Sunday, May 31, 2015
လှည့်ပတ် ဖြားယောင်း သွေးဆောင်မှုကနေ လွတ်ကင်းကြပါစေ
ကမ္ဘာပေါ်မှာ နိုင်ငံတွေအများအပြားရှိသလို လူမျိုးတွေ အစုံအလင် ယုံကြည်ကိုးကွယ်ရာ ဘာသာတွေ အသီးသီး ရှိကြပါတယ်။ ဒီနေ့ခေတ်က ကမ္ဘာ့ရွာခေတ်ကြီးပါ။ ဒီကမ္ဘာ့ရွာခေတ်ကြီးမှာ လူမျိုးစွဲ၊ ဘာသာစွဲတွေ စွဲလမ်း ဆုပ်ကိုင်ထားတာ ဟောင်းနွမ်း ဆွေးမြေ့နေပါပြီ။ ဒီအတိုင်းပဲ ၊ ကျွန်တော်တို့ မြန်မာနိုင်ငံမှာလည်း လူမျိုးစုတွေ အစုံအလင်၊ ယုံကြည်ကိုးကွယ်ရာ ဘာသာတွေ အသီးသီး ရှိပါတယ်။
မြန်မာနိုင်ငံ အတိုင်းအတာနဲ့ ပြောရရင်တော့ အားလုံးဟာ တစ်အိမ်တည်းနေသူတွေ၊ တစ်လမ်းတည်း နေသူတွေ၊ တစ်ရပ်ကွက်တည်းနေသူတွေလို ဖြစ်နေပါပြီ။
ဒီလိုအခြေအနေမှာ အခုထိ လူမျိုးစွဲ၊ ဘာသာစွဲတွေ စွဲလမ်းဆုပ်ကိုင် ထားအုံးမယ်ဆိုရင်တော့ အလားအလာ ကောင်းတွေအတွက် အဟန့်အတားတွေ ဖြစ်နေနိုင်ပါတယ်။ ကိုးကွယ်ယုံကြည်မှု ကွဲပြားခြားနားတဲ့ လူမျိုးစုံ နေထိုင်ရာဒေသတွေမှာ လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုတွေ၊ အမြင်မကြည်လင်မှုတွေနဲ့ အကြမ်းဖက်မှုတွေ ဖြစ်ပွားတာဟာ ဆုံးရှုံးမှုသာ ဖြစ်ပါတယ်။ ဒါမျိုးတွေဖြစ်နေခြင်းဟာ အတူနေသူအားလုံးကို ထိခိုက် နစ်နာစေပါတယ်။
ကိုယ်နဲ့တူတဲ့ လူမျိုးတစ်စုကို သာစေ၊ ကိုယ်နဲ့မတူတဲ့ အခြားလူမျိုးတစ်စုကို နာစေ။ ကိုယ်ကိုးကွယ်ရာ ဘာသာတစ်ခုကို သာစေ၊ ကိုယ်နဲ့မတူတဲ့ အခြားသူ ကိုးကွယ်ရာ ဘာသာတစ်ခုကို နာစေ ဆိုတဲ့ ဆန္ဒစွဲတွေ ကိန်းအောင်းနေကြရင်တော့ ပြဿနာတွေ၊ အခက်အခဲတွေ၊ လူမျိုးရေးမုန်းတီးမှုတွေ၊ အကြမ်းဖက်မှုတွေက ဒီမိုကရေစီ ပြောင်းလဲရေး အတွက် စိန်ခေါ်မှုတွေဖြစ်နေအုံးမှာ ဖြစ်ပါတယ်။
ကျွန်တော်တို့နိုင်ငံမှာ တစ်ချိန်က ပြည်သူလူထုတစ်ရပ်လုံး၊ လူမျိုးပေါင်းစုံ၊ ဘာသာ ပေါင်းစုံ၊ တိုင်းရင်းသား လူမျိုးစုပေါင်းစုံ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ နေလာခဲ့တဲ့နိုင်ငံပါ။ လွတ်လပ်ရေးကိုလည်း ဗိုလ်ချုပ်အောင်ဆန်းရဲ့ဦးဆောင်မှု အောက်မှာ စည်းလုံးညီညွတ်မှုအင်အားနဲ့ အတူတကွကြိုးပမ်း ရယူခဲ့ကြတာပါ။
