Home

Sunday, May 31, 2015

ဒီမိုကရေစီကျင့်သုံးသော လူ့အဖွဲ့အစည်းဖြစ်ဖို့

ကျွန်တော်တို့တိုင်းပြည်အနေနဲ့ အပြောင်းအလဲဆီ ဦးတည်ပြောင်းလဲလျှောက်လှမ်းလာခဲ့တာ နှစ်ပေါက်ခဲ့ပါပြီ။ အဆိုးမြင်သူ တစ်ချို့ကတော့ အားမလိုအားမရ အခြေအနေမျိုး ဝေဖန်ရှိနေကြဆဲပါ။ ခေါင်းဆောင်ကောင်းတစ်ယောက်နဲ့ အတိုက်အခံ ကောင်းတစ်ယောက်ကြောင့် လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေး၊ ကျန်းမာရေး၊ ပညာရေးစတာတွေ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ရာပြည်သူလူထုကလည်း ပြည်သူလူထုကောင်း ပီသဖို့ တော့လိုပါတယ်။ ပြည်သူလူထုဖက်ကလည်း ညီညီညွတ်ညွတ်နဲ့၊ သဘောထားမှန်မှန်နဲ့၊ စည်းစည်းလုံးလုံးနဲ့၊ စည်းကမ်းရှိရှိနဲ့ ပူးပေါင်းပါဝင်ဖို့တော့ လိုပါတယ်။

ကျွန်တော်တို့ တိုင်းပြည်ရဲ့အတိတ်ကသမိုင်းကို သင်္ခန်းစာအမိအရယူပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ်နိုင်ငံတော်သစ်ကို စိတ်သစ်၊လူသစ်၊စနစ်သစ်နဲ့တည်ဆောက်ရမှာ ဖြစ်ပါတယ်။ သွေးစည်းညီညွတ်ပြီး ငြိမ်းချမ်းတဲ့ ပြည်ထောင်စုသစ်ကြီး ပေါ်ပေါက်လာရေးဟာ ခေါင်းဆောင်၊ အတိုက်အခံ၊ ပြည်သူလူထု၊ နိုင်ငံသားအားလုံး ၀ိုင်းဝန်းကြိုးပမ်းဖို့ တာဝန်ရှိပါတယ်။
အခုလိုပြောင်းလဲခါစ အခြေအနေမှာ လက်ရှိဖြစ်ပေါ်နေတဲ့ အခက်အခဲတွေ၊ ပြဿနာတွေ၊ ရခိုင်ပြည်နယ်ကပဋိပက္ခတွေ၊ ကချင်ပြည်နယ်ကစစ်ပွဲတွေက ရှင်းမရနိုင်လောက်တဲ့ အဟန့်အတားတွေတော့မဟုတ်ပေမဲ့ ဒီမိုကရေစီကိုဖော်ဆောင်ဖို့ နှောင့်နှေးစေတာတော့ အမှန်ပါ။
ခေတ်မီတဲ့၊ ဖံွ့ဖြိုးတဲ့၊ တိုးတက်တဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ကြီး တည်ငြိမ်ပြီးထွန်းကားတဲ့ လူ့ဘောင်တစ်ခု တည်ဆောက်ရေးမှာ ဒေသစွဲ၊ လူမျိုးစွဲ၊ဘာသာစွဲ၊ဆန္ဒစွဲ၊ အယူအဆစွဲတွေဘေးဖယ်ပြီး သဘောထားကြီးကြီးနဲ့၊ တစ်ဖက်နဲ့ တစ်ဖက်ခွင့်လွှတ်ခြင်းတွေနဲ့ တွေ့ဆုံညှိနှိုင်း အဖြေရှာလိုက်ရင် ပြေလည်သွားမှာပါ။
