Home

Sunday, May 31, 2015

အတိတ်သမိုင်းကို မမေ့ကြဘဲ သင်ခန်းစာယူသင့်ကြပါပြီ။

ကျွန်ုပ်တို့ တိုင်းပြည်မှာရှိတဲ့ မတူကွဲပြားတဲ့ လူမျိုးစုတွေ၊ လူအဖွဲ့အစည်းတွေဟာ ရှေးခေတ်အဆက်ဆက် ကတည်းက တစ်ခုနဲ့တစ်ခု အင်မတန်နီးနီးကပ်ကပ် ချိတ်ဆက်နွယ်ယှက်နေကြပေမယ့် ယခုလို အမှောင်ခေတ်ရဲ့ စနစ်ဆိုးကို ဆန့်ကျင်ပြီး၊ ဒီမိုကရေစီစနစ် ပြောင်းလဲဖော်ဆောင်ဖို့ လူထုက တောင်းဆိုတိုက်ပွဲ ၀င်လာချိန်ကစပြီး အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေနဲ့ ဖျက်ဆီးမှုအင်အား၊ အမုန်းတရား အင်အားတွေ တိုးပွားလွန်းနေပါတယ်။ ဒါဟာ တိုက်ဆိုင်မှုတစ်ရပ်တော့ မဖြစ်နိုင်ဘူးလို့ ထင်ပါတယ်။

မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ယဉ်ကျေးမှု အဖုံဖုံကြားမှာ အပြန်အလှန် ပဋိပက္ခဖြစ်မှုတွေ၊ ရန်စောင်မှုတွေ တိုးပွားလာနေတာဟာ ဒီမိုကရေစီပြောင်းလဲ ဖော်ဆောင်မှုကို မလိုလားသူတို့ရဲ့ မသမာတဲ့ ပယောဂဆိုတာ သိသာ ထင်ရှားလွန်းနေပါတယ်။ အမှောင်ခေတ်ထဲ  ပြန်လည်တွန်းပို့လိုသူတွေက လူထုကို ချနင်းတဲ့ ဗျူဟာဆိုတာ သေချာပါတယ်။

ယခုလို အမှောင်ခေတ်ရဲ့စနစ်ဆိုးကို တွန်းလှန်ပြီး ဒီမိုကရေစီစနစ်နဲ့ တိုင်းပြည်ကို တည်ဆောက်ဖို့ ပြောင်းလဲဖော်ဆောင်နေတဲ့ အချိန်၊ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကြီးကိုပြင်ဖို့ အားသွန်ခွန်စိုက် ကြိုးပမ်းနေတဲ့ အချိန်၊ ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည်ဖော်ဖို့ ကြိုးပမ်းနေတဲ့အချိန်၊ လူမျိုးစုံ၊ ဘာသာစုံ၊ လူ့အဖွဲ့အစည်း ပေါင်းစုံ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲ နေထိုင်ဖို့ အရေးတကြီး မဖြစ်မနေလိုအပ်နေတဲ့အချိန်၊ နှစ်ပေါင်းမြောက်များစွာ နောက်ကျ ကျန်ရစ်ခဲ့တဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ပညာရေး၊ ကျန်းမာရေး စတာတွေ ခေါင်းမော့လာအောင် ကြိုးပမ်း ဆောင်ရွက်ရမယ့် အချိန်အခါမျိုးမှာ အချင်းချင်း စိတ်ဝမ်းကွဲစေနိုင်တဲ့ မျိုးစောင့်ဥပဒေဆိုတာကြီးကို ရှေ့တန်းတင်လာတာဟာလည်း လွတ်လပ်ရေးရပြီးစ ကာလက တိုင်းရင်းသား စည်းလုံးမှုပြိုကွဲစေတဲ့ နည်းဟောင်းကြီးကို ပြန်လည်ဆန်းသစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ အချိန်ကိုက် မိုင်းဗုံးထောင်လိုက် တာပဲ။ အမှန်တရားနဲ့ တိုင်းပြည် ကောင်းစားရေးအတွက်ဆိုရင် အဖြောင့်သာ လျှောက်တတ်တဲ့ လူထုခေါင်းဆောင်အပေါ် ကြည်ညိုလေးစားမှု ပျက်ပြားအောင်၊ အထင်အမြင်လွဲမှားအောင်၊ ရဟန်းရှင် လူပြည်သူလူထုနဲ့ သွေးကွဲအောင် ဖန်တီးလိုက်တာပါပဲ။ ရဟန်းရှင်လူ ပြည်သူလူထုရဲ့ သွေးစည်း ညီညွတ်မှုကို ဖြိုခွင်းလိုက်တာပါပဲ။