ခေတ်အဆက် အရေးတော်ပုံတိုင်းမှာ ရဟန်းသံဃာ၊ပြည်သူလူထု၊ ကျောင်းသား၊ တိုင်းရင်းသားများနဲ့ လူမျိုးစုံ ဘာသာစုံနိုင်ငံသား အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ပူးပေါင်းလက်တွဲ တော်လှန်ခဲ့ကြလို့လည်း အောင်မြင်ခဲ့တယ်ဆိုတာ သမိုင်းကသက်သေခံလျှက်ရှိပါတယ်။ ကျွန်တော်တို့ခေတ် ရောက်လာတော့လည်း ၈၈ အရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေး ဧရာဝတီမြစ်ဆုံ စီမံကိန်းဆန့်ကျင်ရေးစတဲ့ အရေးတော်ပုံတွေကလည်း သက်သေပါ။ စုစည်းညီညွတ်တဲ့ အင်အားတွေဖြစ်တဲ့ ရဟန်းသံဃာ၊ ပြည်သူလူထု၊ ကျောင်းသား၊ တိုင်းရင်းသားများ၊လူမျိုးစုံ ဘာသာစုံနိုင်ငံသားနဲ့ ဒီမိုကရက်တစ်အင်အားစုတွေကို အာဏာရှင်တို့ဖြိုခွင်းနိုင်မှု မရှိလို့လည်းဘဲ မျှတမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဒီမိုကရေစီစနစ်ကို မဖြစ်မနေပြောင်းလဲ ခွင့်ပြုလိုက်ရတာ ဖြစ်ပါတယ်။ အဲဒီစုစည်းညီညွတ်တဲ့ အင်အားတွေကို ဖြိုခွဲဖျက်ဆီးဖို့ အာဏာရှင်တို့ နည်းမျိုးစုံသုံးခဲ့ပေမယ့် အောင်မြင်မှု မရတဲ့အဆုံး လက်လျှော့လိုက်ရတာဖြစ်တယ်။ အပြီးတိုင် လက်လျှော့ လက်လွှတ်လိုက်ခြင်းတော့ မဟုတ်ပါ။ ရှေ့တစ်လှမ်းတိုးဖို့ နောက်တစ်လှမ်း ဆုတ်လိုက်ခြင်းသာ ဖြစ်ပါတယ်။ လူထုကိုနှစ်သိမ့် လိုက်ခြင်းသာ ဖြစ်ပါတယ်။ အာဏာရှင်တို့ဟာ အာဏာကို ဘယ်တော့မှ လွယ်လွယ်ကူကူ စွန့်လွှတ်ရိုး ထုံးစံမရှိဘူးဆိုတာ ကမ္ဘာတစ်ဝှမ်းက အာဏာရှင်တို့ရဲ့ လုပ်ရပ်တွေကို ကြည့်ရင်မြင်နိုင်ပါတယ်။
လွတ်လပ်ရေးရပြီးခေတ်နောက်ပိုင်း နှစ်ပေါင်းများစွာ အတူတကွ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ဥမကွဲ သိုက်မပြိုက် ချစ်ချစ်ခင်ခင် နေလာခဲ့ကြရာက အာဏာရှင်တို့ အုပ်စိုးတဲ့အချိန် အမိုက်ခေတ် အမှောင်ခေတ်မှာ အာဏာရှင်စနစ်ဆိုးရဲ့ သွေးခွဲ သပ်လျှိုလိုတဲ့ ၀ါဒမှိုင်းတွေရဲ့အောက်မှာ ကျွန်တော်တို့ တတွေ မှိုင်းမိခဲ့ကြရတာပါ။
ကျွန်တော်တို့ရဲ့ဥဏှောက်တွေ၊ အသိဥာဏ်တွေ၊ ယုံကြည်ချက်တွေ၊ အတွေးအခေါ်တွေ ခေတ်နောက်ကျ ကျန်ခဲ့ရတယ်။ အမှောင်ဖုံးခဲ့ရတယ်။ လူမျိုးစုတစ်မျိုးနဲ့ အခြားလူမျိုးစုတို့အကြား၊ ဘာသာတစ်ခုနဲ့ အခြားဘာသာတို့အကြား၊ အုပ်စုတစ်ခုနဲ့အခြားအုပ်စုတို့အကြား နေရာဒေသမတူလို့၊ လူမျိုးစုမတူလို့၊ ဘာသာမတူလို့၊ အုပ်စုမတူလို့ ဆိုတဲ့ အတ္တစွဲတွေနဲ့ တစ်ဖက်နဲ့တစ်ဖက် မုန်းတီးမှုတွေ၊ ရန်လိုမှုတွေ၊ အညှိုးထားမှုတွေ၊ အာဃာတတွေ ဖြစ်ခဲ့ရပါတယ်။
