Home

Sunday, May 31, 2015

ဘာသာရေးခေါင်းစဉ်အောက်က နိုင်ငံရေးထောင်ချောက်

ကိုးကွယ်ယုံကြည်ရာ ဘာသာတရားတွေက ဘယ်လူမျိုးကိုမှ အနှောက်အယှက်မပေးပါဘူး၊ မရှုပ်ထွေးစေပါဘူး။ ဘာသာတရားတွေကို ခုတုံးလုပ်ပြီး မိမိလိုရာ အသုံးချနေလို့၊ ဘာသာတရားကို အကြောင်းပြုပြီး အသက်မွေး ၀မ်းကြောင်းပြုနေကြလို့ (နောက်တစ်နည်းပြောရရင်) ဘာသာရေးခေါင်းစဉ်တပ်ပြီး မိမိတို့ ကိုယ်ကျိုးစီးပွားအတွက်
လုပ်စားနေကြလို့ ရှုပ်ထွေးနေတာပါ။


ဘယ်လူမျိုးပဲဖြစ်ဖြစ် မိမိဘာသာအပေါ်မှာ နှစ်နှစ်ကာကာ ယုံကြည်ပြီး၊ မိမိယုံကြည်တဲ့ဘာသာတရားရဲ့ အဆုံးအမနဲ့အညီ ကျင့်ကြံအားထုတ် နေထိုင်သွားမယ်ဆိုရင် ဘယ်လူမျိုး ဘယ်ဘာသာဝင်ကိုမှ ထိခိုက်မှာ မဟုတ်ဘူး။ နစ်နာစေမှာ မဟုတ်ဘူး။ ဘာသာတရားဆိုတာ အဆုံးအမပါ။ ဘာသာတရားတိုင်းရဲ့ အခြေခံက မေတ္တာတရားပါ။

ဘာသာတရားဆိုတာ လူမှုဘ၀တည်ဆောက်တဲ့လမ်းစဉ်၊ လူမှုဘ၀သက်တမ်း မွေးမြူရမယ့် ပုံစံ၊စံနစ်ဇယားတစ်ခုပါ။ လူမှုဘ၀သက်တမ်းမွေးမြူဖို့အတွက် ဘ၀ရဲ့လမ်းညွှန်ဖြစ်တယ်။ ကမ္ဘာပေါ်မှာထင်ရှားကျော်ကြားတဲ့ ဘာသာတရား တွေရဲ့ သွန်သင်လမ်းညွှန်မှုကို လေ့လာကြည့်မယ်ဆိုရင် လူသားတိုင်းဟာ လူ့သက်တမ်းမွေးမြူတဲ့အခါ လူသား အချင်းချင်းကြား ၊ လူ့အဖွဲ့အစည်းအချင်းချင်းကြား အပြန်အလှန် နားလည်မှုနဲ့ပေါင်းသင်းဆက်ဆံရေး၊ အပေးအယူ၊ ကိုယ်ကျင့်တရားနဲ့ စာရိတ္တ၊ သမ္မာအာဇီဝ စားဝတ်နေရေးတို့အပြင် ရှင်သန်နေထိုင်တဲ့အခိုက် လူမှုဘ၀ရဲ့ပျော်ရွှင်မှု၊ချမ်းမြေ့မှု၊ ငြိမ်းချမ်းမှု၊ စာနာသနားမှု၊ ကိုယ်ချင်းစာမှု၊ ဂုဏ်ပေးလေးစားမှု၊ ယဉ်ကျေး သိမ်မွေ့မှု၊လူ့ပတ်ဝန်းကျင် လူ့အသိုင်းအ၀ိုင်းနဲ့ သဟဇာတဖြစ်မှုစတဲ့ သွန်သင် လမ်းညွှန်မှုတွေကို တွေ့ရမှာဖြစ်ပါတယ်။ ကမ္ဘာ့အဓိက ဘာသာတရားကြီးတို့ဟာ -
မေတ္တာ၊ ကရုဏာ၊ မုဒိတာ၊ဥပက္ခာ၊ ခွင့်လွှတ်သည်းခံမှုတရားတို့ ထားရှိကျင့်သုံးကြဖို့ကို သင်ကြားပြသပေးပါတယ်။

