Home

Sunday, March 3, 2013

စိတ်ဓာတ် မယဉ်ကျေးသေးသမျှ......


ကမ္ဘာပေါ်မှာ လူမျိုးပေါင်းစုံရှိသလို ကိုးကွယ်ယုံကြည်ရာ ဘာသာပေါင်းစုံရှိနေမှာဓမ္မတာပဲ။ ဘယ်နိုင်ငံမှာနေနေ၊ ဘာလူမျိုးဖြစ်ဖြစ် မိမိရဲ့လွတ်လပ်တဲ့သဘောဆန္ဒအရ ကိုယ်ယုံကြည်ရာ လွတ်လပ်စွာကွယ်နိုင်တယ်၊ ဆည်းကပ်နိုင်တယ်။ ဘာကိုမှ မယုံကြည်လို့ ဘာမှ
မကိုးကွယ်ချင်လည်းရတယ်။ ဒါလူတိုင်းရဲ့ လွတ်လပ်မှုပဲ။ ကမ္ဘာပေါ်မှာ  ဗုဒ္ဓဘာသာဝင်လည်း ရှိမှာပဲ။ ခရစ်ယာန်ဘာသာဝင်လည်း ရှိမှာပဲ။ အစ္စလာမ်ဘာသာဝင်လည်း ရှိမှာပဲ။ ဟိန္ဒူဘာသာဝင်လည်း ရှိမှာပဲ။ ဂျူးလည်း ရှိမှာပဲ။ ဘာသာမဲ့တွေလည်းရှိမှာပဲ။

ခရစ်ယာန်ဘာသာဝင်တွေက ယေရှုခရစ်ရဲ့တရားဓမ္မနဲ့ ဘ၀တည်ဆောက်မှုကို ယုံကြည်နှစ်သက်လို့ ယေရှုခရစ်ရဲ့လမ်းစဉ်နဲ့အညီ  God ကို ကိုးကွယ်တယ်။ အစ္စလာမ်ဘာသာဝင်တွေက တမန်တော်မုဟမ္မဒ်ရဲ့ တရားဓမ္မနဲ့ ဘ၀တည်ဆောက်မှုကို ယုံကြည်နှစ်သက်လို့  တမန်တော်မုဟမ္မဒ်ရဲ့သွန်သင်ပြသမှုနဲ့အညီ ဖန်းဆင်းရှင် အလ္လာဟ်အရှင်မြတ်ကို ကိုးကွယ်တယ်။
 ဗုဒ္ဓဘာသာဝင်တွေက ရှင်တော်ဂေါတမရဲ့တရားဓမ္မကိုယုံကြည်နှစ်သက်လို့ ရှင်တော်ဂေါတမကို ကိုးကွယ်တယ်။ ဟိန္ဒူဘာသာဝင်တွေ၊ ဂျူးဘာသာဝင်တွေလည်း သူတို့ဘာသာအလျှောက် သူတို့ယုံကြည်ရာ ကိုးကွယ်တယ်။  အခြားဘာသာဝင်တွေလည်းဒီအတိုင်းပဲ။

ဒါတွေက ကိုးကွယ်ယုံကြည်မှုအပိုင်းတွေပါ။ ကိုးကွယ်ယုံကြည်မှုနဲ့ပတ်သက်လို့ ဘာမှဝေဖန်စရာ၊ စောဒကတက်စရာ မလိုပါဘူး။ ကိုးကွယ်ရာအသီးသီးကို ဘယ်လိုပဲ ကိုးကွယ်၊ ကိုးကွယ် ကိစ္စမရှိပါဘူး။ ကိုယ်နှစ်သက်တာ ကိုယ်ကိုးကွယ်လို့ရပါတယ်။ ဘယ်ဘာသာတရားကမှ ယုတ်ညံ့တာတွေ၊ မကောင်းတာတွေ၊ ဆိုးရွားတာတွေ၊ အဖျက်အမှောက်လုပ်ရပ်တွေ သင်မပေးပါဘူး။ ဘာသာတရားတိုင်းဟာ လောကလူသားအားလုံးကောင်းကျိုးအတွက် သွန်သင်ဆုံးမတဲ့တရားတွေဟောခဲ့ကြတာဖြစ်တယ်။ ဘာသာတရားတိုင်းဟာ လူသားအားလုံးရဲ့ စိတ်နှလုံးကို သူ့နည်းသူ့ဟန်ဖြင့်အသီးသီး ငြိမ်းချမ်းမှု ပေးနိုင်ကြပြီး လူသားတို့စိတ်နှလုံးကို ယဉ်ကျေးစေအောင်ပြုပြင်ပေးတာပဲဖြစ်တယ်။