လူမျိုးမတူလို့၊ ဘာသာမတူလို့၊ အုပ်စုမတူလို့၊ မွေဖွားရာဇာတိမတူလို့၊ အသားအရောင်မတူလို့၊ ၀တ်စား ဆင်ယင်မှု မတူလို့၊ ဘာသာစကားမတူလို့၊ အယူအဆမတူလို့၊ အတွေးအခေါ်မတူလို့၊ ယုံကြည်မှု မတူလို့၊ ခံယူချက် မတူလို့ သွေးကွဲနေကြမှာလား။ ရန်သူလို့ သတ်မှတ်မှာလား။ အဖိနှိပ်ခံအချင်းချင်း တိုက်နေ ခိုက်နေ အာဃာတတွေ ထားနေကြမှာလား။ ဒါဆို ပြဿနာတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေနဲ့ ရင်ဆိုင်နေကြရအုံးမှာပဲ။

တိုင်းပြည်တည်ငြိမ်အေးချမ်းပြီး စစ်မှန်တဲ့ဒီမိုကရေစီစနစ် ပေါ်ပေါက်လာဖို့ဆိုတာ ပြည်သူလူထုကလည်း နိုင်ငံရေး အသိတရား မြင့်မားဖို့၊ အမြင်ကျယ်ဖို့လိုတယ်။ ကမ္ဘာပေါ်မှာရှိသမျှ အာဏာရှင်တွေဟာ အာဏာကို ဆွဲဆန့်ဖို့အတွက်ဆိုရင် နည်းမျိုးစုံ လှည့်ကွက်တွေ သုံးလေ့ရှိတယ်။ ဒါကိုလူထုက နိုင်ငံရေး အသိတရားရှိရှိ တွေးခေါ်မြှော်မြင် နိုင်ရမယ်။ အာဏာရှင်ဆိုသူတွေကတော့ ဘယ်လိုအခြေအနေမှာပဲ ဖြစ်ဖြစ် လူထု နိုင်ငံရေး အသိတရား မြင့်မားတာ၊ လူထု အတွေးအခေါ် မြင့်မားတာ၊ အမြင်ကျယ်တာ၊ စည်းလုံးညီညွတ်တာတွေကို မလိုလားတာ အမှန်ပဲ။ လူထုနိုင်ငံရေး အသိတရား မရှိမှ၊ လူထုအမြင် မကျယ်မှ၊ လူထုက အချင်းချင်း အမြင်မကြည်လင်နေမှ လှည့်ကွက်အမျိုးမျိုးနဲ့ လူထုအချင်းချင်းကြားမှာ သွေးခွဲသပ်လျှို ရန်တိုက်ထားလို့ရမယ်။ ဒါကြောင့်လည်း ရာစုနှစ်ဝက်ကျော်ကျော် လူထုရဲ့ အတွေးအခေါ်တွေ၊ အယူအဆတွေနဲ့ နိုင်ငံရေး အသိ အမြင်တွေကို အမှောင်ချ မှိုင်းတိုက်ထားလိုက်တယ်။ လူထုကလည်း ၀ါဒမှိုင်း၊ စကားလုံးမှိုင်းတွေအောက်မှာ နှစ်ပေါင်းများစွာ အမှောင်ကျနေခဲ့ရတယ်။ လူထုကိုလည်း ဆင်းရဲမွဲတေပြီး စားဝတ်နေရေး ကျပ်တည်း ကျဉ်းမြောင်းမှုတွေနဲ့ လုံးလည်ချာလည်လိုက်ပြီး နစ်မွန်းနေအောင် ဖန်တီးထားလိုက်တယ်။