ဘယ်ဘာသာတရားကမှ ဘာသာတရား တစ်ခုနဲ့တစ်ခု မကောင်းပြောဖို့၊ အပုတ်ချဖို့၊ ဆဲဖို့ဆိုဖို့ မသင်ပေးထားသလို၊ ဘာသာခြားတွေအပေါ်မှာ အုပ်စုဖွဲ့အနိုင်ကျင့်ဖို့၊ စော်ကားဖို့၊ နိုင်ထက်စီးနင်းလုပ်ဖို့၊ ကြီးနိုင်ငယ်ညှင်းလုပ်ဖို့၊ နေအိမ်တွေက မောင်းထုတ်ဖို့  ညွှန်ကြားထားတာ မရှိပါဘူး။ ဘာသာမတူလို့၊ လူမျိုးမတူလို့ ရန်ဖြစ်ခိုင်းတာ၊ လူသတ်ခိုင်းတာ၊ မီးရှို့ဖျက်ဆီးခိုင်းတာတွေ မသွန်သင်ခဲ့ပါဘူး။ လူမျိုးမတူလို့ ၊ ဘာသာမတူလို့ဆိုပြီး ဘာသာခြားတို့ရဲ့ အထွဋ်အမြတ်ထားရာ ၀တ်ကျောင်းတော်တွေ၊ အခြေခံဘာသာရေး စာသင်ကျောင်းတွေကို အုပ်စုဖွဲ့ရမ်းကားမှုတွေကိုလည်း ဘယ်ဘာသာတရားကမှ ခွင့်မပြုထားပါဘူး။

ဘာသာခြားတို့ရဲ့အသက်ကိုရန်ရှာ၊ ညှင်းပမ်းသတ်ဖြတ်နေတာ၊ အိုးအိမ်တွေနဲ့ ပိုင်ဆိုင်မှုတွေကို လုယက်နေတာ၊ မီးတင်ရှို့နေတာ၊ ဘာသာခြားတွေကို မွေးရပ်ဇာတိကနေ ထွက်ပြေးအောင် နည်းအမျိုးနဲ့ ဒုက္ခပေးနေတာ၊ သုတ်သင်ရှင်းလင်းဖို့ အကြမ်းဖက်မှုတွေ ဖန်တီးနေတာတွေဟာ လူသားဝါဒကို ဆန့်ကျင်ရာရောက်သလို မိမိတို့ ကိုးကွယ် ယုံကြည်ရာ ဘာသာတရားတွေကိုလည်း ညစ်နွမ်းစေပါတယ်။

ဘာသာတရားကို ခုတုံးလုပ်ပြီး မိမိလိုရာ အသုံးချနေမယ်၊ ဘာသာတရားကို အကြောင်းပြုပြီး အသက်မွေးဝမ်းကြောင်းပြုနေမယ်၊ ဘာသာရေးခေါင်းစဉ်တပ်ပြီး လုပ်စား နေကြမယ် ဆိုရင်တော့ ဘာသာဝင် အချင်းချင်းကြား၊ ဘာသာခြား လူမျိုးခြားတွေကြား ထိခိုက်လာမယ်။ နစ်နာလာမယ်။ ဘာသာဝင် အချင်းချင်းတွေကြား၊ ဘာသာခြား လူမျိုးခြားတွေကြား သံသယတွေတိုးပွားပြီး ရန်လိုမှုတွေ၊ မုန်းတီးမှုတွေနဲ့ အာဃာတတွေဖြစ်လာမယ်။ ဘာသာတရားအချင်းချင်းကြား၊ လူမျိုးစုအချင်းချင်းကြား သွေးကွဲ မှုတွေ၊ သွေးထိုး ရန်စမှုတွေ ဖြစ်လာမယ်။

