ယောက်မဝယ်လို့ဘာထူးမှာလဲ၊
လူတိုင်းတိုးကြိတ်ဝယ်နေကြတာပဲ၊ (နှစ်သိန်းဖုန်းကို ရန်ကုန်သားတွေအများဆုံးဝယ်နိုင်ကြတယ်ထင်ပါတယ်။
တော်တော်များများဖုန်းကိုယ်စီနဲ့ဖြစ်သွားပါပြီ။သူများဖုန်းပြောနေတာကိုပါးစပ်လေးအဟောင်းသားနဲ့ငေးနေရရှာတဲ့သူတွေ ရန်ကုန်မှာလည်းမနည်းနောကျန်နေသေးတာကြည့်ရင် နယ်ကလူတွေဘယ်လောက်အလှမ်းဝေးနေသေးတယ်ဆိုတာ မှန်းဆလို့ရပါတယ်။)
ကျွန်တော့်က နှစ်သိန်းဖုန်းကို ခံယူချက်ပြင်းပြင်းနဲ့ဝယ်မကိုင်ဘဲနေလို့အသိမိတ်တွေတွေကနှမ်းတစ်စေ့နဲ့ ဆီမဖြစ်ပါဘူး စသဖြင့် ပြစ်တင်ဝေဖန်ကြပါတယ်။

ကျွန်တော်ကလည်းခေါင်းမာစရာရှိရင် နှစ်ယောက်မရှိပါ။ မှန်တယ်ထင်လို့ကတော့မလျှော့တတ်ပါဘူး။
နိုင်ငံချစ်စိတ်၊လူထုချစ်စိတ်ကလေးကလည်းရှိရင်းစွဲဆိုတော့ အများပြည်သူနဲ့ အတူတူ ရပ်တည်လို့ရသမျှ ရပ်တည်ဖို့ ၊ကျွန်တော်တတ်နိုင်တာလေးတွေကို အစွမ်းကုန်လုပ်ဖို့ ပိုင်းဖြတ်ထားတဲ့အလျောက် အပြစ်တင်စကား ပြောတဲ့
မိတ်ဆွေ အပေါင်းအသင်းတွေကို ကက်ကက်လန်ချေပ ပါတယ်။ ခင်ဗျားတို့ ဥာဏ်မမီတိုင်းလျှောက်မပြောကြပါနဲ့ဗျာ၊ 
ကျွန်တော်က ဂျာနယ်မှာ နိုင်ငံရေးဆောင်းပါးလေးဘာလေး ရေးတဲ့ လူဆိုတာ ခင်ဗျားတို့မေ့နေကြပြီထင်တယ်။ 
ကျွန်တော့် ပါးစပ်က သာမန်ထက်တော့ နည်းနည်းပိုကျယ်တယ်လေဗျာ။ပြီးတော့ ဖုန်းကို မတရားဈေးနဲ့ရောင်းနေသရွေ့
ဘယ်တော့မှ ဝယ်မကိုင်ဘူးကွဆိုပြီး ပေကပ်နေတာ ကျွန်တော်တစ်ယောက်ထဲတော့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး၊
ကျွန်တော့်စာလေးတွေဖတ်မိတဲ့ သူ တွေလည်းအနည်းနဲ့အများ ဈေးကျအောင်စောင့်ရမယ်ဆိုတာ သိမှာပါ။
ပြီးတော့ သမ္မတက လူထုအပေါ်စေတနာထားတယ်ဆိုတာ ကျွန်တော် အကြွင်းမဲ့ယုံတယ် စသဖြင့် ကျွန်တော်က
နှုတ်လှန်ထိုးပါတယ်။ နောက်ပြီး ကျွန်တော့်စာတွေဖတ်မိလို့ ကျွန်တော့်အတွေးအခေါ်အယူအဆတွေကို လက်ခံပြီး 
မိမိကိုယ်ကိုယ်ပြုပြင်ပြောင်းလဲရေးလုပ်ကြတဲ့သူတွေက ကျွန်တော့်ဆီ အီးမေးလ်တွေ ပို့ကြတာလည်းရှိပါတယ်။ 
သူတို့လည်း စာတွေဖတ်မှ အသိတရားဝင်တဲ့အကြောင်း ၊ ဖုန်းဝယ်မလို့လုပ်ပြီးမှ ဆောင်းပါးဖတ်ပြီး
မဝယ်ဘဲကြိတ်မှိတ်နေလိုက်ကြတဲ့အကြောင်း ရေးကြပါတယ်။ ကျွန်တော်က ပိုပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိလာတာပေါ့။ အခုသမ္မတက အခြေအနေအရပ်ရပ်ကိုသေသေချာချာသုံးသပ်မိပြီး မိုဘိုင်းဖုန်းကိစ္စကိုကိုင်တွယ်ဆောင်ရွက်နေပြီဆိုတော့ ဘယ်ပြောကောင်းပါ့မလဲ။ ကျွန်တော့်လိုလူအဖို့လက်မတစ်ထောင်ထောင်ပေါ့။အတိုင်းထက်အလွန် တံခွန်နဲ့ ကုက္ကားဆိုတဲ့ကိန်းဆိုက်တော့တာပေါ့ဗျာ။
အစကကျုပ်မပြောလားဆိုတဲ့အကြည့်နဲ့ မိတ်ဆွေအပေါင်းအသင်းတွေကိုကြည့်နိုင်ပြီပေါ့။ လူထုကြီးလည်း
မိုဘိုင်းအိပ်မက်ကို ကောင်းကောင်းကြီးဆက်မက်လို့ရသွားတာပေါ့ဗျာ။