ဒါတွေဟာ တစ်ကယ်တော့ အာဏာရှင်စနစ် အမှောင်ခေတ်ရဲ့အောက်မှာ ရာစုထက်ဝက်ကျော် ကျရောက် ဖြတ်သန်းခဲ့ရတဲ့ ဆိုးမွေတွေပါ။ လူမျိုးရေးသွေးခွဲမှု၊ ဘာသာရေးသွေးခွဲမှုတွေဟာ နိုင်ငံတော်အား တည်ငြိမ်မှု ပျက်ပြားအောင်ဖန်တီးဖို့ ခေတ်အဆက်ဆက်က ကျင့်သုံးခဲ့တဲ့ အကောင်းဆုံး၊ အရေးအပါဆုံးနှင့် အထိရောက်ဆုံး လက်နက်တွေဖြစ်တယ်။ အာဏာရှင်တွေ၊ နိုင်ငံရေးအမြတ်ထုတ် ချင်သူတွေနဲ့ ပုဂ္ဂိုလ်ရေး ကျော်ကြားချင်သူတွေဟာ နိုင်ငံရေးလှုပ်ရှားမှုတွေကို များသောအားဖြင့် အမျိုးသားရေးနဲ့ ဘာသာရေးကို ခုတုံးလုပ်ပြီး မိမိတို့ ကိုယ်ကျိုးအတွက် အသုံးချကြတာတွေ့ရပါတယ်။
ဘာကြောင့်လဲဆိုတော့ အမျိုးသားရေးနဲ့ ဘာသာရေးကိစ္စတွေဟာ ထိလွယ်ရှလွယ်တာမို့ ခုတုံးလုပ် သွေးခွဲသပ်လျှိုတဲ့ နည်းလမ်းကို အသုံးချရတာ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး လက်နက်တစ်ခုဖြစ်လို့ပါပဲ။
လူထုကို အမျိုးသားရေး၊ ဘာသာရေးနဲ့ ၀ါဒမှိုင်းတိုက်ရင် လူထုကလည်း သွေးဆူလွယ်ပြီး မျိုးချစ်စိတ် ပြင်းထန်လွန်ကဲကြတော့ လှုံ့ဆော် ရန်တိုက် သွေးခွဲရတာ လွယ်ကူတယ်။ ဒါကြောင့် လူမျိုးကြီးဝါဒီတွေနဲ့ အာဏာရှင်တို့ရဲ့အကျိုးစီးပွားနဲ့ အုပ်ချုပ်ရေးယန္တရား ဆက်လက်တည်မြဲအောင် မဟာဗျူဟာမြောက် နည်းစနစ်အဖြစ် ဒီနည်းကိုသုံးလေ့ရှိတယ်။
လူထုက အမျိုးသားရေး၊ ဘာသာရေးဆိုတဲ့ အသံကြားလိုက်တာနဲ့ မျက်စေ့စုံမှိတ်ပြီး ဦးစားပေးကြမယ် ဆိုရင် အာဏာရှင်တွေ၊ နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေနဲ့ ပုဂ္ဂိုလ်ရေးကျော်ကြားချင်သူတွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေမှာ အမျိုးသားရေး၊ ဘာသာရေးကို ခုတုံးလုပ်ပြီး အသုံးချရတာ လွယ်ကူအောင်ပံ့ပိုးပေးသလို ဖြစ်နိုင်ပါတယ်။
နောက်တစ်ချက်က အမျိုးသားရေး၊ ဘာသာရေးကိုခုတုံးလုပ် မှိုင်းတိုက်နေတဲ့ အစွန်းရောက်အယူဝါဒီတွေ ကို တိုင်းပြည်တွင်းမှာရှိတဲ့ လူများစုတွေက မိမိတို့နဲ့ လူမျိုး၊ ဘာသာတူတာအကြောင်းပြုပြီး မသိသလို နှုတ်ပိတ် တိတ်ဆိတ်နေခြင်းကလည်း အစွန်းရောက် အမျိုးသားရေးဝါဒကို ခေါင်းထောင်လာစေပါတယ်။