တစ်ဖက်ကလည်း လူထုကို နိုင်ငံသားအချင်းချင်း အထင်အမြင်လွဲမှားအောင် လူထုသည်းခြေကြိုက် စကားလုံးတွေနဲ့ လူထုကိုစည်းရုံး သိမ်းသွင်းပြီး အာဏာရှင်တို့ ကိုယ်ကျိုးအတွက် စိတ်ကြိုက်ချယ်လှယ်ခဲ့ ကြတယ်။ ခေတ်အဆက်ဆက် ကွန်မြူနစ် ဗကပသူပုန်၊ ကရင်သောင်းကျန်းသူ၊ ကချင်သောင်းကျန်သူ စတဲ့ ကိုယ့်တိုင်းရင်းသား အချင်းချင်းကို ပြည်သူလူထုက ရန်သူအဖြစ်မြင်လာအောင် သွေးထိုး၊ သွေးခွဲလှုံ့ဆော် ထားခဲ့တယ်။ ဒီဖက်ခေတ်ရောက်လာတော့ ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် မဖြစ်မနေ ပြည်တွင်း ငြိမ်းချမ်းရေးက လိုအပ်လာပြန်တော့ နိုင်ငံတကာ ဖိအားတွေ မလွန်ဆန်နိုင်မှုကြောင့် ပြည်တွင်း ငြိမ်းချမ်းရေး လုပ်နေသယောင်ပြပြီး၊ သားစဉ်မြေးဆက် အတူယှဉ်တွဲ နေထိုင်လာခဲ့ကြတဲ့ ပြည်ထောင်စုသား မွတ်စ်လင်မ်တွေနဲ့ ပြည်သူလူထုကို လူမျိုးရေး ဘာသာရေး ခုတုံးလုပ် အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ ဖန်တီးလာပြန်တယ်။ တိုင်းပြည် တည်ငြိမ်မှု ပျက်ပြားအောင် နည်းမျိုးစုံနဲ့ သွေးခွဲ ရန်တိုက်ထားရင်း အာဏာရှင်ဒေါက်တိုင်ခရိုနီတွေဟာ သူတို့ကိုယ်ကျိုးအတွက် တိုင်းပြည်ရဲ့ လယ်ယာမြေတွေ၊ သယံဇာတတွေ သာမက သာသနာ့ဝတ္တကမြေပါမချန် မတရားသိမ်းယူနေကြတယ်။

ယနေ့အထိလည်း အမျိုး ဘာသာ သာသနာ၊ အမျိုးသားရေးဝါဒ၊ အပစ်အခတ် ရပ်စဲရေးနဲ့ ပြည်တွင်း ငြိမ်းချမ်းရေးတို့ ဆိုတာတွေကို အမှန်တကယ် တိုင်းပြည်နဲ့လူထု အကျိုးစေတနာထား ဆောင်ရွက်နေခြင်း မဟုတ်ဘဲ၊ စကားလုံး အလှအပတွေအဖြစ်သာ အသုံးချကာ လူထုကို အာရုံလွဲအောင်လုပ်ပြီး အာဏာသက် ရှည်အောင် အကာအကွယ်ယူဖို့ အချိန်ဆွဲ လှည့်စားနေကြတုံးပဲဆိုတာ လူထုက အချိန်မီ သဘောပေါက်ကြ စေလိုပါတယ်။ အာဏာရှင်တွေရဲ့လှည့်စားနေတဲ့လှည့်ကွက်တွေကို သဘောပေါက်နားလည်ပြီး မိမိတို့ မျှော်မှန်းထားတဲ့ အနာဂတ်နိုင်ငံတော် တည်ဆောက်ဖို့ ပြည်သူလူထုရဲ့ နိုင်ငံရေးအသိတရား မြင့်မားမှု၊ အမြှော်အမြင်ကြီးမားမှု၊ အမြင်ကျယ်မှု၊ အရည်အချင်းပြည့်ဝမှု၊ စည်းလုံညီညွတ်မှု၊ အချင်းချင်းဂုဏ်ပေး လေးစား နားလည် ဆက်ဆံမှု၊ အပြန်အလှန် ထိန်းကျောင်းမှုနဲ့ စိတ်ဓာတ်မြင့်မားမှုတွေအပေါ်မှာ အများကြီး မူတည်ပါတယ်။