တစ်ကယ်တော့ ဒီမိုဘိုင်းဖုန်းကိစ္စအပါအဝင် အများပြည်သူနဲ့သက်ဆိုင်တဲ့ အကြောင်းအရာအားလုံးဟာ
နိုင်ငံရေးနဲ့တိုက်ရိုက်ဆက်စပ်နေတာဖြစ်လေတော့ နိုင်ငံရေးကိုသာ စဉ်ဆက်မပြတ်စိတ်ဝင်တစားရှိခဲ့တယ်ဆိုရင်
နောင်တစ်ချိန်မှာဘယ်အကြောင်းအရာက ဘယ်လိုဘယ်ပုံဖြစ်လာလိမ့်မယ်လို့ ကြိုတင်ခန့်မှန်းပြောဆိုဖို့ရာ
သိပ်ခက်ခဲလှတာမဟုတ်ပါဘူး။

အကြောင်းတိုက်ဆိုင်လို့ ပြောပါရစေ။ မော်တော်ကားတွေနဲ့ပတ်သက်ပြီး ကျွန်တော်က ၂၀၁၀ ရွေးကောက်ပွဲမတိုင်ခင်ကတည်းက မကြာခင် ကားဈေးတွေ အကြီးအကျယ်ပြုတ်ကျတော့မယ်ဆိုတဲ့အကြောင်း ကားနဲ့ တစ်နည်းမဟုတ်တစ်နည်း 
ပတ်သက်နေကြတဲ့ မိတ်ဆွေတွေကို ကြုံတိုင်းသတိပေးပါတယ်။ ဘယ်သူကမှလက်မခံကြပါဘူး။
တက္ကစီသမားတွေကို ကြုံလို့ပြောပြရင်လည်းလှောင်ရယ်ရယ်တာခံရပါတယ်။နောက်ဆုံးကားဈေးတွေ အဆမတန်
ပြုတ်ကျတော့မှ ခင်ဗျားပြောတာမှန်လိုက်တာဗျာ ဖြစ်ကုန်ကြပါတယ်။ခင်ဗျားက ကားမပြောနဲ့ လန်ချားတောင်မရှိဘဲနဲ့ ဒါတွေ ဘယ်လိုလုပ် ကြိုသိနေရတာလဲလို့မေးလာရင် ကျွန်တော်က နိုင်ငံရေးလေဗျာ နိုင်ငံရေးပေါ့၊
ခင်ဗျားအိမ်မှာငပိရည် တို့စရာနဲ့စားနေရတာလည်းနိုင်ငံရေးပဲ၊ကြက်သားဆီပြန်ဟင်းနဲ့စားနေရတာလည်းနိုင်ငံရေးပဲ၊
မီးပျက်တာလည်းနိုင်ငံရေး ၊မီးမှန်သွားပြီ ဆိုရင်လည်းအဲဒါ နိုင်ငံရေးပဲ ၊ဘတ်စ်ကားတွေကျပ်တာလည်းနိုင်ငံရေး၊
လမ်းတွေကောင်းအောင်ပြုပြင်နေတာလည်း နိုင်ငံရေးပဲ စသဖြင့် ပြောတော့ သူတို့ နည်းနည်းစဉ်းစားတတ်လာပါတယ်။

