ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းဖော်ဆောင်နေတဲ့နိုင်ငံတွေနဲ့ ဒီမိုကရေစီစနစ်ကျင့်သုံးနေတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်ကို ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူတွေကို ရှောင်ရှားဖို့နဲ့ ကာကွယ်ဖို့ကလည်း အဓိက အရေးကြီးပါတယ်။ ဒီမိုကရေစီစနစ် ကာကွယ်ဖို့အတွက် ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့၊ ဒီမိုကရေစီကို တိုက်ခိုက်တဲ့၊ ဒီမိုကရေစီကို ပျက်စီးစေတဲ့ အတွေးအခေါ်တွေ အယူအဆတွေ ဖျောက်ရပါလိမ့်မယ်။ ဒီမိုကရေစီစနစ်ကို ယုံကြည်ဖို့၊ လေးစားဖို့နဲ့ ဒီမိုကရေစီစနစ်ကို တန်ဖိုးထားပြီး ဒီမိုကရေစီစနစ်ရဲ့ သဘောတရားတွေကို နားလည်အောင် ကြိုးစားရပါမယ်။
ဥပမာအားဖြင့် ဒီမိုကရေစီလို့ဆိုလိုက်တာနဲ့ လူတိုင်းလွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်၊ လွတ်လပ်စွာ ဖွင့်ဟ ဖော်ပြပိုင်ခွင့် ဆိုတာတွေက တွဲလျက်ပါလာသလို လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်းဆိုတာ တွေလည်းပါဝင်လာပါတယ်။
အဲဒီအခွင့်အရေးတွေကို လူတိုင်းက အသုံးချကြတဲ့အခါမှာ တခြားသူတွေရဲ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့် တွေကိုတော့အသိအမှတ်ပြုဖို့၊ လေးစားဖို့တော့လိုပါတယ်။ မိမိရဲ့လွတ်လပ်မှုအခွင့်အရေးပဲဆိုပြီး တခြားသူ တစ်ဦး တစ်ယောက်ကိုဖြစ်ဖြစ်၊ တခြားလူအဖွဲ့အစည်းကိုဖြစ်ဖြစ် ပျက်စီးရာ ပျက်စီးကြောင်း ရည်ရွယ်ပြီး လုပ်ပိုင်ခွင့်ရှိတယ်လို့ ဒီမိုကရေစီစနစ်က အဓိပ္ပါယ်ဖွင့်ဆိုမထားပါဘူး။ ဒီလိုအပြူအမူတွေဟာ ဒီမိုကရေစီကို ပျက်စီးစေတဲ့ ဒီမိုကရေစီစနစ်ကို တိုက်ခိုက်တဲ့အတွေးအခေါ်အယူအဆတွေအပြုအမူတွေသာ ဖြစ်တယ်။
မိမိရဲ့လွတ်လပ်မှု၊ မိမိလူ့အဖွဲ့အစည်းရဲ့လွတ်လပ်မှုကို လူ့အခွင့်အရေးနဲ့ နှိုင်းယှဉ်စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ လွတ်လပ်မှုကို လူ့အခွင့်အရေးနဲ့ နှိုင်းယှဉ်စဉ်းစားဖို့ဆိုတာ အရေးကြီးတဲ့ အခြေခံအချက် ဖြစ်တယ်။ ဒီမိုကရေစီစနစ်မှာ ဥပဒေမဲ့ဗရမ်းဗတာဆိုတာမရှိပါဘူး။ ဒီသဘောတရား၊ ယုံကြည်ချက်၊ ခံယူချက်မျိုးမရှိဘဲ ဒီမိုကရေစီစနစ်ကို တည်ဆောက်လို့မရနိုင်ပါဘူး။ ဒီမိုကရေစီစနစ်မှာ လူ့အဖွဲ့အစည်း အားလုံး အေးချမ်းသာယာရေးနဲ့ အကျိုးဖြစ်ထွန်းရေးအတွက် တရားမျှတစွာ ကျင့်ကြံဖိုတော့ အရေးကြီး ပါတယ်။ ဒီမိုကရေစီစနစ် တည်ဆောက်နေတဲ့ အချိန်မှာ လူအခွင့်အရေးကို ထဲ့သွင်းမစဉ်းစားဘဲ ဘယ်လို ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကြမှာလဲ။ လူ့အခွင့်အရေးကို ထဲ့သွင်းမစဉ်းစားဘဲ ဖော်ဆောင်မယ့်စနစ်ဟာ ဒီမိုကရေစီစနစ်ကို တန်ပြန်ဆန့်ကျင် နှောက်ယှက်လာနိုင်တဲ့ အကြောင်းတရားတွေဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်ကို ယုံကြည်ဖို့၊ လေးစားဖို့နဲ့ ဒီမိုကရေစီစနစ်ကို တန်ဖိုးထားပြီး၊ ဒီမိုကရေစီစနစ်ရဲ့ သဘောတရားတွေကို နားလည်အောင်ကြိုးစားကြရင်း စစ်မှန်တဲ့၊ ပီပြင်တဲ့ဒီမိုကရေစီဖြစ်ဖို့ ၀ိုင်းဝန်း ထိန်းသိမ်းကြဖို့တော့လိုအပ်ပါတယ်။
ယခုအခါ ကျွန်တော်တို့တိုင်းပြည်မှာ ဒီမိုကရေစီကို ပြောင်းလဲဖော်ဆောင်နေပြီလို့ဆိုပေမယ့် လူရိုသေ၊ ရှင်ရိုသေ၊ ပညာတတ်လူတန်းစားတွေ၊ လူကြီးလူကောင်းအမည်ခံတွေ၊ ဒီမိုကရေစီဘက်တော်သား၊ ဒီမိုကရေစီကို ယုံကြည်သူ၊ မြတ်နိုးသူ၊ လိုလားသူ၊ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်နေသူတွေနဲ့ ကမ္ဘာကျော် နိုင်ငံကျော် ဘာသာရေးခေါင်းဆောင်ဆိုသူတွေ ကိုယ်တိုင်က ဗမာမဟုတ်တဲ့ တိုင်းရင်းသားလူနည်းစုတွေ အပေါ်မှာ ခွဲခြားဆက်ဆံလိုကြတယ်။ တန်းတူရည်တူ အခွင့်အရေး မပေးလိုကြဘူး။ မိမိတို့ကိုယ်ကို လူမျိုးကြီး ဘာသာကြီးဆိုတဲ့ လူမျိုးကြီးဝါဒစွဲတွေ ဆွဲကိုင်နေကြတယ်။ အခွင့်ထူးခံချင်နေကြတယ်။ တရားမျှတမှု မရှိတာတွေကို မိမိတို့အကျိုးနဲ့ ယှဉ်လာရင် အမှန်တရားပေါ်မှာ မရပ်တည်ရဲ၊ မပြောရဲ မဆိုရဲ ရေငုံနှုတ်ပိတ်နေကြတယ်။ သမိုင်းအထောက်အထား အမှန်တွေပေါ်မှာ မရပ်တည်ရဲကြဘူး။ လူမျိုးတစ်မျိုးက သူ့လူမျိုး သူ့အမည်မှန် အမည်တတ်ခွင့် မပြုချင်ကြဘူး။ ဧည့်သည်၊ အိမ်ရှင်ခွဲခြား သတ်မှတ် ချင်ကြတယ်။
အထူးသဖြင့် မြန်မာနိုင်ငံအတွင်းမှာ ခေတ်အဆက်ဆက် အတူတကွ ကောင်းတူဆိုးဖက် နေထိုင်လာခဲ့ကြ ရုံမက တိုင်းပြည်နဲ့ လူမျိုးအတွက် လက်တွဲ ဆောင်ရွက်ခဲ့ကြတဲ့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် တွေကို ကိုးကွယ်ယုံကြည်တဲ့ ဘာသာတရားကွဲပြားတာ အကြောင်းပြုပြီး မြန်မာပြည်ဖွား မွတ်စ်လင်မ်ရယ်လို့ သတ်မှတ်ခေါ်ဝေါ်လိုမှုမရှိတဲ့အပြင် လူသားအချင်းချင်း ဂုဏ်ပေး ဆက်ဆံလိုမှုမရှိ၊ ခွဲခြားနှိမ်ချလိုတဲ့သဘောနဲ့ ကုလား ဆိုတဲ့အသုံးအနှုံးကို မြိန်ရည် ရှက်ရည် ပြောနေ၊ ဆိုနေ၊ ရေးသားနေ ကြတာတွေကိုက လူကိုလူလို တန်ဖိုးမထားလိုကြတာလား။ လူအချင်းချင်း ခွဲခြား ဆက်ဆံလိုကြတာလား။ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တဲ့ မတူကွဲပြားမှုကို လက်ခံနိုင်တဲ့အရည်အချင်း မရှိကြတာလား။ အစ္စလာမ်အပေါ် တစ်ဖက်သတ်အမြင်စောင်း မုန်းတီးမှုရောဂါ စွဲကပ်နေကြတုန်းလား၊ စိတ်ကောင်းစေတနာ ရိုးသားဖြောင့်မတ်မှု မရှိကြတာလား၊ စည်းလုံးညီညွတ်လိုတဲ့ ဆန္ဒကင်းနေကြတာလားဆိုတာ စဉ်းစား မိတော့......
လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက တိုင်းပြည်တွင်းမှာရှိတဲ့ ဗမာမဟုတ်တဲ့ လူမျိုးစုတွေ အပေါ် ဘယ်လို သဘောထားရမလဲ ဆိုတာနဲ့ ပတ်သက်ပြီး ၁၉၄၄ ခုနှစ် ဒီဇင်ဘာလ ၂၉ သောကြာနေ့မှာ ပြောကြားခဲ့၊ မိန့်မှာခဲ့တာတွေ ပြန်ပြောင်းသတိရမိရင်း ဗိုလ်ချုပ်ရဲ့ လူသားဆန်ပြီး မြင့်မြတ်တဲ့ စိတ်ဓာတ်ကို လေးစားမိပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းက
'' ဗမာမဟုတ်သော နိုင်ငံတွင်းရှိ လူမျိုးစုများကို ငါတို့ တပ်တွင်းသော်လည်းကောင်း၊ ပြင်ပသော် လည်းကောင်း၊ ဆွေမျိုးရင်းချာကဲ့သို့ သဘောထားပါ။ ၄င်းတို့အား အစ်ကိုကြီးများက ညီငယ်များကို အလိုလိုက်သကဲ့သို့ အလိုလိုက်ကြပါ။ ၄င်းတို့ကပင် ဆိုးစေကာမူ သည်းခံနိုင်အောင် ကြိုးစားကြပါ။ ၄င်းတို့၏ ဘာသာစကား အလေ့အထ၊ အယူဝါဒ ထုံးစံများကို ရိုသေလေးစားပါ။ ၄င်းတို့၏ အလေ့အထ ဘာသာအတိုင်း ကိုးကွယ်ခြင်း ပြောဆိုခြင်း ဝတ်စားခြင်း နေထိုင်ခြင်း အစရှိသည်များကို မကဲ့ရဲ့ပါနှင့်။ မပြောင်လှောင်ပါနှင့်။ မနှောင့်ယှက်ပါနှင့်။ ၄င်းတို့ မခံချင်သည့် အပြောအဆို အသုံးအနှုံးမျိုးကို ရှောင်ပါ။ ၄င်းတို့ကို ကူညီနိုင်လျှင် ကူညီပါ။ အရာရှိအရာမဲ့၊ လူကြီးလူငယ်၊ ယောက်ျားမိန်းမ၊ လူမျိုးမရွေး ဘာသာမရွေး ဆက်ဆံတတ်ပါစေ။ ဖော်ရွေကြပါ။ ယဉ်ကျေးကြပါ။ ကိုယ့်အမှား မရှိပါစေနှင့်။ တရားမျှတကြပါ၊ ကြင်နာကြပါ၊ လေးစားကြပါ။'' လို့ မိန့်မှာခဲ့ပါတယ်။
ဗိုလ်ချုပ်က ကိုယ်တိုင်မိန့်မှာခဲ့သလိုပဲ၊ ကိုယ်တိုင်လည်း လူမျိး၊ ဘာသာခွဲခြားမှု မရှိခဲ့ဘူး။ နှိမ်ချဆက်ဆံမှု မရှိခဲ့ဘူး။ ပထမဦးဆုံး ဗမာနိုင်ငံလုံးဆိုင်ရာကျောင်းသားများသမဂ္ဂ(ဗကသ)ဥက္ကဌ ဖြစ်ရုံသာမက (တကသ) ဥက္ကဌအဖြစ် တာဝန်ယူခဲ့ပြီး၊ တိုက်ပွဲဝင် အမျိုးသားခွပ်ဒေါင်းအလံကိုင်ခဲ့တဲ့ အစ္စလာမ်ဘာသာဝင် ဦးရရှစ်ကို ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင်က တရင်းတနီးနဲ့ ဘိုင်ကြီးလို့ ခေါ်ခဲ့တယ်ဆိုတာသမိုင်းတွေရှိခဲ့ပါတယ်။
လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကလည်း လူမျိုးတစ်မျိုးကို နှိမ်ချလိုတဲ့သဘောနဲ့ ကိုယ်တတ် ချင်တဲ့ အမည်တတ်တာနဲ့ ပတ်သက်ပြီး သူတစ်ပါးမကြိုက်တဲ့ အသုံးအနှုံးကို သုံးတာ၊ သူတစ်ပါးကို စော်ကားပြီး ပြောတာ၊ ဆိုတာ၊ အမည်တတ်တာတွေဟာ သိက္ခာမဲ့တဲ့သူတွေဖြစ်တဲ့ အကြောင်း၊ မိဘနဲ့ဆရာသမားတွေ မသင်လို့ဖြစ်ကြောင်း၊ လူမျိုးမတူတာ၊ ဘာသာမတူတာကို လေးစားသင့်ကြောင်းနဲ့ ဒီမိုကရေစီတော်လှန်ရေးဆိုတာ စိတ်ဓာတ်တော်လှန်ရေးဖြစ်ကြောင်း၊ စိတ်ဓာတ်ပြောင်းမှသာ တိုးတက်မှာ ဖြစ်ကြောင်း ဒီလိုပြောခဲ့ပါသေးတယ်။