၂၀၁၅ မတိုင်မီ၊ ၂၀၁၅ နဲ့ ၂၀၁၅ အလွန်မှာ နိုင်ငံရေးအာဏာကို မရိုးသားတဲ့ အောက်လမ်းနည်းတွေနဲ့ အရယူဖို့ နောက်ထပ်လှည့်ကွက်တွေ၊ ထောင်ချောက်ဆင်မှုတွေ အများကြီးရင်ဆိုင် ကြုံတွေ့ရဖွယ်ရှိနေ နိုင်တာမို့ အတိတ်သမိုင်းကြောင်းကို မျက်ခြေပြတ်လို့ မရနိုင်သလို အသိ၊ သတိတို့နဲ့ ယှဉ်ပြီး ပြည်သူလူထု တစ်ရပ်လုံးက သွေးမကွဲကြဘဲ၊ စည်းလုံးမှုအင်အား အပြည့်အ၀နဲ့ ကျွန်ုပ်တို့ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ အာဏာရှင်စနစ် အမြစ်ဖြုတ်ရေး၊ စစ်မှန်ပြီး တည်ငြိမ်အေးချမ်းတဲ့ ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေး ဆီကို မရောက်ရောက်အောင် အရောက်လှမ်းကြရမှာ ဖြစ်ပါတယ်။
လူသားအချင်းချင်းဆိုတဲ့အသိ၊ နိုင်ငံသားအချင်းချင်းဆိုတဲ့အသိနဲ့၊ အဖိနှိပ်ခံဘ၀တူတွေပဲဆိုတဲ့အသိနဲ့ အချင်းချင်း အပြန်အလှန် နားလည်ခွင့်လွှတ်ကြပြီး နားလည်မှု တည်ဆောက်ကြမှာသာ၊ သွေးစည်းညီညွတ် ကြမှသာ ပြဿနာတွေ၊ ပဋိပက္ခတွေ၊ အကြမ်းဖက်မှုတွေ ပြေလည်နိုင်မှာဖြစ်ပါတယ်။

ဒီလိုအခြေအနေမျိုးမှာ လူအဖွဲ့အစည်းအချင်းချင်းကြားမှာ ပဋိပက္ခပြု ရန်စောင်နေကြမယ်ဆိုရင်၊ အိုးမဲသုတ်၊ ရန်တိုက်၊ သွေးထိုးပေးနေတိုင်း မျက်ကန်းအတွေးမဲ့၊ အမြင်မဲ့ ဆက်တိုးနေကြအုံးမယ်ဆိုရင် တော့ တစ်ဖက်ဖန်တီးနေသူတွေ၊ အာဏာဆုတ်ကိုင်ထားလိုသူတွေ ဆင်ထားတဲ့အကွက်ထဲ တည့်တည့် တိုးဝင်မိပြီး လမ်းကြောင်း ဘက်ပြောင်းသွားမှဖြင့် ဒီမိုကရေစီပြောင်းလဲ ဖော်ဆောင်မှုအတွက် မတွေးဝံ့စရာ၊ ရင်လေးစရာ ဖြစ်နိုင်ပါတယ်။ မျှော်လင့်ထားသမျှ၊ ကြိုးစားထားသမျှ၊ အသက်သွေးချွေး ရင်းနှီးထားခဲ့သမျှ သဲထဲရေသွန် အခြေအနေ ဆိုက်ရောက်သွားနိုင်ပါတယ်။