မှတ်မိပါသေးတယ်။ အစိုးရက ကားဈေးတွေမကျခင် မော်တော်ကားတင်သွင်းခွင့်နဲ့ ပတ်သက်လို့ ဖြေလျော့မှုတွေ
တစ်ဆင့်ပြီးတစ်ဆင့်လုပ်မယ်လို့ ကြိုတင်ပြောပြီးတော့မှ တစ်ဆင့်ချင်း ပြုပြင်ပြောင်းလဲရေးတွေလုပ်တဲ့အချိန်တုန်းကပေါ့။
မော်တော်ကားနဲ့စီးပွားဖြစ်ပြီး လောဘ အတောမသပ်နိုင်တဲ့ လုပ်ငန်းရှင်များက အစိုးရကို အပြစ်တင်ပါတယ်။
အခုတစ်မျိုးတော်ကြာတစ်မျိုး မူဝါဒတွေ ခနခနပြောင်းတော့ သူတို့ အရှုံးပေါ်ပြီဆိုပြီး အပြစ်တင်ပါတယ်။
လူလတ်တန်းစားတွေနစ်နာပါသတဲ့။ အမှန်က လူလတ်တန်းစားတွေတစ်ဖြည်းဖြည်းအဆင်ပြေလာမှာဖြစ်ပါတယ်။
သိပ်မကြာခင်မှာ မိသားစုတော်တော်များများ ကားဝယ်စီးနိုင်တဲ့အခြေအနေနဲ့ နီးစပ်လာတော့မှာပါ။

ကြုံတုန်းပြောပြပါရစေ။၂၀၁၃ခုနှစ်နှစ်ကုန်ချိန်နောက်ဆုံးထားပြီး ကားဈေးတွေ ထပ်ကျပါလိမ့်ဦးမယ်။ SHOWROOM
တွေဖွင့်ထားတဲ့ လုပ်ငန်းရှင်တွေလည်း ကြိုကြိုတင်တင်လေး ပြ၆င်ဆင်ထားကြရင် အရှုံးသက်သာပါလိမ့်မယ်။
ဘာကြောင့် ကားဈေးတွေ ကျဦးမှာလဲလို့မေးရင် တစ်ခွန်းထဲဖြေလို့ရပါတယ်။ နိုင်ငံရေးကြောင့်ပါ။
၁။အခွန်တွေကို ခုထက်မဖြစ်မနေထပ်လျှော့ရပါလိမ့်မယ်။
၂။ မော်တော်ကားမော်ဒယ်အသစ်အဆန်းတွေ အလုံးအရင်း
ဝင်လာတဲ့အခါ (မြန်မာပြည်က ပိုက်ဆံနည်းနည်းရှိရင်များများကြွားချင်တဲ့သူတွေများနေလေတော့)
လက်ရှိကားတွေက အကြီးအကျယ်လူကြိုက်နည်းကုန်ပါလိမ့်မယ်။
၃။ကားစက်ရုံတွေ ပြည်တွင်းမှာပေါ်လာပါလိမ့်မယ်။( နိုင်ငံရပ်ခြားက
မော်တော်ကားအမှန်တစ်ကယ်ထုတ်လုပ်တဲ့စက်ရုံတွေကိုပြောတာပါ။နယ်စပ်ကကားတွေ ခိုးသွင်းပြီးဘော်ဒီတွေလှီး
ဇုံကားလို့ လိမ်ရောင်းတဲ့စက်ရုံတွေကိုဆိုလိုတာမဟုတ်ပါဘူး။)
၎။မြန်မာနိုင်ငံက မော်တော်ကားထုပ်လုပ်ပြီးကမ္ဘာအနှံ့တင်ပို့တဲ့နိုင်ငံအဖြစ်တောင်မှ နှစ်နှစ်ဆယ်လောက်အတွင်းမှာ ရောက်ရှိလာနိုင်ပါတယ်။လုပ်အားရင်းမြစ်လည်းပေါ ၊တစ်ကမ္ဘာလုံးကိုလည်း အလွယ်တစ်ကူ သွားလို့လာလို့ရတဲ့ နေရာဒေသဖြစ်ရုံမက လောလောဆယ် နိုင်ငံရေးအပြောင်းအလဲကြောင့် ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင်ဖြစ်နေတဲ့အချက်ကို ပေါ့ပေါ့တွက်လို့မရပါဘူး။ အဲဒါတွေက ကားဈေးဇောက်ထိုးမိုးမျှော်ထပ်ကျဦးမယ့်အကြောင်းရင်းတွေပါပဲ ။

