Home

Sunday, May 31, 2015

ဒီမိုကရေစီစနစ်နဲ့ ထိုက်တန်လျော်ညီတဲ့ လူသားမျိုးနွယ်ဖြစ်အောင် ကြိုးစား။


ကျွန်တော်တို့နိုင်ငံက နှစ်ပေါင်းငါးဆယ်ကျော် အာဏာရှင်စနစ်ဆိုး အောက်မှာ ဖြတ်သန်းလာခဲ့ ရတာပါ။ နှစ်ပေါင်းငါးဆယ်ကျော်၊ ရာစုနှစ် ၀က်ကျော် အမှောင်ခေတ်ထဲမှာ ဖြတ်သန်းခဲ့ ရတာပါ။ ကျွန်တော်တို့တတွေရဲ့ ဥဏှောက်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေကလည်း အမှောင်ဖုံးနေခဲ့ကြ ရတာပါ။ အခု မကြာသေးခင်ကမှ ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းဖို့ ကြိုးစား ရုန်းကန်နေတာဖြစ်ပါတယ်။

ကျွန်တော်တို့တတွေအတွက်လည်း ဥဏှောက်တွေ၊ အမြင်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆ တွေ အလင်းရဖို့ ၊ အမြင်ရှင်းဖို့၊ အတွေးခေါ်တွေမြင့်မားဖို့၊ အယူအဆတွေ ဆန်းသစ်ဖို့ လမ်းစပွင့် လာနေတဲ့ အချိန်ပါ။ အသွင်ကူးပြောင်းတဲ့ကာလတွေမှာတော့ အခက်အခဲတွေ၊ ပြဿနာတွေ လူမျိုးရေးပဋိပက္ခတွေ ကြုံတွေ့နေရတာတော့ အမှန်ပါ။


ကမ္ဘာ့နိုင်ငံတိုင်းလိုလို ပြောင်းလဲမှုတွေ ပြုလုပ်တဲ့အခါတိုင်း ဒီလိုအခက်အခဲတွေ၊ ပြဿနာတွေ၊ လူမျိုးရေး ပဋိပက္ခတွေကို အနည်းနဲ့အများ ကြုံတွေ့ကြရတာချည်းပါပဲ။ ဒီလို ကြုံတွေ့ရတဲ့အခါ တွေမှာ နိုင်ငံတကာမှာ အစိုးရ၊ အတိုက်အခံ၊ တပ်မတော်၊ ပြည်သူလူထု၊ အရပ်ဖက်အဖွဲ့အစည်း တွေနဲ့ ဥပဒေနှင့် အညီနေထိုင်ကြတဲ့နိုင်ငံသားတွေဟာ အပြန်အလှန်နားလည်မှု၊ အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုတွေနဲ့ ပါဝင်ကူညီဖြေရှင်းကြတာတွေကို တွေ့ရပါတယ်။

ကျွန်တော်တို့နိုင်ငံမှာလည်း ယခုအခါ ဒီမိုကရေစီအသွင်ကူးပြောင်းနေဆဲမှာ ပြဿနာတွေ၊ အခက်အခဲတွေ၊ လူမျိုးရေး ပဋိပက္ခတွေက ဒီမိုကရေစီပြောင်းလဲရေးအတွက် စိန်ခေါ်မှုတွေ ဖြစ်နေပါတယ်။ အဟန့်အတားမဖြစ်စေပေမဲ့၊ နှောင့်နှေး စေတာတော့ အမှန်ပါ။ ကျွန်တော်တို့ နိုင်ငံမှာဖြစ်နေတဲ့ ပြဿနာတွေ၊ အခက်အခဲတွေ၊ လူမျိုးရေးပဋိပက္ခတွေကို စမ်းစစ်ကြည့်တဲ့ အခါမှာ နှစ်ပေါင်းငါးဆယ်ကျော် ကြာအောင် အုပ်ချုပ်ခဲ့တဲ့ အာဏာရှင်စနစ်ဆိုးရဲ့လက်ကျန် အမွေဆိုးတွေပါ။ နှစ်ပေါင်းငါးဆယ်ကျော် အမှောင်ဖုံးခဲ့ရတဲ့၊ ၀ါဒမှိုင်းမိခဲ့ရတဲ့ ပြည်သူလူထုအနေနဲ့ စနစ်ဟောင်းရဲ့ အကျင့်ဆိုးတွေ၊ အမှောင်ခေတ်ရဲ့စရိုက်ဆိုးတွေ၊ အတွေးအခေါ်ဆိုးတွေ၊ အပြုအမူဆိုးတွေကို ပြုပြင်ရမှာ ဖြစ်ပါတယ်။  လူမျိုးရေး၊ ဘာသာရေး ပြဿနာတွေ၊ ပဋိပက္ခတွေ ချုပ်ငြိမ်းအောင် အားလုံးစုစုစည်းစည်း ညီညီညွတ်ညွတ် ကြိုးပမ်းရမှာ ဖြစ်ပါတယ်။