ဘာသာရေးခေါင်းဆောင်အမည်ခံပြီး မိမိတို့ဘာသာဝင်တွေ အနှိပ်စက်ခံ၊ အဖိနှိပ်ခံ၊ အစော်ကားခံ နေရတာတောင် ခံစားချက်မရှိ ၊ ကိုယ်ချင်းစာစိတ်မရှိတဲ့သူတွေ၊ မိမိ ကိုယ်ကျိုးစီးပွား ထိခိုက်မှာစိုးရိမ်ပြီး ရေငုံနှုတ်ပိတ်နေသူတွေ၊ မိမိ လူ့အဖွဲ့အစည်းအရေးထက် မိမိ ကိုယ်ရေးကိုယ်တာကိုသာ ဦးစားပေးတဲ့သူတွေကို ဘာသာရေး ခေါင်းဆောင်၊ လူအဖွဲ့အစည်းခေါင်းဆောင်အဖြစ် လက်ခံထားတာကလည်း ဘာသာရေး၊ သာသနာရေးကို ထိခိုက်စေပါတယ်။ 

ဘာသာရေးခေါင်းဆောင်ဆိုသူတွေကလည်း နိုင်ငံတွင်းလှည့်လည်ပြီး မေတ္တာတရား၊ ညီညွတ်ခြင်းတရားတွေကို ဟောကြားကြရမယ့်အစား ကျော်ကြားလိုမှု၊ နေရာယူလိုမှုတွေအတွက် သည်းခြေကြိုက်စကားလုံးတွေသုံးပြီး ထင်ယောင်ထင်မှားဖြစ်အောင် လူမျိုးရေး၊ ဘာသာရေးစော်ကားတဲ့၊ ဘာသာတရားနဲ့ ဆန့်ကျင်တဲ့ မတရားတွေ ဟောနေမယ် ပြောနေမယ်၊ ဖြန့်ဝေနေမယ်ဆိုရင် မိမိကိုးကွယ်ရာ ဘာသာတရားကို ထိခိုက်နိုင်သလို၊ အခြားဘာသာတရားတွေကိုလည်း ထိခိုက်နိုင်ပါတယ်။ လွတ်လပ်စွာ ပြောဆိုခွင့်၊ လွတ်လပ်စွာ ရေးသားခွင့်ကို ခုတုံးလုပ်ပြီး လူမျိုးရေး၊ ဘာသာရေး စော်ကားမှုတွေ ပြောဆိုနေတာ၊ ဟောကြားနေတာ၊ ရေးသားနေတာ၊ ဖြန့်ဝေနေတာတွေဟာ ဒီမိုကရေစီမဟုတ်သလို အမုန်းတရားတွေ ကြီးထွား အမြစ်တွယ်လာစေဖို့ ရည်ရွယ်ချက်နဲ့ ပြောဆိုနေတာ၊ ဟောကြားနေတာ၊ ရေးသားနေတာ၊ ဖြန့်ဝေနေတာတွေဟာလည်း ဒီမိုကရေစီမဟုတ်ပါဘူး။

ဘာသာတရားရဲ့လမ်းညွှန်မှုတွေကို ဘာသာရေးခေါင်းဆောင်ဆိုသူတွေ၊ ဘာသာရေး ၀တ်ရုံခြုံထားသူတွေက မိမိတို့ ကိုယ်ကျိုးအတွက် ဘာသာတရားတွေက သွန်သင်ဆုံးမချက်တွေနဲ့ဆန့်ကျင်ဘက် မိမိတို့တီထွင်ထားတဲ့ တရားသစ်တွေကို မိမိတို့ကိုယ်ကျိုးအတွက် ဘာသာဝင်တွေ ထင်ယောင်ထင်မှား ဖြစ်အောင်လုပ်ပြီး၊ ဘာသာတရားတွေအကြား အမုန်းပွားအောင် ဖန်တီးနေကြပါတယ်။ ဒါကြောင့် ဒီကနေ့ ကမ္ဘာပေါ်မှာ လူသားတို့အချင်းချင်း ချစ်ကြည်ရင်းနှီးမှုနဲ့ ငြိမ်းချမ်းတဲ့ ပုံဖော်မှုတွေ ဆုံးရှုံးနေကြပြီး၊ ဘာသာတရားတစ်ခုနဲ့ တစ်ခုကြား ဂုဏ်ပေးလေးစားမှု ပျောက်ဆုံး၍ အငြင်းပွားမှုတွေ၊ ပြိုင်ဆိုင်မှုတွေ၊ ရန်လိုမှုတွေ၊ စော်ကားမတွေ၊ နှိမ်ချမှုတွေ၊ နှိပ်ကွပ်မှုတွေနဲ့ အမုန်းတရားတွေ ပေါ်ပေါက်လာရပြီး ဘာသာမတူညီ ကွဲပြားမှုသည်ပင်လျှင် လူ့အဖွဲ့အစည်းအတွင်း ပြဿနာတစ်ရပ်လို ဖြစ်ပေါ်နေကြပါတယ်။

ဘယ်လူအဖွဲ့အစည်း၊ ဘယ်ဘာသာဝင်တွေပဲဖြစ်ဖြစ် ဘာသာတရားတိုင်းကို အပြန်အလှန်လေးစားဖို့တော့ လိုပါတယ်။ မိမိသက်ဝင်ယုံကြည်တဲ့ ဘာသာတရားပေါ်မှာ အစွန်းရောက်ပြီး အခြားဘာသာတရားတွေကို ထိခိုက်နစ်နာစေမယ်ဆိုရင် မိမိသက်ဝင်ယုံကြည်တဲ့ ဘာသာတရားကို  သိက္ခာကျအောင် မိမိကိုယ်တိုင် ဖန်တီးနေသလို ဖြစ်မယ်။

ဘယ်ဘာသာဝင် ဘယ်လူမျိုးပဲဖြစ်ဖြစ် မိမိ ကိုးကွယ်ယုံကြည်တဲ့ဘာသာတရား သာသနာရောင်ဝါ ထွန်းလင်း ပြောင်လိုတဲ့ ဆန္ဒရှိတယ်ဆိုရင်တော့ မိမိနိုင်ငံတွင်းမှာရှိတဲ့ လူသားတွေကို လူသားတွေအဖြစ်နဲ့သာမြင်ကြရမယ်။။ လူသားတွေအဖြစ်နဲ့သာ ဆက်ဆံကြရမယ်။  မိမိနိုင်ငံတွင်းမှာရှိတဲ့ လူသားတွေကို သာသနာရောင်နဲ့ အလင်းပေးရမယ်။ လူသားတိုင်းကို မေတ္တာတရားထားပြီး ဆွေမျိုးသားချင်း၊ ညီရင်းအစ်ကို၊ မောင်ရင်းနှမကဲ့သို့ အတူတကွ ပူးပေါင်းနေထိုင်နိုင်အောင် ကြိုးစားကြရမှာ ဖြစ်သလို လူသားမှန်ရင် လူသားတွေကြားမှာ ဘာအရောင်မှ မခွဲခြားဘဲ ချစ်ချစ်ခင်ခင် ရင်းရင်းနှီးနှီး ပေါင်းသင်း ဆက်ဆံနိုင်ကြရပါမယ်။

မြင့်မြတ်တဲ့ လူမျိုး၊ မြင့်မြတ်တဲ့ဘာသာဆိုတာ လွတ်လပ်စွာ ဘာသာတရား ကိုးကွယ်နိုင်မှု၊ လွတ်လပ်စွာ ဘာသာတရားကို ကာလဒေသမရွေး ဟောပြောနိုင်မှု၊ ကြောက်ရွံ့ စိုးရိမ်ပူပန်ခြင်းတွေကနှေ ကင်းလွတ်မှု၊ အနှိမ်ခံဘ၀ကနှေ လွတ်မြောက်မှု စတာတွေ ပေးစွမ်းနိုင်ရမှာဖြစ်ပါတယ်။ မိမိတို့က မိမိယုံကြည်ရာ လွတ်လွတ်လပ်လပ် ကိုးကွယ်ကြသလို အခြားသူတွေ လည်း သူတို့ယုံကြည်ရာ လွတ်လွတ်လပ်လပ် ကိုးကွယ်တာကို နားလည်ခွင့်ပြုပေးနိုင်ရမယ်။ မိမိတို့နိုင်ငံသားအားလုံးအတွက် လောကီ၊ လောကုတ္တရာနှစ်ဌာနလုံး အကျိုးရှိမယ့် အမြင့်မြတ်ဆုံးသော ဘာသာရေးကို ဆောင်ရွက်ကြရမယ်။ မိမိတို့ဘာသာ သာသနာရဲ့ အေးမြတဲ့မေတ္တာရိပ်ကို အခြားဘာသာဝင်တွေကိုလည်း ခိုလှုံခွင့်ပေးရမယ်။