ဒီမိုကရေစီစနစ်တည်ဆောက်တဲ့နေရာမှာ လွတ်လပ်စွာသဘောကွဲလွဲခွင့်ကို လက်ခံပေးနိုင်အောင်ကြိုးစားရမှာဖြစ်ပါတယ်။ သဘောမတိုက်ဆိုင်ရင် ငြင်းခုံတာဟာ ဒီမိုကရေစီရဲ့အလေ့အထဆိုတာနားလည်ပြီး မျက်နှာချင်းဆိုင်တွေ့ဆုံ ဆွေးနွေးဖို့ လိုပါတယ်။ စည်းကမ်းမရှိဘဲ၊ စည်းလုံးညီညွတ်မှုမရှိဘဲ၊ ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ၊ ဆန္ဒစွဲ၊ အယူအဆစွဲတွေ မကင်းဘဲ နဲ့တော့  စစ်မှန်တဲ့ဒီမိုကရေစီ ဘယ်လိုဖြစ်နိုင်မှာလဲ။
ကိုယ်ယုံကြည်ရာ၊ ကိုယ်ကိုးကွယ်ရာ ကိုယ့်အယူအဆတွေကိုသာ ရှေ့တန်းတင်ပြီး၊ အလေးထားပြီး အခြားသူတို့ရဲ့ ယုံကြည်ရာ၊ ကိုးကွယ်ရာ၊ဘာသာရေး၊လူမျိုးရေး ခံယူချက်၊ ရည်ရွယ်ချက်၊ ယုံကြည်ချက်တွေကိုသိအောင် မကြိုးစားဘဲ၊ ထဲ့မတွက်ပေးဘဲ နိုင်ငံရေးစနစ်သစ်ကို အောင်မြင်အောင်လုပ်နိုင်မှာမဟုတ်ပါဘူး။
တူညီတာတွေ စု၊မတူညီတာတွေ ဖယ်ပြီး၊ မတူကွဲပြားမှုတွေအပေါ်မှာ ခွင့်လွှတ်နားလည်ပေးနိုင်မှသာလျှင် ဖွံ့ဖြိုး တိုးတက်ရေးဟာ လျင်မြန်သောအဟုန်နဲ့ ပြောင်းလဲလာမှာဖြစ်ပါတယ်။
ကျွန်တော်တို့တိုင်းပြည်ရဲ့အတိတ်က အာဏာရှင်တို့ရဲ့လက်အောက်မှာ နှစ်ပေါင်းများစွာ လူမျိုးရေး၊ ဘာသာရေးတို့နဲ့ သွေးခွဲခံခဲ့ရတာ၊ ဘာသာရေးမှိုင်း၊ လူမျိုးရေးမှိုင်းတိုက်ခံခဲ့ရတာ၊ လှည့်ကွက်တွေကြား လူမျိုးရေးပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခတွေပေါ်မှာ လုံချာလိုက်ရင်း စည်းလုံးမှုပျက်ပြားနေခဲ့ရတာပါ။ တစ်ကယ်တမ်းတော့ လူမျိုးရေး၊ ဘာသာရေးထက် လူသာလျှင် ပဓာနပါ။ လူကိုလူချင်း တန်ဖိုးထားရမှာပါ။ ဘာသာမတူ လူမျိုးကွဲပြားတယ်ဆိုတာကလည်း လူရယ်လို့ ဖြစ်လာရင် လူတိုင်းလူတိုင်းမှာ မွေးရာပါလူ့အခွင့်အရေးဆိုတာရှိပါတယ်။
လူ့အခွင့်အရေးကြေငြာစာတမ်း အပိုဒ်နံပါတ်တစ်မှာလည်း ဒီအတိုင်းဖော်ပြထားပါတယ်။
''လူတိုင်းသည် တူညီ လွတ်လပ်သော လူ့ဂုဏ်သိက္ခာဖြင့်လည်းကောင်း၊တူညီလွတ်လပ်သော အခွင့်အရေးများဖြင့် လည်းကောင်း မွေးဖွားလာသူများဖြစ်သည်။ ထိုသူတို့၌ပိုင်းခြားဝေဖန်တတ်သောဥာဏ်နှင့် ကျင့်ဝတ်သိတတ်သောစိတ်တို့ ရှိကြ၍ ထိုသူတို့သည်အချင်းချင်းမေတ္တာထား၍ ဆက်ဆံကျင့်သုံးသင့်၏'' လို့ ဆိုထားပါတယ်။