'' ကျမတို့ မိတ်ဆွေတွေက ဒီလို ကုလားလို့ခေါ်တာ မကြိုက်ဘူးဆိုတာ ကျမသိတယ်။ ကျမ ဘယ်တော့မှ မခေါ်ဘူး။ ကျမက အိန္ဒိယမျိုးနွယ်လို့ ခေါ်ရင်ခေါ်တယ်။ မုစ်လင်မ်လို့ ခေါ်ရင်ခေါ်တယ်။ ဘာသာရေးအရ ဟိန္ဒူလို့ခေါ်ရင်ခေါ်တယ်။ ဒီလို ဘာဖြစ်လို့ သူတစ်ပါးမကြိုက်တဲ့ အသုံးအနှုန်းကို သုံးကြရတာလဲ။ ကိုယ်မကြိုက်တဲ့ အသုံးအနှုန်းကိုသုံးရင် ကိုယ်ဘယ်လို ထိခိုက်မလဲ၊ ကိုယ်ချင်းစာတဲ့စိတ် ရှိသင့်ပါတယ်။ ကျမကတော့ အားလုံးကို အဲဒီလို ကိုယ်ချင်းစာတဲ့စိတ် ရှိစေချင်တယ်။ နောက်ပြီးတော့ တစ်ပါးသူကို စော်ကားပြီး ပြောတာဟာ ကိုယ့်သိက္ခာကျတယ်ဆိုတာလဲ နည်းနည်းလေးတော့ စဉ်းစား စေချင်ပါတယ်။ ဒါသိက္ခာမဲ့တဲ့သူတွေသာ သူများကို စော်ကားပြီးတော့ ပြောတာ။ အဲဒီလို မသင်တာဟာ မိဘတွေကလဲ မသင်တာပါတယ်။
ဆရာ၊ ဆရာမတွေကလဲ မသင်တာပါတယ်။ အဲဒီတော့ ကျမတို့ကတော့ ဒါတွေကို ကျောင်းသင်ရိုး ညွှန်းတမ်းတွေမှာ ထည့်ပြီးတော့ ကိုယ်နဲ့ ဘာသာရေးမတူတာ၊ လူမျိုးမတူတာ၊ အတွေးအခေါ်မတူတဲ့ သူတွေကို လေးစားသင့်တယ်ဆိုတာတော့ ထည့်ပြီးတော့ကို သင်ရမယ်လို့ ကျမ ဒီအတိုင်းပဲ မြင်ပါတယ်။ နောက်ပြီးတော့လဲ ဥပဒေအရလဲ ခွဲခြားဆက်ဆံမှုတွေကို တားမြစ်တာလဲ ရှိရမယ်။ ဒါပေမဲ့ ဥပဒေကြီးနဲ့ပဲ မပြီးဘူး။ စိတ်ကို ပြောင်းယူရမှာ။ ကျမ ခဏ၊ ခဏပြောတယ်၊ ကျမတို့ရဲ့ တော်လှန်ရေးဟာ စိတ်ဓါတ်တော်လှန်ရေး။ နောက်ဆုံးကျတော့ စိတ်ဓါတ်တော်လှန်ရေးပါ။ ဒီမိုကရေစီတော်လှန်ရေး မဟုတ်ပါဘူး။ အစိုးရစနစ်တစ်ခုပြောင်းရုံနဲ့ ကိုယ့်စိတ်ဓါတ်ကိုမပြောင်းလို့ရှိရင် ကျမတို့ ဘယ်မှရောက်မှာ မဟုတ်ဘူး။ စိတ်ဓါတ်ပြောင်းနိုင်မှ တိုးတက်မှု ရှိမှာပါ '' လို့ တိုက်တွန်းထားပါတယ်။
ဒါပေမယ့် ဒီကနေ့ ဒီမိုကရေစီစနစ်ဆီ အသွင်ပြောင်းဖော်ဆောင်ဖို့ တစ်တိုင်းပြည်လုံးက လိုလားနေကြ ပေမယ့်လည်း ကျွန်တော်တို့ရဲ့ စိတ်ဓာတ်တွေ၊ အတွေးအခေါ်တွေ၊ အယူအဆတွေ၊ အမြင် ကျဉ်မြောင်းမှုတွေ၊ သဘောထား သေးသိမ်မှုတွေနဲ့ တစ်ပါးသူကို နှိမ်ချလိုမှုတွေဟာ ဒီမိုကရေစီနဲ့ ဆန့်ကျင်ဖက်တွေ ဖြစ်နေကြသလား၊ ဒီမိုကရေစီနဲ့ ထိုက်တန်လျော်ညီကြပါသလား၊ နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှုကို ပျက်ပြားအောင် လူမျိုးရေး ခွဲခြားနေကြပါသလား၊ သွေးခွဲလိုသူ အာဏာရှင်တို့ အကြိုက် ဖန်တီးအကောင်အထည် ဖော်ပေးနေကြပါသလား ။ ကျွန်တော်တို့ တိုင်းပြည်မှာ လူမျိုးရေး မုန်းတီးမှုတွေ၊ ဘာသာရေး စော်ကားမှုတွေ၊ အကြမ်းဖက်မှုတွေ အခုလို ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလအတွင်းမှာမှ ဘာကြောင့်ဖြစ်လာရတာလဲ။ အဲဒီလိုဖြစ်လာတာ ပြည်တွင်းမှာ ခေတ်အဆက်ဆက် အေးအတူပူအမျှ ကောင်းတူဆိုးဖက်နေလာခဲ့ကြတဲ့ မတူကွဲပြား လူမျိုးစုအသီးသီး၊ လူ့အဖွဲ့အစည်း အသီးသီးရဲ့ စီမံကိန်းမဟုတ်တာတော့ သေချာပါတယ်
။
ဗဟုဘာသာ၊ ဗဟုလူမျိုးစနစ်နဲ့ နေထိုင်ကျင့်ကြံနိုင်မှုမရှိရင် ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေ ပိုများလာပြီး လူ့ယဉ်ကျေးမှုက အကျဘက်ကို ဦးတည်နိုင်ပါတယ်။ ကျဉ်းမြောင်းတဲ့ လူမျိုး ၊ ဘာသာဆိုတဲ့ ဘောင်ခတ်ထားသရွေ့၊ လူမျိုး ဘာသာတံဆိပ်တွေ ခတ်နှိပ်ထားကြသရွေ့ ဒီမိုကရေစီစနစ်ကို ဖော်ဆောင်ဖို့ အလှမ်းဝေးနေနိုင်ပါတယ်။ ဒါကြောင်မို့ သွေးစည်းညီညွတ်ပြီး ငြိမ်းချမ်းတဲ့ ပြည်ထောင်စုသစ်ကြီး ပေါ်ပေါက်လာရေးဟာ ကျွန်တော်တို့တိုင်းပြည်ရဲ့အတိတ်ကသမိုင်းကို သင်္ခန်းစာ အမိအရယူပြီး ပိုမိုကောင်းမွန်တဲ့ အနာဂတ် နိုင်ငံတော်သစ်ကို စိတ်သစ်၊ လူသစ်၊ စနစ်သစ်၊ အတွေးအခေါ် သစ်တွေနဲ့ တည်ဆောက်ကြဖို့ ကျွန်တော်တို့ရဲ့ဟောင်နွမ်းနေတဲ့ စိတ်ဓာတ်တွေကိုတော်လှန်ကြဖို့ လိုအပ်ပါတယ်။
လူမျိုးရေး၊ ဘာသာရေးမှိုင်းတိုက်ပြီး၊ မိမိနဲ့လူမျိုး ဘာသာမတူတာကိုအကြောင်းပြုပြီး နှိမ်ချဆက်ဆံတာဟာ နိုင်ငံသားအချင်းချင်း စည်းလုံးညီညွတ်မှု ပျက်ပြားအောင်ဖန်တီးတာပဲ။ လူမျိုးရေး၊ ဘာသာရေးကို နိုင်ငံရေးထဲ ဆွဲသွင်းတဲ့ အာဏာရှင်တွေရဲ့လုပ်ရပ်ကြောင့် ပြိုလဲပျက်ဆီး သွားခဲ့ကြတဲ့၊ ပြိုလဲပျက်ဆီးလု နီးနီးဖြစ်နေကြတဲ့ နိုင်ငံတွေ ကျွန်တော်တို့ရှေ့မှာ မြင်ခဲ့ရ၊ မြင်နေရတယ်။ လူမျိုးရေး ဘာသာရေး အစွန်းရောက် အမျိုးသားရေးဝါဒကို ခုတုံးလုပ်ပြီး အာဏာတည်မြဲဖို့ကြံစည်တဲ့ အာဏာရှင်တွေဟာ နောက်ဆုံးမှာ မရှုမလှကျဆုံးရတယ်ဆိုတာလည်း ကမ္ဘာသမိုင်းမှာရော၊ ဗမာ့သမိုင်းမှာရော မြင်ခဲ့ရပြီးပါပြီ။
ဘာသာရေးကို နိုင်ငံရေးထဲဆွဲသွင်းလာပြီဆိုရင် နိုင်ငံတွင်းမှာရှိတဲ့ လူ့အဖွဲ့အစည်းတွေ ဆုတ်ယုတ်မှုနဲ့ ကြုံဆုံရပြီး အတိဒုက္ခ ရောက်တတ်ကြပါတယ်။ စားဝတ်နေရေး ကျပ်တည်းလာမယ်။ ငွေကြေး မတည်ငြိမ်မှုတွေဖြစ်လာမယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေ ဆုတ်ယုတ် ကျဆင်း လာမယ်။ အလုပ်လက်မဲ့တွေ ထူပြောလာမယ်။ လူမှုဘ၀အဆင့်အတန်း နိမ့်ကျလာမယ်။ တိုင်းပြည်နဲ့လူထု နလံမထူနိုင်အောင် နစ်နာမယ်။ တိုင်းပြည်တွင်းမှာ တည်ငြိမ် အေးချမ်းမှု ပျက်ပြားလာမယ်။