ဒါကြောင့် ကျွန်ုပ်တို့တိုင်းပြည်မှာ အတိတ်ခေတ်က ရှိခဲ့ဖူးတဲ့ သွေးစည်းမှု၊ ညီညွတ်မှုတွေကို နှလုံးသွင်းကာ မတူကွဲပြားတဲ့လူမျိုးစု လူအဖွဲ့အစည်းတွေကြား အမြင်ချင်း၊ အတွေးချင်း၊ အယူအဆချင်း အပြန်အလှန် ဖလှယ်ဖို့ ဒီမိုကရေစီ နည်းကျကျ ငြိမ်းငြိမ်းချမ်းချမ်းနဲ့သာ စည်းလုံးသင့်ပါတယ်။ ဒီမိုကရေစီရဲ့ သဘောထားတွေကို စံပြုပြီးတော့ လက်ခံ၊ လက်ကိုင်ပြုနိုင်မှသာ လူ့အဖွဲ့အစည်း အားလုံး အတွက် လွတ်လပ်မှု၊ ငြိမ်းချမ်းမှု၊ တန်းတူညီမျှနဲ့ လူ့အခွင့်အရေး အပြည့်အ၀ရရှိမှုဆိုတာတွေ အသက်ဝင် လာမှာဖြစ်တယ်။ မျှော်လင့်ထားတဲ့ ဒီမိုကရေစီလူ့ဘောင်ကို တည်ဆောက်နိုင်မှာဖြစ်သလို ရှင်သန်လာနိုင် မှာလည်း ဖြစ်ပါတယ်။

တိုင်းပြည်နဲ့ လူထုရဲ့ရေရှည်အကျိုး မြင်အောင်ကြည့်ကြပါ။ ဦးနှောက်တွေ၊ နားတွေ မျက်စေ့တွေကို ဖွင့်ပြီး ရင်ချင်းအပ်ထားကြပါ။  ဒီမိုကရေစီရဲ့သဘောတရားတွေကို သဘောပေါက်အောင် ကြိုးစားကြပါ။
ဒီမိုကရေစီရဲ့အနှစ်သာရတွေကို ယုံကြည်လက်ခံကြပါ။ ဒီမိုကရေစီထွန်းကားရေးကို ဦးတည်ပြီး လုပ်ကြ ကိုင်ကြပါ။ ဒီမိုကရေစီကိုသွားနေတဲ့လမ်းကနေ ချော်ထွက်မသွားအောင် ၀ိုင်းဝန်းတည့်မတ်ကြပါ။ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းတွေနဲ့ ယဉ်ကျေးမှု အဖုံဖုံကြားမှာ အပြန်အလှန် ဂုဏ်ပေးလေးစား နားလည် ခွင့်လွှတ်ကြပါ။ ရဟန်းရှင်လူ ပြည်သူလူထုတစ်ရပ်လုံးနဲ့ ဒီမိုကရက်တစ် အင်အားစုအားလုံးကလည်း လူထုကို ခေါင်းဆောင်မှုပေးနိုင်မယ့်သူနဲ့အတူ အာဏာရှင်စနစ်ဆိုးကို စည်းလုံးညီညွတ်စွာ ပူးပေါင်း တွန်းလှန်ကြဖို့ ဆုံးဖြတ်ချက်ချကြပါ။ ပါဝင် ၀ိုင်းဝန်းဝန်းရံကြပါ။