နယ်မြေမတူ ဘာသာမတူ လူမျိုးစုကွဲပြားမှုတွေကြား ပဋိပက္ခဖြစ်စေနိုင်တဲ့၊ အထင်အမြင် လွဲမှား စေတဲ့၊ စည်းလုံးညီညွတ်မှု ပျက်ပြားစေတဲ့ အပြုအမူတွေ၊ တုန့်ပြန်မှုတွေ၊ ရှောင်ရှားရမယ်။ နယ်မြေဒေသကိုလိုက်ပြီး၊ အသားအရောင်ကိုလိုက်ပြီးဖြစ်စေ၊ အဝတ်အစားကိုလိုက်ပြီး ဖြစ်စေ၊ မတူညီတဲ့ ဘာသာရေး၊ ယဉ်ကျေးမှုတွေကိုလိုက်ပြီး ခွဲခြားမှုတွေရှောင်ရှားရမယ်။ အမုန်းတရားကို တိုးပွားစေတဲ့ ၊ ဒေါသကို လှုံ့ဆော်ပေးတဲ့ ဝါဒဖြန့်စာတွေ၊ ပုံတွေ၊ အသံလွှင့်မှုတွေကို ရှောင်ရှားဖို့ လိုပါတယ်။ လူမျိုးခြားမယူရ၊ လူမျိုးခြားနှင့်မဆက်ဆံရ စတဲ့ အစွန်းရောက်အမြင်တွေ ကနေ ကင်းလွတ်ကြရမယ်။