လွတ်လပ်စွာတွေးခေါ်ကြံဆနိုင်ခွင့်၊ လွတ်လပ်စွာဖွင့်ဟပြောဆိုနိုင်ခွင့်၊ လွတ်လပ်စွာ ရေးသားနိုင်ခွင့်၊ လွတ်လပ်စွာ ယုံကြည်နိုင်ခွင့်၊ လွတ်လပ်စွာကိုးကွယ်နိုင်ခွင့်၊ လွတ်လပ်စွာရွေးချယ်နိုင်ခွင့်၊ လွတ်လပ်စွာခံယူရပ်တည်နိုင်ခွင့် စသဖြင့် အခွင့်အရေးတွေ လူတိုင်းမှာရှိပါတယ်။ ပြီးတော့ ယုံကြည်ကိုးကွယ်တဲ့ ဘာသာတရားနဲ့ပတ်သက်ပြီးတော့လည်း မိမိကိုးကွယ်ယုံကြည်တဲ့ဘာသာတရား၊ သက်ဝင်ယုံကြည်ချက်ကို လွတ်လွတ်လပ်လပ်သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြု ကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တွေရှိပါတယ်။
ဗုဒ္ဓဘာသာ သက်ဝင်ယုံကြည်သူဖြစ်စေ၊ ခရစ်ယာန်ဘာသာ သက်ဝင်ယုံကြည်သူဖြစ်စေ၊ အစ္စလာမ်ဘာသာကို သက်ဝင် ယုံကြည်သူဖြစ်စေ၊ ဟိန္ဒူဘာသာကို သက်ဝင်ယုံကြည်သူဖြစ်စေ၊ မိမိတို့ ကိုးကွယ်ယုံကြည်တဲ့ဘာသာကို လွတ်လွတ် လပ်လပ် သင်ပြနိုင်ခွင့်၊ကျင့်သုံးနိုင်ခွင့်၊ ဝတ်ပြုကိုးကွယ်နိုင်ခွင့်နှင့် ဆောက်တည်နိုင်ခွင့်တွေ ရှိပါတယ်။
ယုတ်စွအဆုံး မည်သည့်ဘာသာ သာသနာကိုမျှ ကိုးကွယ်ခြင်း ယုံကြည်ခြင်းမရှိသူ ဘာသာမဲ့၊ ဘာသာလွတ်ပင်ဖြစ်ပါစေ၊ မိမိယုံကြည်ရာကို လွတ်လွတ်လပ်လပ်သင်ပြနိုင်ခွင့်၊ ကျင့်သုံးနိုင်ခွင့်ရှိပါတယ်။
ကိုးကွယ်မှုပိုင်းဆိုင်ရာ၊ ယုံကြည်မှုပိုင်းဆိုင်ရာနဲ့ပတ်သက်ပြီး ဘာသာတစ်ခုနဲ့တစ်ခုအကြား ဝေဖန်မှုတွေ၊ နှိမ့်ချမှုတွေ၊ ဖိနှိပ်မှုတွေ၊ စော်ကားမှုတွေ၊ ငြင်းခုံမှုတွေ၊ခွဲခြားမှုတွေ မပြုအပ်ပါ။ မလုပ်အပ်ပါ။ ဘာမျှအကျိုးမရှိနိုင်ပါ။ မိမိယုံကြည်ရာကို ကိုးကွယ်ရာ အမှန်တရားတစ်ရပ်အနေနဲ့ ကျင့်သုံးနေကြတာပါ။ လွတ်လပ်စွာ ကိုးကွယ်နိုင်ပါတယ်။ လွတ်လပ်စွာ ယုံကြည် နိုင်ပါတယ်။
ဘာသာတရားတို့မည်သည် အဆုံးအမတွေပါ။ ဘာသာတရားတို့ကို ဆောင်ကြဉ်းလာခဲ့ကြတဲ့ အလင်းပြပုဂ္ဂိုလ်မွန် အသီးသီး၊ ဘာသာတရားတို့ကို လမ်းညွှန်ပြသ သွန်သင်ဆုံးမခဲ့ကြတဲ့ အလင်းပြပုဂ္ဂိုလ်မွန်အသီးသီး၊ တမန်တော် အသီးသီး တို့ဟာ လူသားကောင်းကျိုး၊ လူ့ဘောင်လောကကောင်းကျိုးအတွက် လူမှုဘဝလမ်းစဉ်တွေကို ညွှန်ပြခဲ့ကြတာဖြစ်ပါတယ်။
ဘယ်ဘာသာတရားကမျှ လူ့ဘောင်လောက ပျက်စီးရာပျက်စီးကြောင်း မညွှန်ပြခဲ့သလို၊ ဘာသာတရားများအချင်းချင်း ဝေဖန်မှုတွေ၊ နှိမ့်ချမှုတွေ၊ ဖိနှိပ်မှုတွေ၊ စော်ကားမှုတွေ၊ငြင်းခုံမှုတွေ၊ ခွဲခြားမှုတွေ မသွန်သင်ခဲ့ပါဘူး။