လူနည်းစုတွေအပေါ် အကြမ်းဖက်မှုတွေကို တိုးပွားစေပြီး တိုင်းပြည်ရဲ့တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေ ပါတယ်။ တိုင်းပြည်တွင်းမှာရှိတဲ့ တိုင်းရင်းသားလူနည်းစုတွေနဲ့ မတူကွဲပြားလူမျိုးစု လူနည်းစုတွေရဲ့ ခါးသီးစွာ အကြမ်းဖက် ဖိနှိပ်ခံနေရမှုတွေကို စာနာမှု ကင်းမဲ့ရာ ရောက်ပါတယ်။ တိုင်းပြည်တွင်းမှာ တည်ငြိမ်မှု ပျက်ပြားနေတာ၊ ငြိမ်းချမ်းမှု ပျောက်ဆုံးနေတာ၊ အကြမ်းဖက်မှုတွေနဲ့ ပဋိပက္ခတွေ ထူပြောနေတာတွေဟာ နိုင်ငံသားအားလုံးအတွက် အဖက်ဖက်က ထိခိုက်နစ်နာစေရုံသာမက စည်းလုံးမှု၊ ညီညွတ်မှုကိုလည်း ပျက်ပြားစေပါတယ်။
ယခုအချိန်ဟာ လူထုကလိုလားပြီး လူထုအကျိုးဖော်ဆောင်မယ့်၊ လူထုကိုယ်စားပြုခေါင်းဆောင် အုပ်ချုပ်တဲ့ ဒီမိုကရေစီစနစ်ဆီ ပြောင်းလဲ ဖော်ဆောင်ဖို့ ကြိုးစားနေတဲ့အချိန်၊ ငြိမ်းချမ်းရေးဖော်ဆောင်နေတဲ့အချိန်၊ ခြေဥပြင်ဖို့ တောင်းဆိုနေတဲ့အချိန်၊ တိုင်းပြည်ရဲ့အကျိုးစီးပွားတွေ တိုင်းတစ်ပါး လက်အောက်မရောက်ဖို့ ကြိုးပမ်းနေတဲ့အချိန်၊ ၂၀၁၅ ရွေးကောက်ပွဲနီးကပ် လာနေချိန်ဖြစ်တဲ့အတွက် လုံးဝအတိမ်းအစောင်း မခံနိုင်တဲ့ အခြေအနေတွေဖြစ်ပါတယ်။
နိုင်ငံသားအားလုံးက အာဏာရှင်တွေ၊ နိုင်ငံရေးအမြတ်ထုတ်ချင်သူတွေနဲ့ ပုဂ္ဂိုလ်ရေး ကျော်ကြားချင်သူ တွေရဲ့နိုင်ငံရေးလှည့်ကွက်ဖြစ်တဲ့ အမျိုးသားရေး၊ ဘာသာရေးဝါဒမှိုင်းမှာ အငိုက်မိမနေကြဘဲ၊ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ အယူအဆတွေဖျောက်ပြီး စည်းလုံးညီညွတ်ကြမှသာ မသမာတဲ့နည်းနဲ့ နိုင်ငံရေးအမြတ် ထုတ်ချင်သူတွေကို အောင်နိုင်မှာဖြစ်ပါတယ်။
ဒီအချိန်မှာ ရည်ရွယ်ချက်၊ ဦးတည်ချက်နဲ့ ပန်းတိုင်ကို အရောက်လှမ်းဖို့အတွက် နိုင်ငံသားအားလုံး၊ လူထုအားလုံး တစ်သားတည်းဖြစ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ ဒီလိုမှ စည်းလုံးမှုမရှိရင် နိုင်ငံ မငြိမ်မသက်ဖြစ်ပေါ်လာပါက နိုင်ငံရေးအမြတ်ထုတ်လိုသူတို့ရဲ့ ရည်ရွယ်ထားတာတွေ အောင်မြင်သွားပြီး နောက်ကြောင်းပြန်လှည့်သွားမယ်ဆိုရင်၊ ရဟန်းရှင်လူ ဘာသာစုံ လူမျိုးစုံ ပြည်သူလူထု၊ ကျောင်းသား လူငယ်တွေရဲ့ အသက်သွေးချွေးတို့နဲ့ ရင်းနှီးထားခဲ့ရသမျှ သဲထဲရေသွန်ဖြစ်သွားမှာ ဖြစ်ပါတယ်။