လူ့လောကကြီးမှာ လူမှန်ရင် လူသားအားလုံးကို လူဆိုတဲ့အမြင်နဲ့ မြင်သင့်တယ်။ လူဆိုတဲ့ အမြင်နဲ့ပဲ ကြည့်သင့်တယ်။ လူသားထုတစ်ရပ်လုံးရဲ့ အကျိုးကို လိုလားရမယ်။ လူသားထု တစ်ရပ်လုံးရဲ့ အကျိုးကို သည်ပိုးဆောင်ရွက်ရမယ်။ လူသားထုတစ်ရပ်လုံးရဲ့ အကျိုးကိုမျှော်ကိုးပြီး လူသားထုတစ်ရပ်လုံး စာဝတ်နေရေး၊ သုခချမ်းသာ ဘ၀သာယာ လှပရေး အတွက် နိုင်တဲ့ဘက်က ပါဝင်ကူညီရမယ်။ လူသားထုတစ်ရပ်လုံးကို အကျိုးပြု သူဖြစ်ရမယ်။ လူသား တစ်ယောက်ချင်းစီရဲ့ မွေးရာပါ လူ့ဂုဏ်သိက္ခာကို အသိအမှတ် ပြုရမယ်။ ကမ္ဘာပေါ်မှာ ရှိရှိသမျှလူသားတွေဟာ တစ်မိတစ်ဖတည်းက ပေါက်ဖွား ဆင်းသက်လာခဲ့ကြတာပါ။ ဒါပေမယ့် လူသားမျိုးနွယ်အားလုံး တပုံစံတည်း၊ တထေရာတည်း တသွေမတိမ်းမဖြစ်နိုင်ဘူး ဆိုတာ ကိုတော့ လက်ခံရပါမယ်။ အရောင်အသွေးအစုံ၊ အမျိုးအနွယ်အဖုံဖုံရှိမယ်။ သွင်ပြင်လက္ခဏာတွေ၊ ဓလေ့စရိုက်တွေ၊ အပြုအမူတွေ၊ ၀ါဒလမ်းစဉ်တွေ၊ အတွေးအခေါ်အယူအဆတွေ မတူ ကွဲပြားမှုတွေတော့ ရှိကြမှာပါပဲ။ မွေးဖွားကြီးပြင်းရာ ဇာတိ နယ်မြေဒေသ ပတ်ဝန်းကျင် အသိုင်းအ၀ိုင်း မတူတာ၊ ဘာသာမတူတာ၊ လူမျိုးမတူတာ၊ အသားအရောင်မတူတာ၊ အတွေး အခေါ် အယူအဆမတူတာ၊ ယုံကြည်ချက် ခံယူချက်မတူတာ၊ အရည်အချင်းမတူတာ၊ လူတန်းစား မတူတာတွေရှိသလို လိင်ကွဲပြားတာ၊ ၀တ်စားဆင်ယင်မှု ကွဲပြားတာ၊ အစားအသောက် အနေအထိုင် ကွဲပြားတာ၊ အမူအကျင့်ကွဲပြားတာတွေရှိကြစမြဲပါ။

အဲဒီ မတူကွဲပြားမှုတွေကို နားလည်ခွင့်လွှတ်ပေးပြီး၊ အပေါ်ယံ သွင်ပြင်လက္ခဏာတွေကို ကြည့်ပြီး ခွဲခြားမှု၊ နှိမ့်ချမှု၊ စော်ကားမှု၊ ကျုးကျော်ရန်လိုမှု၊ မုန်းတီးမှုတွေမထားဘဲ လူသားမျိုးနွယ်၊ လူသား ဖြစ်တည်မှု၊ လူ့ဗီဇအခြေခံကို အသိအမှတ်ပြုတန်ဖိုးထားပြီး လူသားမျိုးနွယ်တိုင်းကို အားလုံး တန်းတူညီတူ အခွင့်အရေး ရပိုင်ခွင့် ခံစားပိုင်ခွင့်၊ တန်ဖိုးထားလေးစားမှု ခံယူပိုင်ခွင့်တွေ ပေးဖို့တော့ လိုအပ်ပါတယ်။ လူတိုင်းဟာ အားလုံးအတူတူပဲဖြစ်တယ်။ လူသားဖြစ်သည့်အတွက် မွေးရာပါ လူ့အခွင့်အရေးလည်း တန်းတူပဲဖြစ်တယ်။ လူ့ဂုဏ်သိက္ခာလည်း အတူတူပဲဖြစ်တယ်။ လူမျိုးမတူလို့၊ ဘာသာမတူလို့၊ အုပ်စုမတူလို့၊ ယဉ်ကျေးမှု ဓလေ့စရိုက်မတူလို့ ၊ ဘာသာစကား၊ အသားအရောင်၊ ရေမြေဒေသ ကွဲပြားလို့ တစ်ယောက်နဲ့တစ်ယောက်၊ တစ်အုပ်စုနဲ့ တစ်အုပ်စု အနိမ့်အမြင့်မရှိပါ။ လူသားဖြစ်တည်မှုသာလျှင် ပဓာနဖြစ်သလို လူဗီဇသာလျှင် အဓိကဖြစ်တယ်။ လူသားတစ်ဦးမှာရှိရမယ့် လူ့အသိ၊ လူ့အမြင်၊ လူ့အတွေးအခေါ်ရှိဖို့ လိုအပ်ပါတယ်။