အာဏာရှင်စနစ်ဆိုးကြီး အပြီးတိုင် ချုပ်ငြိမ်းသွားပြီး ဒီမိုကရေစီစနစ်ဆီ အရောက်လှမ်းနိုင်ဖို့ဆိုရင် နိုင်ငံရေး ခေါင်းဆောင်တွေ၊ ဗုဒ္ဓဘာသာ ရဟန်းသံဃာတော်တွေ၊ ဘာသာအသီးသီးက ဘာသာရေး ခေါင်းဆောင်တွေ၊  တတ်သိပညာရှင်တွေနဲ့ ဒီမိုကရေစီလိုလားသူတွေက ပူးပေါင်းပြီး ရိုးသားတဲ့လူထုကို နိုင်ငံရေးအသိ နိုင်ငံရေးသဘောတရားတွေ ပညာပေး လမ်းညွှန်ကြဖို့ လိုအပ်သလို လူထုကလည်း အသိတရားရှိရှိ၊ အမြင်ကျယ်ကျယ်၊ သဘောထားကြီးကြီးနဲ့ သွေးစည်းညီညွတ်စွာ ပူးပေါင်းကြဖို့ လိုအပ် နေပြီ ဖြစ်ပါတယ်။
လူနဲ့လူကြား သွေးခွဲခြားမှု၊ လူမျိုး ဘာသာ အသားအရောင်ခွဲခြားမှု၊ ယဉ်ကျေးမှု ဘာသာစကား အ၀တ်အစား ခွဲခြားမှု၊ ဆင်းရဲ ချမ်းသာ အဆင့်အတန်းခွဲခြားမှုစတဲ့ အနိဌာရုံဆိုးတွေကို ဖျောက်ဖျက်လိုက်ရမယ်။ ငါ့လူမျိုး၊ ငါ့ဘာသာ၊ ငါ့ယဉ်ကျေးမှုသာ အမှန်ဆိုတဲ့ အတ္တစွဲ၊ မျက်ကန်းမျိုးချစ်ဝါဒမှိုင်းတွေ ကင်းစင်မှ လူအချင်းချင်း ကြားမှာ လူ့အဖွဲ့အစည်းစိတ်ဓာတ်၊ ကမ္ဘာ့မိသားစုစိတ်ဓာတ်၊ လူသားစိတ်ဓာတ်နဲ့ သဟဇာတဖြစ်တဲ့ လူ့အဖွဲ့ အစည်းတစ်ရပ် အမှန်တကယ် ထွန်းကားလာမှာပါ။ သို့မှသာ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်နိုင်မှာ ဖြစ်ပါတယ်။

လူ့အရည်အသွေးကောင်းခြင်း ဆိုးခြင်း၊ အကျင့်သီလကောင်းခြင်း ဆိုးခြင်း ၊ ယဉ်ကျေးမှုရှိခြင်း မရှိခြင်း၊ သဘောထားကြီးခြင်း မကြီးခြင်း၊ အမြှော်အမြင်ရှိခြင်း မရှိခြင်းတို့ကသာ ဒီမိုကရေစီအတွက် အဆုံးအဖြတ် ဖြစ်သလို လူထုက သေသေချာချာ စဉ်းစားတတ်ရမယ်။ သဘောထားကြီးရမယ်၊ အမြင်ကျယ်ရမယ်။ ရေရှည်အမြင်ရှိရမယ်။ ဒီမိုကရေစီစနစ်မှာ လူလူချင်းကြား စံထားဂုဏ်တင် ကျင့်ကြံရမယ့်ကိစ္စတွေဟာ ယုံကြည်ချက်၊ အသိပညာ၊ ဗဟုသုတ၊ အလိမ္မာ၊ ကိုယ်ချင်းစာတရား၊ ချစ်ခြင်းမေတ္တာနဲ့ မြင့်မြတ်တဲ့ အကျင့်သီလတွေသာဖြစ်ပါတယ်။