ဆရာလူထုစိန်ဝင်းရဲ့စကားအငှားသုံးပြီး ပြောရမယ်ဆိုရင်....အယူအဆမတူတာ သဘောထား ကွဲပြားခြားနားတယ် ဆိုတာ သဘာဝပဲ။ အယူအဆမတူလို့ ရန်ဖြစ်တယ်ဆိုတာက၊ မပြည့်ဝတဲ့သဘော၊ မရင့်ကျက်တဲ့သဘောဖြစ်တယ်။ လူတိုင်းလူတိုင်း ကိုယ်ယုံချင်တာ လွတ်လပ်စွာ ယုံခွင့်ရှိတယ်။ အခိုင်အမာ ကိုင်စွဲထားခွင့်ရှိတယ်ဆိုတာကို နားလည်သဘောပေါက်ပြီး မငြိုမငြင် လက်ခံနိုင်ခြင်းဟာ စိတ်ယဉ်ကျေးမှု အထက်တန်းကျသူများရဲ့ အခြေခံလူ့ကျင့်ဝတ်တစ်ခုဖြစ်တယ်။ ဒီမိုကရေစီရဲ့ အနှစ်သာရလည်း ဖြစ်တယ်။ ရေကိုသားလို့ အကြားမထင်ဆိုတဲ့ ညီညွတ်ရေးမျိုးဟာ စကားအဖြစ်သာ ပြောလို့တင့်တယ်တာ။ တကယ်လက်တွေ့မှာတော့မရှိနိုင်ဘူး။ တစ်သွေးတစ်သံတစ်မိန့်ဆိုတဲ့ ညီညွတ်ရေးစကားမျိုးနဲ့ တစ်သားတည်း ညီညွတ်ရေးဆိုတဲ့ စကားမျိုးဟာ၊ အဓိပ္ပါယ်ကောက် အယူလွဲရင် တစ်လွဲဆံပင်ကောင်းဖြစ်ပြီး အကြွင်းမဲ့ အာဏာရှင်စနစ်ကို ဦးတည်ရောက်ရှိသွားစေနိုင်တယ်...... ။
ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေ၊ ပဋိပက္ခတွေဖြစ်နေတာ၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ငြိမ်းချမ်းရေး ကြန့်ကြာနေတာ၊ နိုင်ငံသားအချင်းချင်း အမုန်းမီး အာဃာတမီးတွေပွားနေတာ နိုင်ငံရေး အမြတ်ထုတ် နေခြင်းသာဖြစ်တယ်။ နိုင်ငံရေးလှည့်ကွက် တစ်ခုသာဖြစ်တယ်။ လူထုအချင်းချင်း သွေးကွဲအောင် ဖန်တီးနေတာသာဖြစ်တယ်။ လူထုနဲ့ရဟန်းသံဃာတွေကို သွေးကွဲအောင်ဖန်တီး နေတာသာဖြစ်တယ်။ လူထုနဲ့ဒေါ်စုကို သွေးကွဲအောင်ဖန်တီးနေတာသာဖြစ်တယ်။ လူထုနဲ့ဒီမိုကရက်တစ် အင်အားစုတွေကို သွေးကွဲအောင်ဖန်တီးနေတာသာဖြစ်တယ်။ ရဟန်းသံဃာ အချင်းချင်း သွေးကွဲအောင်ဖန်တီးနေတာသာ ဖြစ်တယ်။ ရဟန်းသံဃာတွေနဲ့ ဒေါ်စုကို သွေးကွဲအောင်ဖန်တီးနေတာ သာဖြစ်တယ်။ ရဟန်းသံဃာတွေနဲ့ ဒီမိုကရက်တစ် အင်အားစုတွေကို သွေးကွဲအောင်ဖန်တီးနေတာ သာဖြစ်တယ်။ တိုင်းရင်းသားပါတီတွေနဲ့ NLDကို သွေးခွဲ နေတာသာဖြစ်တယ်။ စည်းလုံးမှု၊ ညီညွတ်မှုကို ဖြိုခွင်းနေခြင်းသာဖြစ်တယ်။ အစိုးရ အကျပ်အတည်းဖြစ်အောင်၊ တိုင်းပြည်တည်ငြိမ်မှုပျက်ပြားအောင် ဖန်တီးနေဖြင်းသာ ဖြစ်တယ်။ စည်းလုံး ညီညွတ်မှုပြိုကွဲမှ ၄င်းတို့ဆင်ထားသော ထောင်ချောက်ထဲဝင်အောင် ဖန်တီးနေခြင်းသာဖြစ်တယ်။ စည်းလုံးမှု၊ ညီညွတ်မှုကို ဖြိုခွင်းဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံး နည်းလမ်းကတော့ လူမျိုးရေး ဘာသာရေးမှိုင်းတိုက်ခြင်းပါပဲ။ လူမျိုးရေး ဘာသာရေးဆိုတာ အလွန်ထိလွယ်ရှလွယ်ဖြစ်တာမို့ ဒီနည်းကို ရွေးချယ်လိုက်တာသာဖြစ်တယ်။ ပါလီမန် ဒီမိုကရေစီခေတ်ကလည်း ဘာသာရေးအခြေခံ အကွဲအပြဲတွေ ဖြစ်ပြီး ဒီမိုကရေစီ ဆုံးရှုံးခဲ့ရဘူးတဲ့ သမိုင်းတွေ ကျွန်တော်တို့တိုင်းပြည်မှာ ရှိခဲ့ဖူးပါတယ်။
ဒီမိုကရေစီစနစ်ဆီ အသွင်ကူးပြောင်းနေဆဲကာလမှာ အတိတ်က ခါးသီးခဲ့တဲ့သမိုင်းကို မိမိရရ သင်္ခန်းစာ ယူပြီး၊ ပြည်သူလူထု တစ်ရပ်လုံးက စိတ်သစ်၊ လူသစ်နဲ့ ပူးပေါင်း ပါဝင်ကြိုးပမ်းရမှာ ဖြစ်ပါတယ်။ အတိတ် အာဏာရှင်ခေတ်၊ အမိုက်ခေတ်၊ အမှောင်ခေတ်က မျက်ကန်းမျိုးချစ်အစွဲတွေ၊ နိမ့်ကျတဲ့အတွေး အခေါ်တွေ၊ တစ်ယူသန်ယုံကြည်ချက်တွေ၊ ဟောင်းနွမ်းဆွေးမြေ့နေတဲ့ အယူအဆတွေကို ပြင်ကြဖို့ အချိန်ရောက်နေပါပြီ။ အတိတ်က အကျင့်ဆိုးတွေ၊ စရိုက်ဆိုးတွေ၊ အကျင့်ဟောင်းတွေကို ပြင်ကြရမှာ ဖြစ်ပါတယ်။ မုန်းတီးမှုတွေ၊ ရန်လိုမှုတွေ၊ အညှိုးထားမှုတွေနဲ့ အာဃာတတွေကို ဖျောက်ရမှာဖြစ်ပါတယ်။ ခွဲခြား နှိမ့်ချမှုတွေ၊ အနိုင်ကျင့် စော်ကားမှုတွေ၊ ဗိုလ်ကျ စိုးမိုးမှုတွေ၊ နိုင်လိုမင်းထက် ပြုကျင့်မှုတွေ၊ မတရားနယ်မြေလုမှုတွေ၊ မီးရှို့ ဖျက်ဆီးမှုတွေ၊ အုပ်စုဖွဲ့ သတ်ဖြတ်မှုတွေ၊ မင်းမဲ့စရိုက်ဆန်ဆန် ဥပဒေမဲ့လုပ်ရပ်တွေ ရှောင်ရမှာဖြစ်ပါတယ်။ နိုင်ငံသားအချင်းချင်း၊ မတူကွဲပြားဘာသာဝင်တွေ အချင်းချင်း လူမျိုးစုအချင်းချင်း တိုက်ခိုက်နေရမယ့် အချိန်မဟုတ်တော့ပါဘူး။
ဘယ်ဘာသာဝင်၊ ဘယ့်လူမျိုးပဲဖြစ်ဖြစ် နိုင်ငံသားမှန်လျှင် နိုင်ငံတော်ကို တည်ငြိမ်အေးချမ်းစေလိုတဲ့ဆန္ဒရှိရင် သတိဝိရိယရှိရှိ၊ အမြင်ကျယ်ကျယ်၊ နားလည်မှု အပြည့်အ၀ဖြင့် ဘာသာရေးစွဲ၊ လူမျိုးရေးစွဲ အစွန်းမရောက်ကြဘဲ စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့ ၀ိုင်းဝန်း ဆောင်ရွက်ကြရမယ့် အချိန်အခါဖြစ်ပါတယ်။ စည်းလုံးညီညွတ်မှုကို ဟန့်တားပျက်စီးစေမယ့် ဘာသာရေး အမြင်ကျဉ်းပြီး သွေးခွဲမှုတွေကို အမြော်အမြင်ရှိသူတိုင်းက ညီညီညွတ်ညွတ်နဲ့ ဆန့်ကျင်ကြရမယ့် အချိန်အခါလည်း ဖြစ်ပါတယ်။ နိုင်ငံဖွံ့ဖြိုးရေး၊ တည်ငြိမ်ရေး၊ တရားဥပဒေစိုးမိုးရေး စတဲ့ နိုင်ငံတော် အသွင်ကူးပြောင်း တည်ဆောက်ရေးမှာ ပူးပေါင်းပါဝင်ကြိုးပမ်းဖို့ဟာ နိုင်ငံသားတိုင်းရဲ့ မွေးရာပါတာဝန် ဖြစ်ပါတယ်။