ကမ္ဘာကြီးမှာ ဘယ်နိုင်ငံပဲဖြစ်ဖြစ်၊ ဘယ်လိုစနစ်ကိုပဲ ကျင့်သုံး၊ အုပ်ချုပ်တဲ့အစိုးရကဲဖြစ်ဖြစ်၊ နိုင်ငံတွင်း လူထုကဲဖြစ်ဖြစ်၊ လူမျိုးရေးခွဲခြားဆက်ဆံမှုတွေနဲ့ ဘာသာရေး ခွဲခြားဆက်ဆံမှုတွေ ကျယ်ပြန့်လွှမ်းမိုး လာပြီ ဆိုရင်.. နိုင်ငံရေးမှာ လူမျိုးရေး၊ ဘာသာရေးတွေကို သွတ်သွင်းအသုံးချလာပြီဆိုရင်...နိုင်ငံတွင်းမှာ နိုင်ငံတည်ငြိမ်မှု ပျက်ပြားစေနိုင်တဲ့အပြင် အကြမ်းဖက်မှုတွေ၊ သူပုန်ထမှုတွေနဲ့ ပြည်တွင်းစစ်ကို ဖြစ်ပေါ် စေနိုင်ပါတယ်။
သမ္မတကိုယ်တိုင်က မိမိတို့အာဏာတည်မြဲရေးအတွက်သာ အာရုံစိုက်ပြီးဘာသာရေးကို နိုင်ငံရေးထဲ ဆွဲသွင်းခဲ့ခြင်းကြောင့် တိုင်းပြည်ဖရိုဖရဲဖြစ်ပြီး ဒီမိုကရေစီပြောင်းလဲဖော်ဆောင်မှုကြီး ပြန်လည်ပြိုကျ ပျက်စီးတော့မယ့် အီဂျစ်နိုင်ငံရဲ့အခြေအနေကို သတိပြုစေချင်တယ်။ ဒါကြောင့် တိုင်းပြည်နဲ့ လူထုအပေါ် စိတ်ကောင်း စေတနာရှိတယ်ဆိုရင် နိုင်ငံတည်ဆောက်မှုကို နိုင်ငံရေးအမြင်နဲ့သာ တည်ဆောက်ဖို့ ကြိုးပမ်း သင့်တယ်။
ဘယ်သူမဆို လူမျိုးဘာသာမခွဲဘဲ အမှန်တရားဘက်က ရပ်တည်ကာကွယ်ပေးရပါမယ်။ ဘယ်ဘာသာ၊ ဘယ်လူမျိုးပဲ ဖြစ်နေပါစေ နိုင်ငံသားတိုင်း ရသင့်တဲ့အခွင့်အရေးတွေ၊ လွတ်လပ်ခွင့်တွေရရမယ်ဆိုတဲ့အသိ လူတိုင်းမှာ ရှိနေမယ်၊ ကိုယ့်အခွင့်အရေးကို တပါးသူကလေးစားဖို့အတွက် တပါးသူရဲ့အခွင့်အရေးကိုလည်း ကိုယ်က လေးစားတတ်ရမယ်လို့ ယုံကြည်ပါတယ်။ အုပ်ချုပ်သူတာဝန်ရှိသူများဘက်ကလည်း ငြိမ်းချမ်းမှုကို ပျက်ပြားအောင်ပြုသူတွေကို ဘယ်လူမျိုး၊ ဘယ်ဘာသာမှ မခွဲခြားဘဲ တိတိကျကျ ဖော်ထုတ် အရေးယူ ရမှာပါ။ အဲဒီတော့မှပဲ တရားဥပဒေစိုးမိုးမှုရှိတဲ့ နိုင်ငံအစိုးရအဖြစ် နိုင်ငံသားများသာမက နိုင်ငံတကာကပါ လေးစားမှု ရှိလိမ့်မယ်လို့ ယုံကြည်ပါတယ်။ လူနည်းစုကို လူများစုက ဖိနှိပ်စော်ကားနိုင်တဲ့ အခွင့်အရေး ဘယ်ဒီမိုကရေစီ နိုင်ငံမှာမှမရှိပါဘူး။ အင်အားကြီးသူက အင်အားနည်းသူကိုရိုင်းပြစော်ကားဖို့ ဘယ်ဘာသာ တရားကမှလည်း မသွန်သင်ထားပါဘူး။