ဒီမိုကရေစီဆိုတာ ကျင့်စဉ်တစ်ရပ်ပါ။ လူနည်းစုကို လူများစုက ဖိနှိပ်စော်ကားနိုင်တဲ့ အခွင့်အရေး ဒီမိုကရေစီစနစ်မှာမရှိဘူး။ အင်အားကြီးသူက အင်အားနည်းသူကို ရိုင်းပြစော်ကားဖို့၊ အနိုင်ကျင့်ဖို့၊ အကြမ်းဖက်ဖို့၊ ခွဲခြားဆက်ဆံဖို့ ဒီမိုကရေစီစနစ်က လမ်းညွှန်ထားတာမရှိသလို၊ ဘယ်ဘာသာတရားကမှ လည်း မသွန်သင်ထားပါဘူး။ ဒီမိုကရေစီဆိုတာ ဥပဒေမဲ့ ဗရမ်းဗတာ လက်လွတ်စပယ် လူမျိုးရေးခွဲခြားပြီး ဘာသာရေးစော်ကားမှုတွေလုပ်၊ လူသတ်၊ မီးရှို့ဖို့ မဟုတ်ဘူး။ မိမိတို့က လူများစုတွေမို့ တခြားဘာသာဝင် လူနည်းစုတွေကို အုပ်စုဖွဲ့ပြီး နှိပ်ကွပ်လိုက်မယ်၊ အနိုင်ကျင့်လိုက်မယ်၊ နေရပ်မှာ မနေနိုင်အောင် မောင်းထုတ်လိုက်မယ်၊ စီးပွားပျက်ပြီး ရပ်တည်လို့မရအောင် လုပ်လိုက်မယ်ဆိုတဲ့ စိတ်မျိုးထားနေကြမယ် ဆိုရင်တော့ အမုန်းသံသရာ ရှည်ပြီး ငြိမ်းချမ်းမှုနဲ့ ဝေးသည်ထက် ဝေးကြရပါလိမ့်မယ်။ တိုင်းပြည်တည်ငြိမ်မှု နဲ့လည်း ဝေးကြရပါလိမ့်မယ်။

ဒီလိုအခြေအနေမျိုးတွေဖြစ်လာပြီဆိုရင်တော့ ဒီမိုကရေစီဖော်ဆောင်ဖို့လည်း အလှမ်းကွာဝေးပြီး အာဏာကို လက်မလွှတ်တမ်း ဆုတ်ကိုင်ထားလိုသူတွေ၊ နောက်ကြောင်းမျှော်တွေ၊ နိုင်ငံတွင်းက ဖဲ့ထွက်လိုသူတွေနဲ့ တောကြောင်တွေ လက်ခမောင်း ထခတ်လိမ့်မယ်။

ဒီလိုမှမဟုတ်လို့ အဆိပ်လူးထားတာမမြင်ဘဲ ဆက်ဝင်တိုးကြမယ်ဆိုရင်တော့ ထောင်ချောက်နွံမှာ ဆက်နှစ်ပြီး  နောက်ထပ်တစ်ကျော့ သမိုင်း တစ်ပတ်လည် သွားနိုင်ပါတယ်။ ကျွန်ုပ်တို့ ဦးတည်ချက် ပန်းတိုင် ပျောက်ဆုံးသွားနိုင်ပါတယ်။ ပါလီမန်ဒီမိုကရေစီခေတ်မှ ယနေ့ခေတ်တိုင်အောင် ဖြစ်ပျက်ခဲ့သမျှ၊ အာဏာရှင်အဆက်ဆက် အကြောက်တရားတွေ ဖန်တီးထားပြီး အုပ်ချုပ်ခဲ့သမျှ၊ အိပ်မက်တွေ မဟုတ်ပါ။
ဒဏ္ဍာရီ မဟုတ်ပါ။ သမိုင်းဖြစ်ပါတယ်။ အတိတ်သမိုင်းကို မမေ့ကြဘဲ သင်ခန်းစာယူသင့်ကြပါပြီ။

မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
Friday Times News Journal (Vol:1, No.12)