အဓိကပြောချင်တဲ့ မိုဘိုင်းဖုန်းကိစ္စကိုပြန်ပြောပါရစေ။အစိုးရသစ်တက်လာပြီးတဲ့နောက်ပိုင်း မိုဘိုင်းဖုန်းလိုင်းသန်းသုံးဆယ်ကို ငါးနှစ်အတွင်း လူထုကိုချပေးဖို့ စီမံကိန်းချမှတ်ပါတယ်။ အကြောင်းကြောင်း သောအကြောင်းတွေကြောင့် စီမံကိန်းမအောင်မြင်နိုင်တဲ့အနေအထား ဖြစ်လာပါတယ်။ကျွန်တော်တို့(လူထု)က အဲဒီစီမံကိန်းကိုအောင်မြင်စေချင်ကြပါတယ်။
မိုဘိုင်းဖုန်းလေးတွေကိုင်ချင်ကြတာကြောင့်တစ်ကြောင်း တိုင်းပြည်ကို သူများတန်းတူတိုးတက်စေလိုကြတာက တစ်ကြောင်းပါ။
ပြီးတော့ မိုဘိုင်းဖုန်းကိစ္စက နိုင်ငံရေးနဲ့လည်းအများကြီးဆက်နွယ်နေပါတယ်။
မိုဘိုင်းဖုန်းစီမံကိန်းပထမတစ်နှစ်မှာပဲ ဘယ်သူတွေက လူထုကိုအမှန်တစ်ကယ်စေတနာထားတယ်၊ဘယ်သူတွေကတော့
လူထုကိုလည်မျိုညှစ်ချင်တယ်ဆိုတာ ကွက်ကွက်ကွင်းကွင်ပေါ်လာပါတယ်။နိုင်ငံတော်သမ္မတက လူထုကိုအမှန်တစ်ကယ် မေတ္တာထားတဲ့သူဆိုတာ အခု မိုဘိုင်းဖုန်းကိစ္စ အာရုံစိုက်ကိုင်တွယ်ပုံကိုကြည့်တာနဲ့တင် လူထုက အရင်ထက်ပိုပြီး
သိရှိနားလည်နေကြပါပြီ။
အခုလောလောဆယ် ဖုန်းတွေရောင်းတာရပ်နေပေမယ့် မကြာခင်မှာ အခြေခံလူတန်းစားတွေလက်လှမ်းမီတဲ့ဈေးနဲ့ဖုန်းတွေရောင်းနိုင်အောင်သမ္မတက ကြိုးစားနေတယ်ဆိုတာ လူထုက ကောင်းကောင်းကြီးသိနေကြပါပြီ။ 
သမ္မတအပေါ် လူထု က ထားရှိတဲ့မေတ္တာက (အခု ဖုန်းတွေဈေးပေါပေါမရောင်းရသေးတာတောင်မှ)
အဆများစွာတိုးပွားနေပြါ့ပီ။ သမ္မတကြီးကို ငါတို့ယုံတယ်။အားလည်းကိုးတယ်ဆိုတဲ့အသံတွေ
ညံနေပါတယ်။ဒီကိစ္စကို ချဲ့ထွင်စဉ်းစားကြည့်ပါ။ တိုင်းပြည်အကြီးအကဲတစ်ယောက်ကို လူထုက
ချစ်ခင်လေးစားကြတဲ့အဖြစ်က တိုင်းပြည်ရဲ့ကျက်သရေမင်္ဂလာကို တိုးပွားစေတယ်လို့ထင်ပါတယ်။ လူထုနဲ့ အစိုးရ
ယုံကြည်မှုကိုအဆင့်တစ်ခုရောက်အောင် လောလောဆယ်ဂယက်ရိုက်နေတဲ့ မိုဘိုင်းဖုန်းကိစ္စက
ကောင်းကောင်းကြီးတည်ဆောက်ပေးလိုက်ပါတယ်။(ဒါတောင်ဖုန်းတွေဈေးပေါပေါနဲ့ မရောင်းသေးပါဘူး။)