ဘာသာရေးခေါင်းဆောင်တွေ အနေနဲ့လည်း မိမိတို့ရဲ့ ဘာသာဝင်တွေကို ဘာသာတရားအပေါ် ကိုးကွယ် ယုံကြည်မှု၊ ဘာသာတရားရဲ့မေတ္တာဓာတ်လွှမ်းခြုံမှု၊ ဘာသာတရားရဲ့အသိပညာ၊  ဘာသာတရားရဲ့ သွန်သင်ဆုံးမမှု၊ ဘာသာတရားရဲ့ငြိမ်ချမ်းမှုကိုသာ မျှဝေခံစားစေရမယ်။ မိမိတို့ရဲ့ ဘာသာဝင်တွေ နှလုံးစိတ်ဝမ်း တည်ငြိမ်အေးချမ်းမှု ရအောင် စွမ်းဆောင်ပေးဖို့ လိုအပ်ပါတယ်။  မိမိတို့ရဲ့ ဘာသာဝင်တွေကို ယဉ်ကျေးသိမ်မွေ့မှု ရအောင် သွန်သင်ပေးဖို့ လိုအပ်ပါတယ်။ ဘာသာတရား အသီးသီးအပေါ် အပြန်အလှန် လေးစားတန်ဖိုး ထားတတ်အောင် လမ်းညွှန်ပေးဖို့ လိုအပ်ပါတယ်။ ခွင့်လွှတ်သည်းခံမှု၊ ညီညွတ်သင့်မြတ်မှုနဲ့ ကရုဏာတရားတွေကို သင်ကြားပြသဖို့ လိုအပ်ပါတယ်။

ဒီလိုမှမဟုတ်ဘဲ လူမျိုးရေးမုန်းတီးမှုတွေ၊ ဘာသာရေးအစွန်းရောက်မှုတွေ၊ တစ်ခြား ဘာသာတရား တွေအပေါ် နှိမ်ချစော်ကားမှုတွေ၊ ဘာသာခြားတို့အပေါ် တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်မှုတွေ ဖြစ်ပေါ်အောင် လှုံ့ဆော်တဲ့စကားတွေ ပြော၊ ဟောနေမယ်ဆိုရင် အမုန်းတရားတွေနဲ့ သံသယတွေ ဖုံးလွှမ်းပြီး တည်ငြိမ် အေးချမ်းမှုတွေအတွက် အနှောက်အယှက်တွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

လူမျိုးရေး၊ ဘာသာရေးခွဲခြားပြီး အကြမ်းဖက်မှုတွေ၊ အနိုင်ကျင့် စော်ကားမှုတွေ ရှိနေသမျှ ကျွန်ုပ်တို့ရဲ့ ပတ်ဝန်းကျင်မှာ မတရားခံရမှုတွေ၊ မကျေနပ်မှုတွေ၊ အငြင်းပွားမှုတွေကြောင့်
မတည်ငြိမ်မှုတွေ၊ မရေရာမှုတွေ ရှိနေအုံးမှာပဲ။ ဒါတွေ ကင်းစင်သွားအောင် မလုပ်နိုင်သေးသ၍
စစ်မှန်တဲ့ ဒီမိုကရေစီစနစ် ဖော်ဆောင်နိုင်ဖို့ အလှမ်းဝေးနေအုံးမှာပါ။

မတူကွဲပြားခြာနားမှုတွေကြောင့် လူပုဂ္ဂိုလ်၊အဖွဲ့အစည်း၊ အုပ်စုတစ်ခုခုကို သာစေ နာစေတဲ့ အပြုအမူ အပြောအဆိုတွေကို ရှောင်ရှားရပါမယ်။ နယ်မြေဒေသပေါင်းစုံက ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံနဲ့ ရင်းနီးကျွမ်းဝင်တဲ့ လူ့အဖွဲ့အစည်းဖြစ်အောင် ဖန်တီးကြရပါမယ်။ မတူကွဲပြားခြားနားမှုတွေကြောင့် ဖြစ်လေ့ဖြစ်ထရှိတဲ့ သဘောသဘာဝတွေကို နားလည်ခွင့်လွှတ် ပေးရပါမယ်။ ဘာသာအယူဝါဒတစ်ခုခုရဲ့ဓလေ့၊အယူအဆက တခြားဘာသာအယူဝါဒတွေအပေါ် လွှမ်းမိုးလိုမှုတွေကို ရှောင်ရှားရမယ်။