ဘာသာတရားတိုင်းရဲ့ အနှစ်ချုပ်မှာ မေတ္တာ၊ကရုဏာတရားနှစ်ပါးကို အခြေခံထားတာကို တွေ့ရသလို၊ လူ့ဂုဏ်သိက္ခာနဲ့ အညီနေထိုင်စေရေး၊ လူတိုင်းတန်းတူ အခွင့်အရေးရရှိစေရေးတို့ကို အခြေခံထားတာတွေကို တွေ့ရပါတယ်။ ဘာသာခြားများအကြား ဘယ်ဘာသာတရားက မြင့်မြတ်တယ်။ ဘယ်ဘာသာတရားက နိမ့်ကျတယ်။ ဘယ်ဘာသာ တရားက ကောင်းတယ်။ ဘယ်ဘာသာ တရားက ဆိုးတယ်ဆိုကာ အငြင်းပွားနေခြင်း၊ ဝေဖန်နေခြင်း၊ စော်ကားနေခြင်းဟာ မိုက်မဲရာကြပြီး၊ သဘောထား သေးသိမ်လွန်းရာကျပါတယ်။
သီတဂူဆရာတော်ကြီးရဲ့ဆိုဆုံးမချက်တစ်ရပ်မှာ လူမျိုးရေး၊ ဘာသာရေးအစွဲတွေ မပျောက်ပျက်နိုင်ရင် Unity တစ်စု တစ်စည်း ညီညွတ်ခြင်း၊ Hermony သင့်သင့်မြတ်မြတ်နေထိုင်ခြင်း လုပ်လို့မရဘူး။ Unity နှင့် Hermony ကို တည်ဆောက်လို့ မရရင် ငြိမ်းချမ်းရေးတည်ဆောက်လို့မရဘူး။ အဲဒီလိုတည်ဆောက်လို့မရသေးဘဲ Coexistence  ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ခြင်းကို တည်ဆောက်လို့ မရဘူးလို့ မိန့်ထားပါတယ်။
သာသာတရားများ မတူကွဲပြားမှုကိုအကြောင်းပြု၍ ဘာသာခြားများအကြား ဘာသာရေးပဋိပက္ခများဖန်တီးနေခြင်း၊ ရန်မီးပွားစေရန် လှုံ့ဆော်ခြင်း၊ခွဲခြားဆက်ဆံခြင်း၊ နှိမ့်ချပြောဆိုခြင်း၊ ဖိနှိပ်ချုပ်ချယ်ခြင်း၊ နှောက်ယှက်ဖျက်ဆီးခြင်းတို့မှာ မိမိကိုးကွယ်ယုံကြည်ရာ ဘာသာတရားရဲ့ အဆုံးအမနှင့် လူ့ကျင့်ဝတ်များကို နားမလည် သဘောမပေါက်ခြင်း သာဖြစ်ပါတယ်။မိမိကိုးကွယ်ယုံကြည်ရာ ဘာသာတရား၏ အဆုံးအမများကို ပြည့်ပြည့်ဝ၀ လိုက်နာကျင့်သုံးခြင်း မရှိခြင်းသာဖြစ်ပါတယ်။ လူသားအချင်းချင်း တန်ဖိုးမထားရာရောက်ပါတယ်။ စည်းလုံးညီညွတ်သောလူ့မှုအိမ်ထောင်စုကြီးအား ပြိုကွဲအောင် ဖန်တီးရာရောက်ပါတယ်။ လူ့အခွင့် အရေးကြေငြာစာတမ်းကိုလည်း ဖောက်ဖျက်ရာကျပါတယ်။ ဒီမိုကရေစီကျင့်သုံးသောလူ့အဖွဲ့အစည်းနှင့်လည်း ဆန့်ကျင်ရာရောက်ပါတယ်။
ဒီမိုကရေစီကျင့်သုံးတဲ့ လူ့အဖွဲ့အစည်းဖြစ်ဖို့ဆိုတာ လူများစုက လူနည်းစုတွေအပေါ်မှာ လွှမ်းမိုးမှု၊ ချုပ်ကိုင်မှု၊ နှိမ့်ချမှု၊ ဖိနှိပ်မှုတွေမရှိရပါဘူး။ လူမျိုးရေးအရ၊ ဘာသာရေးအရ၊ ယုံကြည်မှုအရ၊ လိင်ကွဲပြားမှုအရ ခွဲခြားဆက်ဆံမှုတွေ မရှိရပါဘူး။
လူ့အခွင့် အရေး ကြေညာစာတမ်းမှာ