နယ်မြေမတူ၊ ဘာသာမတူ လူမျိုးစုကွဲပြားမှုတွေကြား ပဋိပက္ခဖြစ်စေနိုင်တဲ့၊ အထင်အမြင်လွဲမှားစေတဲ့၊ စည်းလုံး ညီညွတ်မှု ပျက်ပြားစေတဲ့ အပြုအမူတွေ၊ တုန့်ပြန်မှုတွေ၊ ရှောင်ရှားရမယ်။ ဘာသာရေး၊ လူမျိုးရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေးမငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်နေသူများကို ဆန့်ကျင် ဖော်ထုတ် ရမယ်။ ငါ့လူမျိုး၊ သူ့လူမျိုး၊ ငါ့ဘာသာ၊ သူ့ဘာသာဆိုတဲ့ အစွဲတွေရှိနေသေးတယ်ဆိုရင်တော့ ခ၀ါချ လိုက်တာ အကောင်းဆုံးပါပဲ။ ဘာသာရေး အစွန်းရောက်တာတွေ၊ လူမျိုးရေး အစွန်းရောက်တာတွေနဲ့ အကြမ်းဖက်မှုမှန်သမျှကို လုံးဝဆန့်ကျင်ရမယ်။
နယ်မြေဒေသကိုလိုက်ပြီး၊ အသားအရောင်ကိုလိုက်ပြီး၊ အဝတ်အစားကိုလိုက်ပြီး ၊ မတူညီတဲ့ ဘာသာရေး၊ ယဉ်ကျေးမှုတွေကိုလိုက်ပြီး ခွဲခြားမှုတွေ ရှောင်ရှားရမယ်။ အမုန်းတရားကို တိုးပွားစေတဲ့ ဒေါသကို လှုံ့ဆော်ပေးတဲ့ ဝါဒဖြန့်စာတွေ၊ ပုံတွေ၊အသံလွှင့်မှုတွေကို ရှောင်ရှားရမယ်။ လူမျိုးခြားမယူရ၊ လူမျိုးခြားနှင့်မဆက်ဆံရ စတဲ့ အစွန်းရောက်အမြင်တွေကနေ ကင်းလွတ်ကြရမယ်။
နယ်မြေမတူ၊ ဘာသာမတူ လူမျိုးစုကွဲပြားမှုတွေကြား တစ်ဦးနဲ့တစ်ဦး အပြန်အလှန် လေးစားဖို့ လိုပါတယ်။ လူသားဖြစ်တည်မှုကို အထူးအလေးပေးရမယ်။ လူသားမျိုးနွယ်၊ လူသားဖြစ်တည်မှု ၊ လူ့ဗီဇအခြေခံကို အသိအမှတ်ပြု တန်ဖိုးထားပြီး၊ လူသားမျိုးနွယ်တိုင်းကို အားလုံးတန်းတူညီတူ အခွင့်အရေး ရပိုင်ခွင့် ခံစားပိုင်ခွင့်၊ တန်ဖိုးထားလေးစားမှု ခံယူပိုင်ခွင့်တွေ မျှဝေပေးအပ်လိုစိတ်တွေ မွေးရပါမယ်။
ကိုယ်နဲ့မတူတဲ့ ယုံကြည်ချက်၊ အတွေးခေါ်တွေကို မလေးစားနိုင်ရင် ကျွန်တော်တို့ဟာ စစ်မှန်ပြီး တည်ငြိမ် အေးချမ်းတဲ့ ဒီမိုကရေစီနိုင်ငံကို မထူထောင်နိုင်ပါဘူး။ ဘာသာမတူ လူမျိုးစုကွဲပြားမှုတွေကြား ယုံကြည်မှု တည်ဆောက်ကြဖို့လိုတယ်။ ယုံကြည်မှုတည်ဆောက်လို့မှ မရရင် စည်းလုံးညီညွတ်မှုဆိုတာ ဖြစ်ပေါ် လာမှာ မဟုတ်လို့ တိုးတက်တဲ့ သာယာဝပြောတဲ့ ဒီမိုကရေစီ လူ့ဘောင်ကို ထူထောင်ဖို့ အခက်အခဲတွေနဲ့ ရင်ဆိုင် နေရအုံးမှာဖြစ်ပါတယ်။