ကိုယ်နဲ့လူမျိုးမတူလို့၊ ဘာသာမတူလို့၊ ကိုးကွယ်မှု မတူလို့၊ ယုံကြည်ချက်မတူလို့၊ ခံယူချက်မတူလို့မတူရင် ရန်သူအဖြစ်သတ်မှတ်ပြီး ဆန့်ကျင်ရမယ်၊ ကန့်ကွက်ရမယ်၊ အကြမ်းဖက်ရမယ်၊ ခွဲခြားဆက်ဆံ၊ ဖိနှိပ်စော်ကားရမယ်လို့ ဒီမိုကရေစီစနစ်မှာ အဓိပ္ပါယ်ဖွင့်ဆိုမထားဘူး။ အင်အားကြီးတဲ့အုပ်စုတွေက အင်အားနည်းတဲ့အုပ်စုတွေကို အကြမ်းဖက်စော်ကားဖို့၊ အရိုင်းစိတ်နဲ့ဆက်ဆံဖို့ ဘယ်ဘာသာတရားကမှ လည်း သွန်သင်လမ်းညွှန်ထားတာလည်း မရှိပါဘူး။
ဒီမိုကရေစီမှာ မတူကွဲပြားမှုကိုနားလည်လက်ခံပြီး လူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားရမှာ ဒီမိုကရေစီရဲ့ အနှစ်သာရဖြစ်တယ်။ ဘယ်လူမျိုး၊ ဘယ်ဘာသာပဲဖြစ်ဖြစ်၊ ဘယ်လိုယုံကြည်ချက်၊ ဘယ်လို ခံယူချက်ပဲရှိရှိ အမှန်တရားဘက်က ရပ်တည် ကာကွယ်ပေးဖို့ လူတိုင်းမှာတာဝန်ရှိတယ်။
လူတိုင်းမှာ ရသင့်ရထိုက်တဲ့ မွေးရာပါအခွင့်အရေးတွေရှိတယ်ဆိုတာကို သဘောပေါက်ပြီး နားလည် သင့်တယ်။ ကိုယ့်အခွင့်အရေးကို တစ်ခြားသူက လေးစားလက်ခံဖို့ဆိုတာ တစ်ခြားသူရဲ့အခွင့်အရေး ကိုလည်း ကိုယ်က ကြည်ကြည်ဖြူဖြူ လက်ခံဖို့လိုတယ်။ လူနည်းစုကို လူများစုက ခွဲခြားဆက်ဆံ၊ ဖိနှိပ် စော်ကားနိုင်တဲ့ အခွင့်အရေး ဘယ်ဒီမိုကရေစီမှာမှ မရှိဘူး။
ကိုယ်က လူများစုပဲ၊ အင်အားကြီးတဲ့အုပ်စုပဲ အသာစီးရနေတယ်ဆိုပြီး လူနည်းစုတွေနဲ့ အင်အားနည်းတဲ့ အုပ်စုတွေကို အကြမ်းဖက်လိုက်မယ်၊ အနိုင်ကျင့်လိုက်မယ်၊ နှိပ်ကွပ်လိုက်မယ်၊ စော်ကားလိုက်မယ်၊ နှိမ်ချဆက်ဆံလိုက်မယ်ဆိုတဲ့ စိတ်ဓာတ်မျိုးတွေထားနေမယ်ဆိုရင်တော့ ဒီမိုကရေစီနဲ့ ဆန့်ကျင်တဲ့ တောတွင်း စိတ်ဓာတ်၊ အရိုင်းစိတ်ဓာတ်၊ တိရစ္ဆာန်စိတ်ဓာတ်တွေ ဖြစ်လို့ အမုန်းသံသရာ ရှည်ရုံမက တိုင်းပြည်တည်ငြိမ် ငြိမ်းချမ်းမှုပါ ပျောက်ဆုံးပြီး အာဏာရှင်စနစ် တစ်ကျော့ပြန်ခေါင်းထောင်လာမှာ ဖြစ်သလို လူထုလည်းနစ် တိုင်းပြည်လည်း နစ်နေအုံးတော့မှာပါပဲ။
နိုင်ငံအတွင်းမှာရှိတဲ့ လူသားတွေအားလုံးဟာ ဒီနိုင်ငံရဲ့သမိုင်းကို ဖော်ဆောင်မယ့် အစိတ်အပိုင်းတွေပါ။ တစ်နိုင်ငံတည်း နေထိုင်ကြပြီး အာဏာရှင်စနစ်ဆိုးရဲ့ ဆိုးမွေတွေအောက်မှာ စားဝတ်နေရေး၊ လူမှုရေး၊ စီပွားရေး၊ ပညာရေးနဲ့ လူမှုဘ၀ အဆင့်အတန်း နိမ့်ကျမှုတွေကို အတူခံစားနေကြရတဲ့ ပြည်သူလူထု တစ်တန်းတစ်စားတည်းပါ။ ဒီနိုင်ငံအတွင်းမှာရှိတဲ့ လူမျိုးနွယ်တွေနဲ့ လူမျိုးစုတွေအကြား ခွဲခြားဆက်ဆံ လိုမှုတွေ၊ မုန်းတီးမှုတွေ၊ အာဃာတထားမှုတွေ၊ အနိုင်ယူလိုမှု အကြမ်းဖက်လိုမှုတွေ ကင်းစင် မှသာ ပြည်တွင်းစစ်တွေ၊ လူမျိုးရေးခွဲခြားမှုတွေနဲ့ အာဏာရှင်စနစ်ဆိုးရဲ့ ခါးသီးမှုတွေ ကနေ ကျော်လွှားနိုင်မှာ ဖြစ်တယ်။ မတူကွဲပြားမှုကို အာဏာရှင်စနစ်အမြစ်ဖြုတ်သုတ်သင်ရေး၊ ဒီမိုကရေစီစနစ်ပြောင်းလဲ
