Home

Sunday, May 31, 2015

စစ်မှန်တဲ့ဒီမိုကရေစီကို မျှော်လင့်ခြင်း


လူသားတိုင်း လူသားတိုင်းမှာ မျှော်လင့်ခြင်းဆိုတာ ရှိတယ်။ အုပ်ချုပ်သူဖြစ်ဖြစ်၊ အုပ်ချုပ်ခံဖြစ်ဖြစ်၊ သူဌေးဖြစ်ဖြစ် ဆင်းရဲသားဖြစ်ဖြစ်၊ အလုပ်ရှင်ဖြစ်ဖြစ်၊ အလုပ်သမားဖြစ်ဖြစ်၊ လူဖြူဖြစ်ဖြစ်၊ လူမဲဖြစ်ဖြစ်၊ မြို့သားဖြစ်ဖြစ်၊ တောသားဖြစ်ဖြစ်၊ မျှော်လင့်ခြင်းဆိုတာရှိတယ်။ ဘယ်ဘာသာ ကိုးကွယ်ကိုးကွယ်၊ ဘယ်ယုံကြည်ချက်ရှိရှိ၊ ဘယ်နိုင်ငံ ဘယ်ဒေသမှာပဲနေနေ မျှော်လင့်ခြင်းဆိုတာရှိကြစမြဲပါ။


လူတိုင်းက မျှော်လင့်ခြင်းနဲ့ အသက်ရှင်နေကြတာပါ။ ကျွန်တော်ပြောချင်တဲ့မျှော်လင့်ခြင်းဆိုတာကလည်း တိုင်းပြည်အုပ်ချုပ်ဖို့၊ ခေါင်းဆောင်လုပ်ဖို့၊ အာဏာရဖို့ မဟုတ်ပါဘူး။ တိုင်းပြည်အေးချမ်းဖို့၊ မတူကွဲပြားမှုတွေအပေါ်မှာ နားလည်ခွင့်လွှတ်နိုင်ဖို့၊ ပဋိပက္ခတွေ၊ ပြည်တွင်းစစ်တွေ ချုပ်ငြိမ်းဖို့နဲ့ အခြေခံလူတန်းစားတို့ရဲ့ဘဝတွေ အခြေခိုင်ပြီး တည်ငြိမ်အေးချမ်း စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ မျှော်လင့်တာပါ။

စစ်မှန်တဲ့ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ဆိုရင် အုပ်ချုပ်ရေးအဖွဲ့တစ်ခုလုံးပြောင်းလဲလိုက်ရုံနဲ့လည်း ဒီမိုကရေစီနိုင်ငံဖြစ်လာမှာ မဟုတ်ဘူး၊ စနစ်တစ်ခုလုံးပြောင်းလဲလိုက်ရုံနဲ့လည်း ဒီမိုကရေစီနိုင်ငံဖြစ်လာမှာ မဟုတ်ပါဘူး။ မူတွေဘယ်လောက်ပြင်ပြင် စနစ်တွေ ဘယ်လိုပြောင်းပြောင်း လူထုကလည်း မပြင် မပြောင်းသေးသရွေ့ နိုင်ငံပြောင်းလဲမှာ မဟုတ်ပါဘူး။ ဒါ ကြောင့် ပြောင်းလဲရမယ့် တာဝန်က ကျွန်တော်တို့ ပြည်သူလူထုတစ်ရပ်လုံးမှာလည်း ရှိပါတယ်။