ဒီမိုကရေစီနိုင်ငံတစ်ခုဖြစ်အောင်တည်ဆောက်တဲ့ ဘယ်နိုင်ငံမဆို ဈေးကွက်စီးပွားရေးကို ပီပြင်အောင်တည်ဆောက်ရပါတယ်။ တိုင်းပြည်နဲ့လူထုကို ခေတ်မီအောင် တည်ဆောက်ရပါတယ်။ ဒီမိုကရေစီနည်းလမ်းတကျရွေးကောက်တင်မြှောက်ထားတဲ့
အစိုးရကို လူထုက ယုံကြည်မှုရှိဖို့ဆိုရင် အဲဒီအစိုးရက လူထု အကျိုးစီးပွားကို ကိုယ်စွမ်းရှိသမျှ ဥာဏ်စွမ်းရှိသမျှ ကြိုးပမ်းဖေါ်ဆောင်ပေးရပါတယ်။ဒီတော့ မိုဘိုင်းဖုန်းကိစ္စပဲဖြစ်စေ၊မော်တော်ကားကိစ္စပဲဖြစ်စေ၊လျှပ်စစ်မီးရရှိရေးကိစ္စပဲဖြစ်စေ၊
လမ်းပန်းဆက်သွယ်ရေးကိစ္စပဲဖြစ်စေ၊ လူထုရဲ့လူနေမှုဘဝမြှင့်တင်ရေးနဲ့သက်ဆိုင်တဲ့ကိစ္စအားလုံးမှာ အစိုးရက
လုပ်နိုင်သမျှအစွမ်းကုန်လုပ်ဖို့တာဝန်အပြည့်ရှိပါတယ်။
လောလောဆယ်လုပ်လို့ကိုင်လို့မရသေးလို့ မလုပ်နိုင်သေးတဲ့ကိစ္စတွေ ကတော့ ပြသနာမဟုတ်ပေမယ့် လုပ်လို့ရရက်နဲ့ မလုပ်ဘူးဆိုရင် (ဒီမိုကရေစီအစိုးရတွေကို) လူထုက အကြည်ညိုပျက်တတ်ပါတယ်၊ယုံကြည်မှု လျော့ပါးတတ်ပါတယ်
နိုင်ငံရေးအရလူထုထောက်ခံမှုပါ ဆုံးရှုံးနိုင်ပြီးရွေးကောက်ပွဲတွေအထိ ရိုက်ခတ်နိုင်တာဖြစ်လေတော့ ဘယ်အစိုးရပဲဖြစ်ဖြစ်
ချက်ချင်းလုပ်လို့ရရင် လုပ်ကိုလုပ်မှာအသေအချာဖြစ်ပါတယ်။ ဒါကြောင့် အချိန်တန်ရင် ဖုန်းဈေးတို့ ကားဈေးတို့ဆိုတာ ကျကို ကျရမယ်ဆိုတာ ကြိုတင်ဟောကိန်းထုတ်ဖို့ ဗေဒင်ပညာတတ်စရာမလိုပါဘူး။ နိုင်ငံရေးကို အာရုံစိုက်တဲ့လူတိုင်း သိနိုင်မြင်နိုင်တဲ့ ကိစ္စတွေသာဖြစ်ပါတယ်။

သမ္မတရဲ့ မေတ္တာစေတနာကို အကြွင်းမဲ့ ယုံကြည်ကြတဲ့ အခြေခံလူတန်းစားတစ်ရပ်လုံးက မကြာခင်မှာ မိုဘိုင်းဖုန်းတွေကို
နိုင်ငံတကာဈေးနှုန်းနဲ့ လူတိုင်း သုံးစွဲနိုင်တော့မယ်ဆိုတာ သိနေကြပါပြီ။ နိုင်ငံခြားကုမ္ပဏီတွေလည်းတင်ဒါခေါ်နေပါပြီ။လူတိုင်းလက်ထဲမှာမိုဘိုင်းဖုန်းတွေကိုယ်စီကိုင်နိုင်ခဲ့ရင်တိုင်းပြည်စီးပွားရေးအရှိန်အဟုန်နဲ့တိုးတက်ဖို့
အထောက်အပံ့ဖြစ်လိမ့်မယ်ဆိုတာလည်း နားလည်သဘောပေါက်လာကြပါပြီ။ ဆင်းရဲမွဲတေမှု ကျဆင်းပပျောက်ရေးကိုလည်း
ဈေးချိုတဲ့ မိုဘိုင်းဖုန်း တွေက တစ်နည်းတစ်ဖုံ အထောက်အပံ့ဖြစ်စေလိမ့်မယ်ဆိုတာ နားလည်နေကြပါပြီ။ အဲဒီအခြေခံ
လူတန်းစားထဲမှာ ကျွန်တော်လည်းတစ်ယောက်အပါအဝင်ဖြစ်ပါတယ်။ ကျွန်တော်က မိုဘိုင်းဖုန်းတွေ
ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဈေးနှုန်းရောက်မှ အခြေခံလူတန်းစားနဲ့အတူတူ ဝယ်ယူသုံးစွဲမယ်လို့
ခိုင်ခိုင်မာမာဆုံးဖြတ်ထားသူဖြစ်လေတော့ အခုဆိုရင် အိပ်မက်ကောင်းတွေမက်နိုင်နေပါပြီ။
အများနည်းတူ မျှော်လင့်ချက်၊ယုံကြည်ချက်တွေပြည့်ပြည့်ဝဝ ထားရဲလာပါပြီ။
အခုလောလောဆယ်တော့ ကျွန်တော့်မှာမိုဘိုင်းဖုန်းမရှိသေးတာအမှန်ပါ။

ပိုက်တင်