ဖော်ဆောင်ရေးနဲ့ တည်ငြိမ်တိုးတက်တဲ့ နိုင်ငံတည်ဆောက်ရေးတို့အတွက် ရေရှည် အကျိုးမျှော်တွေးပြီး ခွန်အားအဖြစ် အသုံးချသင့်တယ်။ မတူကွဲပြားမှုဆိုတာ နိုင်ငံတစ်နိုင်ငံရဲ့ ခွန်အားအတွက် အရင်းအမြစ် တစ်ခုဖြစ်တယ်။
မတူကွဲပြားမှုကို စာနာမှု၊ နားလည်မှုနဲ့ တန်းတူအခွင့်အရေးညီတူညီမျှခံစားစေလိုမှုတွေ မရှိသေးသရွေ့ ဘယ်လိုပြုပြင်ပြောင်းလဲရေးဖြစ်စဉ်မှ အောင်မြင်မှုရမှာ မဟုတ်ပါဘူး။ လူမျိုးနွယ်တွေနဲ့ လူမျိုးစုတွေတိုင်းရဲ့ လူ့ဂုဏ်သိက္ခာ၊ လူ့အခွင့်အရေးကို လေးစား တန်ဖိုး ထားကြမှသာ လူ့မျိုးနွယ်တွေနဲ့ လူမျိုးနွယ်စုအချင်းချင်း သဟဇာတဖြစ်စွာနေထိုင်မှုကို ထိန်းသိမ်းနိုင်မှာဖြစ်သလို၊ ကျွန်တော်တို့တိုင်းပြည်ရဲ့ အဓိကရန်သူ အာဏာရှင် စနစ်ဆိုးကို စည်းလုံးညီညွတ်စွာ တွန်းလှန်နိုင်မှာဖြစ်ပါတယ်။
နိုင်ငံသားတိုင်းက ယုံကြည်ချက်၊ ခံယူချက်၊ အတွေးအမြင် အယူအဆ ခိုင်မာဖို့၊ ယဉ်ကျေးဖို့၊ ခေတ်မီဖို့၊ နိုင်ငံသားအချင်းချင်းလူ့ဂုဏ်သိက္ခာကို လေးစားတန်ဖိုးထားဖို့နဲ့ပြည်သူနီတိအခြေခံကောင်းတွေရှိဖို့လိုတယ်။ အာဏာရှင်ကိုဆန့်ကျင်တယ်ပြောပြီး အာဏာရှင်စိတ်ဓာတ်မဖျောက်နိုင်ဘဲ၊ ဒီမိုကရေစီ အသိတရားမရှိ၊ ဒီမိုကရေစီအလေ့အကျင့်မရှိ၊ ဒီမိုကရေစီအနှစ်သာရမသိဘဲ အာဏာရှင်တို့ရဲ့ ထောင်ချောက်ထဲ ၀င်တိုးနေတာ၊ နိုင်ငံသားအချင်းချင်း စည်းလုံးမှုပျက်ပြားအောင် ဖန်တီးမှုတွေမှာ ပါဝင်နေတာ၊ အဖျက်အမှောင့် လုပ်လိုသူတွေရဲ့အပျက်လမ်းဖော်ဆောင်မှုမှာ လိုက်ပါနေတာနဲ့ နိုင်ငံသားအချင်းချင်း ခွဲခြားမြင်နေတာ၊ သံသယနဲ့ အမုန်းပွားနေတာတွေဟာ လူထုအကြောင်း နောကျေနေတဲ့ အာဏာရှင်တို့ အတွက်တော့ အာဏာရှင် သက်တမ်းရှည်ဖို့၊ အာဏာအစွန်းရောက်ဖို့၊ အာဏာကို အစွမ်းကုန်ကျင့်သုံး နိုင်ဖို့နဲ့ လူထုအပေါ် အနိုင်ကျင့်စိုးမိုးချယ်လှယ်နိုင်ဖို့ တွန်းအားတွေပါပဲဆိုတာ သတိပေးရင်း၊ နိုင်ငံတော်ကို ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်ဖို့ ဒီမိုကရေစီစနစ်နဲ့အညီ ပြောင်းလဲ ဖော်ဆောင် တည်ဆောက်တဲ့အခါမှာလည်း လူမျိုး ဘာသာ တံဆိပ်တွေဖယ်ခွာပြီး ကျွန်တော်တို့ရဲ့ခေတ်ဟောင်း၊စံနစ်ဟောင်းက စိတ်ဓာတ်ဟောင်းတွေ တော်လှန်ကြပါစို့လို့ တိုက်တွန်းလိုက်ရပါတယ်။
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
Friday Times News Journal (Vol:1, No.10)