ဒီနိုင်ငံအတွင်း မှီတင်းနေထိုင်ကြတဲ့ ဗုဒ္ဒဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ၊ ဟိန္ဒူဘာသာစတဲ့ ဘာသာ အသီးသီး ကိုးကွယ်ယုံကြည်ကြတဲ့ ဘာသာဝင်တိုင်းဟာ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လိုတဲ့ သူတွေသာဖြစ်ပါတယ်။ ငြိမ်းငြိမ်းချမ်းချမ်း နေထိုင်လိုတဲ့ဆန္ဒအလျောက် ဘာသာမတူ လူမျိုးကွဲပြားမှုတွေကို အစွဲမထား၊ မခွဲခြားဘဲ နိုင်ငံသားတိုင်း စည်းလုံးညီညွတ်ဖို့ လိုပါတယ်။ 

ဒီမိုကရေစီစနစ်ကို ဖော်ဆောင်မယ့် လူ့အဖွဲ့အစည်းကြားမှာ အင်အားအထက်မြက်ဆုံး အရာတွေဟာ လူအချင်းချင်း ညီရင်းအစ်ကို စိတ်ထားရှိဖို့နဲ့ တစ်ဦးကိုတစ်ဦး ချစ်ကြည် လေးစားမှုထားဖို့၊ ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲ နေထိုငဖို့တွေဖြစ်တယ်။ ညီရင်းအကို စိတ်ဓာတ်နဲ့  ငြိမ်းငြိမ်းချမ်းချမ်း အတူယှဉ်တွဲနေထိုင်ခြင်းဆိုတာ ရေးသားရုံ၊ အာဘောင်အာရင်း သန်သန် ဟောပြောနေရုံနဲ့ မဖြစ်နိုင်ပါဘူး။ လူ့အဖွဲ့အစည်းစိတ်ဓာတ်၊ ကမ္ဘာ့မိသားစုစိတ်ဓာတ်၊ လူသားစိတ်ဓာတ်ကို လက်တွေ့ကျင့်သုံး အကောင် အထည်ဖော်နိုင်မှသာ စစ်မှန်တဲ့ ဒီမိုကရေစီ ဖြစ်နိုင်ပါတယ်။

စစ်မှန်တဲ့ဒီမိုကရေစီကို ယုံကြည်တယ်၊ မြတ်နိုးတယ်၊ တန်ဖိုးထားတယ်၊ လေးစားတယ်ဆိုရင် လိုက်နာ ကျင့်ကြံသင့်တာ ကတော့ လူ့ဂုဏ်သိက္ခာကို လေးစား တန်ဖိုးထားရမယ်။ လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊ နေရာဒေသ၊ နိုင်ငံ၊ အသားအရောင်၊ ယောင်္ကျား၊ မိန်းမ စသည်ဖြင့် အပေါ်ယံအသွင်သဏ္ဌာန် အားဖြင့် ဘယ်လောက်ပဲ ကွဲပြားခြားနားနေပါစေ၊ လူသားအားလုံးကို တန်းတူရည်တူ တန်ဘိုးထားပြီး ကရုဏာထား မေတ္တာပွါးရမယ်။ ဘယ်သူမဆို လူရယ်လို့ဖြစ်လာရင် လူမျိုးဘာသာ မခွဲဘဲ အမှန်တရားဘက်က ရပ်တည်ကာကွယ်ပေးရပါမယ်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးပဲ ဖြစ်နေပါစေ၊ နိုင်ငံသားတိုင်း ရသင့်တဲ့ အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေ တန်းတူညီမျှ ခံစားခွင့်ရှိရမယ်ဆိုတဲ့အသိ လူတိုင်းမှာ ရှိနေရမယ်၊ ကိုယ့် အခွင့်အရေးကို တစ်ပါးသူက လေးစားဖို့အတွက် တစ်ပါးသူရဲ့ အခွင့်အရေးကိုလည်း ကိုယ်က လေးစားတတ်ခြင်းဆိုတာ အဓိကအရေးကြီးဆုံးဖြစ်ပါတယ်။