ဘယ်ဘာသာဝင်မဆို ဘယ်ဘုရားကိုပဲ ကိုးကွယ်၊ ကိုးကွယ်။  ကိုးကွယ်စရာတွေအားလုံးကို အကုန်လုံး သိမ်းကျူံး ကိုးကွယ်ချင်ကိုးကွယ်နေပါစေ။ စိတ်ဓာတ်တွေမပြုပြင်သေးသမျှ ကာလပတ်လုံး အဲဒီလူမျိုးစုတွေရဲ့ စိတ်ဓာတ်ဘယ်တော့မှ ငြိမ်းချမ်းမှာမဟုတ်ဘူး။ စိတ်ဓာတ်ဘယ်တော့မှ ယဉ်ကျေးမှာမဟုတ်ဘူး။ စိတ်ဓာတ် မယဉ်ကျေးသေးသမျှ အဲဒီလူမျိုးစုတွေရဲ့စိတ်ထဲမှာ ဘာမှ ပြည့်စုံမှာမဟုတ်ဘူး။ စိတ်ဓာတ်ယဉ်ကျေးမှသာ စိတ်ဓာတ်ငြိမ်းချမ်းမှာဖြစ်တယ်။

စိတ်ဓာတ်ယဉ်ကျေးမှု အပြည့်အ၀ရအောင်  စပြီးကြိုးစားရမှာဖြစ်တယ်။စိတ်ဓာတ်ယဉ်ကျေးမှုရဖို့ဆိုတာ  ကိုယ့်ဘာသာမှ ကိုယ့်ဘာသာ၊ ကျန်တာအားလုံး မကောင်းဘူးလို့ တစ်ဖက်သတ် အစွန်းရောက် ထင်မြင်ပြောဆိုနေခြင်းတွေရှောင်ရမယ်။ ဘာသာရေးသွေးခွဲမှု၊ သွေးကွဲမှုတွေရှောင်ရမယ်။ အယူအဆမတူတာ သဘောထား ကွဲပြားခြားနားတယ်ဆိုတာသဘာဝပဲ ။ လူမျိုးဘာသာမရွေး အတူလက်တွဲနေထိုင်နိုင်ရမယ်။ လူသားတိုင်း ရသင့်ရထိုက်သော ရပိုင်ခွင့်၊ ခံစားခွင့်တွေကို လူမျိုးဘာသာမရွေး ရရှိခံစားသင့်တယ်ဆိုတာ လက်ခံနိုင်စိတ်မွေးရမယ်။ ဘာသာအချင်းချင်း၊ လူမျိုးအချင်းချင်း အမြင်ကျယ်ကျယ်နဲ့ နားလည်မှုရှိပြီး ဘာသာရေး အစွန်းမရောက်ဖို့လိုတယ်။ ဘာသာအချင်းချင်း၊ လူမျိုးအချင်းချင်းကြား အပြန်အလှန်တန်ဖိုးထားဆက်ဆံရမယ်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးမှ တစ်ခုအပေါ်တစ်ခု အန္တရာယ်သက်ရောက်စေတာမျိုးကို လက်မခံသင့်ဘူး၊ လူ့လောကမှာ လူသားအချင်းချင်း မုန်းတီးစိတ်မထားရဘူး ၊ မေတ္တာစိတ် ထားကြရမယ် ။ လူတိုင်း ကိုယ် ယုံချင်တာ လွတ်လပ်စွာယုံခွင့်ရှိတယ်။ အခိုင်အမာကိုင်စွဲထားခွင့် ရှိတယ်ဆိုတာကို နားလည် သဘောပေါက်ပြီး မငြိုမငြင် လက်ခံနိုင်ခြင်းဟာ စိတ်ဓာတ်ယဉ်ကျေးမှု အထက်တန်းကျသူများရဲ့ အခြေခံလူ့ကျင့်ဝတ် တစ်ခုဖြစ်တယ်။

အဲဒီလို စိတ်ဓာတ်ယဉ်ကျေးမှုရအောင်ကြိုးစားလာပြီဆိုရင် စိတ်ဓာတ်ငြိမ်းချမ်းမှုကို မလွဲမသွေရလာမှာဖြစ်တယ်။ စိတ်ဓာတ်ယဉ်ကျေးမှု ၊ စိတ်ဓာတ်ငြိမ်းချမ်းမှုတွေကို အပြည့်အ၀ ကျင့်သုံးမှသာ လူသားဝါဒကိုသဘောပေါက်မှာဖြစ်ပါတယ်။ လူသားမျိုးနွယ်၊ လူသားဖြစ်တည်မှု၊လူ့ဗီဇအခြေခံကို အသိအမှတ်ပြုတန်ဖိုးထားပြီး၊ လူသားမျိုးနွယ်တိုင်းကို အားလုံးတန်းတူညီတူ အခွင့်အရေး ရပိုင်ခွင့် ခံစားပိုင်ခွင့်၊ တန်ဖိုးထားလေးစားမှုခံယူပိုင်ခွင့်တွေပေးအပ်လာမယ်။ သို့မှသာ စိတ်ဓာတ်ယဉ်ကျေးမှုရှိပြီး စိတ်ဓာတ်ငြိမ်းချမ်းမှုနှင့်အတူ လူသားဝါဒအခြေခံသော ဒီမိုကရေစီကို ချီတက်နိုင်မှာဖြစ်ပါတော့တယ်။

မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)