''လူတိုင်းသည် အခွင့်အရေး အားလုံး၊ လွတ်လပ်ခွင့် အားလုံးတို့ကို ပိုင်ဆိုင် ခံစားခွင့်ရှိသည်။ လူမျိုးနွယ်အားဖြင့် ဖြစ်စေ၊အသားအရောင်အားဖြင့် ဖြစ်စေ၊ ကျား၊မ သဘာဝအားဖြင့် ဖြစ်စေ၊ ဘာသာစကားအားဖြင့် ဖြစ်စေ၊ ကိုးကွယ်သည့် ဘာသာအားဖြင့် ဖြစ်စေ၊ နိုင်ငံရေးယူဆချက်၊ သို့တည်းမဟုတ် အခြားယူဆချက်အားဖြင့် ဖြစ်စေ၊ နိုင်ငံနှင့် ဆိုင်သော၊ သို့တည်းမဟုတ် လူမှုအဆင့်အတန်းနှင့် ဆိုင်သော ဇစ်မြစ် အားဖြင့်ဖြစ်စေ၊ ပစ္စည်း ဥစ္စာ ဂုဏ်အားဖြင့်ဖြစ်စေ၊ မျိုးရိုးဇာတိအားဖြင့် ဖြစ်စေ၊ အခြား အဆင့်အတန်းအားဖြင့် ဖြစ်စေ ခွဲခြားခြင်းမရှိစေရဘူး။
မည်သူကိုမျှ ညှဉ်းပန်း နှိပ်စက်ခြင်း၊ သို့တည်းမဟုတ် ရက်စက်ကြမ်းကြုတ်စွာ လူမဆန်စွာ ဂုဏ်ငယ်စေသောဆက်ဆံမှု မပြုရ၊ သို့တည်းမဟုတ် အပြစ်ဒဏ် ပေးခြင်းမပြုရ။ လူတိုင်း၌ အသက်ရှင်ရန်လွတ်လပ်မှုခွင့်နှင့် လုံခြုံစိတ်ချခွင့် ရှိသည်။ အရွယ်ရောက်ပြီးသော ယောက်ျားနှင့်မိန်းမတို့တွင် လူမျိုးကို သော်လည်းကောင်း၊ နိုင်ငံသားအဖြစ်ကို သော် လည်းကောင်း  ကိုးကွယ်သည့် ဘာသာကို သော်လည်းကောင်း၊ အကြောင်းပြု၍ ချုပ်ချယ် ကန့်သတ်ခြင်း မရှိဘဲ၊ ထိမ်းမြားနိုင်ခွင့် နှင့် မိသားစုထူထောင်နိုင်ခွင့်ရှိသည်။ သတို့သား နှင့် သတို့သမီး နှစ်ဦးနှစ်ဘက်၏ လွတ်လပ်သော သဘောဆန္ဒရှိမှသာလျှင် ထိမ်းမြားခြင်းကို ပြုရမည်။ လူတိုင်းသည်၊ နိုင်ငံ တစ်နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူခွင့်ရှိသည်။ လူတိုင်းတွင် မိမိ၏နိုင်ငံ နယ်နိမိတ် အတွင်း၌ လွတ်လပ်စွာ သွားလာ ရွှေ့ပြောင်း နိုင်ခွင့်၊ နေထိုင်နိုင်ခွင့်ရှိသည်။''လို့  ဖော်ပြထားတဲ့အချက်တွေကို တွေ့နိုင်ပါတယ်။

လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက '' ဒီမိုကရေစီဆိုတိုင်း ဒီမိုကရေစီတာ မဟုတ်ဘူး။ ဒီမိုကရေစီ ခေတ်စား လာတဲ့အခါမို့ ရောယောင်သံဖမ်းပြီး ပြောကြတာတွေလဲ အများကြီးဘဲ။ ဒါဖြင့် ဒီမိုကရေစီဆိုတာဘာလဲ။ လူလူချင်း ၊ လူတန်းစားအချင်းချင်း ၊ လူမျိုးအချင်းချင်း အစရှိသည်အားဖြင့် အခွင့်အရေးတန်းတူ ကျပ်ပြည့်တင်းပြည့် မရှိသမျှ ကာလပတ်လုံး ဒီမိုကရေစီ ကျပ်ပြည့်တင်းပြည့် မဟုတ်သေးဘူး။ လူမျိုး၊ ဘာသာ၊ လိင်မရွေး တိုင်းပြည်ကြီးသားတိုင်း ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ ပါရမယ်။ လူမျိုးရေးအရ ကွဲပြားခြားနားတဲ့လူများစု လူနည်းစုကိစ္စတွေမှာတော့ လူများစုလူမျိုးစုက လူနည်းစုလူမျိုးတွေအပေါ် လွှမ်းမိုးမှု မရှိစေမှ ၊ ဒီမိုကရေစီမှန်မယ်။ မြင့်မြတ်တဲ့ လွတ်လပ်ရေးဆိုတာ လွတ်လပ်စွာ ဘာသာတရားကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသ မရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့ စိုးရိမ်ပူပန်ခြင်းမှ ကင်းလွတ်မှု၊ လူအ လူနဘ၀မှ လွတ်မြောက်မှု့ တို့ ဖြစ်တယ်။ လူမျိုးအရ ဘာသာအရ လိင်အရ အခွင့်အရေးခွဲခြားမှု ၊ နှိမ့်ချမှုတွေကို ဥပဒေအရပယ်ဖျက်ပြီး ဒီလိုနှိမ်နင်းတာမျိုးတွေ့ရင် ဥပဒေအရ အပြစ်ပေးတာမျိုးတောင် စီမံရမယ်။ ဒါမှ ဒီမိုကရေစီ ပီသမယ်''လို့ မိန့်ချွေခဲ့တာကိုလည်း နှလုံးသွင်းထားစေချင်ပါတယ်။
မိမိရဲ့ဘာသာတရား၊ ယုံကြည်မှု၊ အခွင့်အရေးနဲ့လွတ်လပ်ခွင့်များကိုအကြောင်းပြုပြီး၊ လူတိုင်းက တခြားသူတွေရဲ့ ဘာသာ တရား၊ ယုံကြည်မှု၊ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကို မထိခိုက်စေဖို့၊ မနစ်နာစေဖို့ အရေးကြီးပါတယ်။ မိမိရဲ့ ဘာသာတရား၊ ယုံကြည်မှု၊အခွင့်အရေးနဲ့ လွတ်လပ်ခွင့်များကို ရိုသေလေးစားတန်ဖိုးထားသလို၊ တခြားသူတွေရဲ့ မတူကွဲပြားတဲ့ ဘာသာတရား၊ ယုံကြည်မှု၊ အခွင့်အရေးနဲ့ လွတ်လပ်ခွင့်ကိုလည်း ရိုသေလေးစား တန်ဖိုးထားရမှာ ဖြစ် ပါတယ်။
ဒါမှသာ ဒီမိုကရေစီကျင့်သုံးသော လူ့အဖွဲ့အစည်းအတွင်း ကိုယ်ကျင့်တရားကောင်းမွန်မှု အပြည့်အဝရရှိမှာဖြစ်ပါတယ်။ တိုင်းပြည် နိုင်ငံအေးချမ်းသာယာမှုရှိမှာဖြစ်ပါတယ်။ ပြည်သူပြည်သားနိုင်ငံသားတို့ အကျိုးဖြစ်ထွန်းမှု အပြည့်အဝရရှိမှာ ဖြစ်ပါတယ်။ တရားမျှတစွာ ကျင့်ဆောင်ပြီး ချုပ်ချယ်မှု၊ ကန့်သတ်မှုတွေကင်းတဲ့ ဥပဒေတွေ ရှင်သန်လာမှာ ဖြစ်ပါတယ်။ ကျွန်ုပ်တို့ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီလူ့ဘောင်ကို အရောက်လှမ်းနိုင်မှာ မလွဲမသွေဖြစ်ပါတော့တယ်။ သိက္ခာရှိတဲ့ တိုင်းပြည်အဖြစ် ကမ္ဘာအလည်မှာ ရပ်တည်နိုင်မှာ ဖြစ်ပါတော့တယ်။

မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
Friday Times News Journal(Vol:1,No.5)