အုပ်ချုပ်တဲ့သူတွေရဲ့တာဝန်ကလည်း ငြိမ်းချမ်းမှုကို ပျက်ပြားအောင် ဖန်တီးနေတဲ့သူတွေကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ တိတိကျကျ ဖော်ထုတ်ပြီး၊ ဥပဒေ ချိုးဖောက်မှုတွေကို ဘက်လိုက်မှု မရှိစေဘဲ၊ တရားဥပဒေနဲ့ အညီ ထိထိရောက်ရောက် အရေးယူသွားရမှာ ဖြစ်တယ်။ ငြိမ်းချမ်းစွာအတူ ယှဉ်တွဲ နေထိုင်နိုင်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ပေါ်ပေါက်လာရေးကို ရှေးရှုတဲ့ ဦးတည်ချက်တွေနဲ့ လုပ်ဆောင်ရမယ်။ နိုင်ငံသားတိုင်း မိမိတို့ ယုံကြည်ရာ ဘာသာတရားကို လွတ်လပ်စွာ ရွေးချယ် ကိုးကွယ်ပိုင်ခွင့်နဲ့ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် ရရှိစေဖို့ကိုလည်း မဖြစ်မနေ ကြိုးပမ်းဖော်ဆောင်ပေးရမှာ ဖြစ်တယ်။

မတူညီတဲ့ ကိုးကွယ်ယုံကြည်မှုတွေကို လွတ်လပ်စွာ ကိုးကွယ်ယုံကြည်ခွင့် ရှိဖို့အတွက် အခြေခံအနှစ်သာရဟာ ဘာသာတရားအချင်းချင်း အပြန်အလှန်လေးစားမှုပဲ ဖြစ်သလို၊ အပြန်အလှန် လေးစားမှုရှိမှသာ ငြိမ်းချမ်းစွာ အတူယှဉ်တွဲ နေထိုင်နိုင်မှာလည်းဖြစ်တယ်။ နိုင်ငံသားတစ်ဦးချင်းစီရဲ့ လွတ်လပ်စွာ ကိုးကွယ်ယုံကြည်မှုနဲ့ ပတ်သက် ပြီးတော့လည်း အစိုးရအနေနဲ့ အမြဲလေးစား ကာကွယ် ပေးသွားရမှာ ဖြစ်တယ်။ အဲဒီတော့မှပဲ တရားဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံအစိုးရအဖြစ် နိုင်ငံသားများက သာမက နိုင်ငံတကာကပါ လေးစားမှုရှိလာမှာ ဖြစ်တယ်။

အမျိုးချစ်သူတွေ၊ ဘာသာချစ်သူတွေအနေနဲ့ မိမိတို့အမျိုး၊ မိမိတို့ဘာသာ၊ မိမိတို့လူ့အဖွဲ့အစည်းကို အမှန်တကယ် ချစ်ကြရိုးမှန်ရင် မိမိတို့နိုင်ငံကို ချစ်မြတ်နိုးစိတ်ရှိဖို့ ပိုမိုအရေးကြီးပါတယ်။ မိမိတို့ နိုင်ငံကိုဖွံ့ဖြိုးတိုးတက်အောင်၊ ကမ္ဘာအလည်မှာ ဂုဏ်သိက္ခာ မကျဆင်းစေအောင်နဲ့ နိုင်ငံတကာက လေးစားတန်ဖိုးထားတဲ့ နိုင်ငံတစ်ခုဖြစ်ပေါ်လာအောင် နိုင်ငံသားတိုင်းက ၀ိုင်းဝန်း ကြိုးစား ထိမ်းသိမ်းရမှာဖြစ်တယ်။ အမှန်တကယ်တော့ ဘာသာတရားဆိုတာ လောကုတ္တရာရေး သက်သက်မဟုတ်ဘဲ၊ လောကီရေးအတွက်ပါ လမ်းညွှန်ထားခြင်းဖြစ်ပြီး လူ့အဖွဲ့အစည်းတစ်ခုလုံး၊လူသား အသိုက်အမြုံတစ်ခုလုံးအတွက် ငြိမ်းချမ်းသာယာတဲ့ လူ့ဘောင်တစ်ရပ်ဖြစ်ဖို့ ၊ လူသားပီသဖို့ လမ်းညွှန်မှုသာဖြစ်ပါတယ်။