ဒီအချိန်မှာ ရည်ရွယ်ချက်၊ ဦးတည်ချက်နဲ့ ပန်းတိုင်ကို အရောက်လှမ်းဖို့အတွက် နိုင်ငံသားအားလုံး၊ လူထုအားလုံး တစ်သားတည်းဖြစ်ဖို့ အရေးတကြီး လိုအပ်ပါတယ်။ ငြိမ်းချမ်းတဲ့၊ ညီညွတ်တဲ့၊ တိုးတက်ဖွံ့ဖြိုးတဲ့၊ သာယာဝပြောတဲ့ နိုင်ငံသစ်တစ်ခု ကမ္ဘာအလည်မှာ တင့်တင့် တယ်တယ် ပေါ်ထွန်းလာဖို့၊ လူ့အဖွဲ့အစည်းတစ်ရပ်လုံးရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ ဘာသာရေး၊ လူမျိုးရေး၊ ကျန်းမာရေး ပညာရေး စတာတွေ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ဆိုတာ ဒီမိုကရေစီနှင့် ထိုက်တန်တဲ့ အသိဉာဏ်ရှိမှု၊ အမြင်ကျယ်မှုတို့ လိုအပ်သလို လူမျိုးစွဲ၊ ဘာသာစွဲတွေကို နိုင်ငံရေးမှာ မရောထွေးစေဘဲ ၊ ရဟန်းသံဃာ၊ ပြည်သူလူထု၊ ကျောင်းသား၊ တိုင်းရင်းသား၊ လူမျိုးစုံ ဘာသာစုံ နိုင်ငံသားများနဲ့ ဒီမိုကရက်တစ် အင်အားစုများအနေနဲ့ ကျွန်တော်တို့တိုင်းပြည်ရဲ့အဓိကရန်သူကိုမြင်အောင်ကြည့်ပြီး တွန်းလှန်ကြရင်း စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဆီ ပြောင်းလဲဖို့နဲ့ ကြိုးပမ်းနေတဲ့ပန်းတိုင် မပျောက်ရအောင် လူမျိုးမရွေး၊ ဘာသာမရွေး နိုင်ငံသားအားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ် အတူတကွ ပူးပေါင်း ကြိုးပမ်းကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။
ဒါမှသာ အာဏာရှင်တို့အကြိုက်၊ နောက်ကွယ်ကြိုးကိုင်သူတို့အကြိုက်၊ သွေးထိုးလှုံ့ဆော်သူတို့အကြိုက်၊ နောက်ကြောင်းပြန်လှည့်မှု၊ နောက်ပြန်ဆုတ်နိုင်တဲ့ အခြေအနေတွေကနေ ကင်းဝေးမှာဖြစ်ကြောင်း တင်ပြ လိုက်ရပါတယ်။
ဘာသာရေး၊ လူမျိုးရေးကို ခုတုံးလုပ်ပြီး နိုင်ငံရေး မငြိမ်မသက်ဖြစ်အောင် လှုံ့ဆော်နေသူတွေရဲ့ လှည့်ပတ် ဖြားယောင်း သွေးဆောင်မှုကနေ လွတ်ကင်းကြပါစေလို့ ဆုမွန်ကောင်း တောင်းရင်း၊ လူမျိုးရေးပဋိပက္ခ၊ ဘာသာရေးပဋိပက္ခတွေကို ကျော်လွှားကာ တည်ငြိမ်အေးချမ်းတဲ့ နိုင်ငံတော်သစ်ကို နောင်မျိုးဆက် အတွက် ချန်ရစ်ခဲ့ကြပါစို့။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
Friday Times News Journal
(Vol:1,No.7)