အမုန်းတရားနဲ့ ကျူးလွန်တဲ့ ရာဇ၀တ်မှုတွေ၊ ကြီးနိုင်ငယ်ညှင်း သတ်ဖြတ်မှုတွေကို ထိထိ ရောက်ရောက် ဖော်ထုတ်အရေးယူဖို့လဲ လိုအပ်ပါတယ်။ ဘာသာအယူဝါဒပေါင်းစုံ၊ လူမျိုးနွယ်စု ပေါင်းစုံနဲ့ ညီညီညွတ်ညွတ် စည်းစည်းလုံးလုံးနေထိုင်နိုင်မယ့် သင့်တော်တဲ့ လူ့အဖွဲ့အစည်း တစ်ရပ် ထူထောင်ရပါမယ်။

လူအချင်းချင်း ခွဲခြားဆက်ဆံ၊ နှိမ့်ချမှုကို စက်ဆုပ်ရွံ့ရှာ ရှောင်ကြဉ်ပြီး လူတိုင်းမှာ တူညီစွာ မွေးရာပါ တည်ရှိလာတဲ့ လူ့ဂုဏ်သိက္ခာနဲ့အညီ အားလုံးတန်းတူညီမျှ နေနိုင်အောင် ကြိုးစားရမယ်။ ယဉ်ကျေးတဲ့ ခေတ်သစ်ကမ္ဘာရဲ့ မတူကွဲပြားမှု သဘောတရားတွေကို လက်သင့်ခံနိုင်တဲ့ ဒီမိုကရေစီ စနစ်နဲ့ ထိုက်တန်လျော်ညီတဲ့ လူသားမျိုးနွယ်ဖြစ်အောင် ကြိုးစားကြရမယ်။ မဟာ လူမျိုးကြီးဝါဒဆိုတဲ့ စိတ်ဓာတ်တွေကို ပြင်ကြရမယ်။

ဒီမိုကရေစီကို အသွင်ကူးပြောင်းနေတဲ့ နိုင်ငံတစ်ခုအနေနဲ့ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတစ်ရပ် ဖြစ်ပေါ်လာဖို့၊ ပြဿနာတွေ၊ အခက်အခဲတွေ၊ လူမျိုးရေးပဋိပက္ခတွေကင်းဝေးဖို့ လူသားမျိုးနွယ် အချင်းချင်း အပြန်အလှန်နားလည်မှု၊ အပြန်အလှန်ယုံကြည်မှု၊ အပြန်အလှန်လေးစားမှုတွေနဲ့ ပါဝင် ကူညီဖြေရှင်းကြရမှာ ဖြစ်ပါတယ်။

လူမျိုးရေးခွဲခြားမှုတွေ၊ အသားရောင်ခွဲခြားမှုတွေ ပပျောက်သွားပြီး အချင်းချင်း အပြန်အလှန် စိတ်ရှည်သည်းခံမှုနဲ့ နားလည်မှုတွေ တိုးပွားလာတဲ့ တစ်နေ့မှာတော့ ပြဿနာတွေ၊ အခက်အခဲတွေ၊ လူမျိုးရေးပဋိပက္ခတွေကင်းဝေးပြီး ကျွန်တော်တို့မျှော်မှန်းနေတဲ့ တည်ငြိမ် အေးချမ်းတဲ့ ဒီမိုကရေစီလူ့ဘောင်၊ လူ့အစုအဖွဲ့အဆောက်အအုံ ဖွံ့ဖြိုးလာမှာ ဖြစ်ပါတော့တယ်။ ။

မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
Friday Times News Journal (Vol:1, No.11)