ဘာသာရေးကို ခုတုံးလုပ်ပြီး တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအောင် လှုံ့ဆော်နေသူတွေ၊ နိုင်ငံရေးလှည့်ကွက် ဖန်တီးချင်တဲ့ သူတွေ၊ ဆူပူအကြမ်းဖက်လိုသူတွေရဲ့ အသုံးချမှုတွေမှာ အငိုက်မိ မသွားစေဖို့ မိမိလူမျိုး၊ မိမိဘာသာဝင်တွေကို ထိန်းကျောင်းပေးကြရမယ်။ အသိတရား၊ သတိတရားရှိရှိနဲ့ အာဏာရလိုသူတွေ၊ သြဇာလွှမ်းမိုးချင်တွေရဲ့ နိုင်ငံရေး လှည့်ကွက်ထဲ မ၀င်မိစေဖို့  အထူးသတိပြုပြီး၊ ဒီနိုင်ငံရဲ့ပြဿနာ အရပ်ရပ်ကို အတူတကွ ပူးပေါင်းဖြေရှင်းကြရင်း လူမျိုးရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခတွေကို ကျော်လွှားပြီး၊ တည်ငြိမ် အေးချမ်းတဲ့နိုင်ငံတော်သစ်ကို နောင်မျိုးဆက်အတွက် ချန်ရစ်ခဲ့ကြပါစို့လို့ တိုက်တွန်းရင်း.......

မစိုးရိမ်တိုက်သစ် မဟာနာယကဆရာတော်ချုပ် ဘဒ္ဒ န္တရာဇ ဓမ္မာဘိဝံသ ရဲ့ မိန့်ကြားချက်ကို လက်ဆင့်ကမ်းလိုက် ရပါတယ်။

" မင်းတို့ လူထုအနေနဲ့ရော သံဃာထု အနေနဲ့ရော ဗဟုသုတကလဲ အင်မတန်ကို နည်းပါတယ်။ 
အဲဒါ တိုင်းပြည် မတိုးတက်ခြင်းရဲ့ အခြေခံအကြောင်းတရားတွေပဲ။ 
ဗဟုသုတနဲတော့ကာ၊ ရန်မဖြစ်ရမယ့်ကိစ္စ ရန်ဖြစ်တယ်၊ 
ရန်ဖြစ်အောင် တကယ်ရန်တိုက်ပေးရင် တကယ်ရန်ဖြစ်တယ်၊ စဉ်းစားကြည့် . . . 
မင်းတို့ ရှူးတိုက်တိုင်း ကိုက်တယ်ဆိုတာ ခွေးတွေပဲ ရှိတယ်ကွ။
အဲဒါ အဲဒီလို ရန်ဖြစ်အောင် တိုက်ပေးရင် ရန်ဖြစ်တယ် ဆိုကတည်းက  
မင်းတို့ရဲ့ အသိဥာဏ်က အဲဒီ သုနခ (ခွေး)လောက်ပဲ ရှိတာ။ အဲဒါ မှတ်ထား။
နောက်ကို ရန်ဖြစ်အောင် တိုက်ပေးတိုင်း ရန်မဖြစ်ရဘူး။ 
ဆူပူအောင် လုပ်တိုင်း မဆူပူရဘူး။ ကိုယ်က ဗဟုသုတရှိထားမှ။ 
ဒါ တမင်သက်သက် ဆူပူအောင်လုပ်နေတယ်ဆိုတာ သိရမှာပေါ့။
အဲဒီလို သိအောင် ခုနက ပြောသလိုပဲ၊ ဗဟုသုတရှိအောင်လို့ ဆည်းပူးရတယ်"

မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
Friday Times News Journal (Vol:1,No.13)