ဒေါ်အောင်ဆန်းစုကြည်လည်း ပြောဖူးပါတယ်။ ဒီမိုကရေစီလိုချင်ရင် ပြည်သူတွေပြောင်းရမယ်တဲ့။ အဲဒီတော့ ကျွန်တော်တို့ ဘယ်ကစပြီး ပြောင်းကြမှာလဲ။ ဘာတွေကို စပြီး ပြောင်းကြမှာလဲ။
ကျွန်တော့်အယူအဆကတော့ စိတ်ဓါတ်က စပြီး ပြောင်းရလိမ့်မယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့ရဲ့စိတ်ဓါတ်တွေ ပျက်စီးနေကြပြီ။ ယိုယွင်းနေပြီ။ နောက်ကျကျန်ရစ်နေပြီ။
ပျက်စီးရတဲ့၊ ယိုယွင်းရတဲ့၊နောက်ကျကျန်ရစ်ရတဲ့ အကြောင်းရင်းကလည်း ကျွန်တော်တို့သက်တမ်းတစ်လျှောက်လုံးက အမှောင်ခေတ်မှာ လူဖြစ်လာရတာဆိုတော့ ကျွန်တော်တို့ ဥဏှောက်တွေအားလုံး အမှောင်ကျနေကြပြီ။ အမှောင်ခေတ်က စစ်အာဏာရှင်တွေရဲ့မှိုင်းတိုက်မှုတွေကြား၊ လှည့်ကွက်တွေကြားမှာ ကြီးပြင်းလာရတော့ ကျွန်တော်တို့တတွေရဲ့အတွေးအခေါ်တွေ မှိုင်းမိနေကြပြီ။ အရောင်တွေနဲ့ စွန်းထင်းနေပြီ။ ကျွန်တော်တို့ရဲ့အစွဲတွေနဲ့ လွဲနေခဲ့ကြပြီ။ ဒါတွေကို ကျွန်တော်တို့ ပြုပြင်ကြ ရလိမ့်မယ်။ ဒါတွေကိုကျွန်တော်တို့ဆေးကြောကြရလိမ့်မယ်။ ဒါတွေကို ကျွန်တော်တို့ ခဝါချလိုက်ရမယ်။ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ အတွေးအခေါ်တွေ၊ အမြင်တွေ၊ အယူအဆတွေနဲ့ ဒီမိုကရေစီနဲ့ထိုက်တန်တဲ့ ယုံကြည်ချက်၊ ခံယူချက်တွေဘက် ပြောင်းရမယ်။

တစ်ချို့ကလည်း မျိုးချစ်စိတ်ဆိုတာကို မိမိစိတ်ကြိုက်ဘာသာပြန်ပြီး၊ ဥဏှောက်မဲ့ မျက်ကန်း မျိုးချစ်စိတ်အစွဲနဲ့။ တစ်ချို့ကလည်း ဒေသစွဲ၊ လူမျိုးစွဲ၊ ဘာသာစွဲ၊ ပုဂ္ဂိုလ်စွဲ၊ အယူအဆစွဲ၊ လမ်းစဉ်စွဲ၊ ဝါဒစွဲ၊ ယုံကြည်မှုအစွဲ၊ ဘာသာစကားအစွဲ၊ ဝတ်စားဆင်ယင်မှု အစွဲ၊ အသားအရောင်အစွဲ စတဲ့ အစွဲရောင်စုံတွေနဲ့ ခွဲခြားဆက်ဆံ စော်ကားနှိမ့်ချနေကြတာတွေဟာ ဒီမိုကရေစီနိုင်ငံ ထူထောင်တဲ့နေရာမှာ အနှောက်အယှက် အဟန့်အတားတွေ ဖြစ်စေပါတယ်။

ဘယ်ဒေသမှာပဲနေနေ၊ ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာပဲကိုးကွယ်၊ ဘယ်ယုံကြည်မှု၊ ဘယ်ဝါဒ၊ ဘယ်လမ်းစဉ်၊ ဘယ်အယူအဆပဲရှိရှိ မတူကွဲပြားမှုတွေကို ခွင့်လွှတ်နားလည်မှုအပြည့်နဲ့ စုစုစည်းစည်း ပူးပေါင်း ညှိနှိုင်း အဖြေရှာ လက်တွဲလုပ်ဆောင်သွားမယ်ဆိုရင် လျင်မြန်တဲ့အဟုန်နဲ့ ဒီမိုကရေစီနိုင်ငံကို တည်ဆောက်နိုင်မှာဖြစ်တယ်လို့ ယုံကြည်ပါတယ်။

နိုင်ငံတော်သမ္မတကြီးရဲ့တခါတုံးက မိန့်ခွန်းမှာလည်း '' စုစည်းအဖြေရှာမှုသည်ပင်လျှင် မိမိတို့လူ့အဖွဲ့အစည်း၏ နိုင်ငံရေးယဉ်ကျေးမှု စာမျက်နှာသစ်ဟု ဆိုရမည်ဖြစ်ပါသည်။
မတူညီသော အယူအဆများ စုစည်း ရှင်သန်နိုင်သော ဗဟုဝါဒကို ဆွေးနွေးညှိနှိုင်း အဖြေရှာသည့်နည်းလမ်းသည်သာ မိမိတို့ လူ့အဖွဲ့အစည်းအတွက် အကောင်းဆုံးသော နည်းလမ်းဖြစ်သည်'' လို့ ကြားလိုက်မိပါသေးတယ်။

ဒီကနေ့ကျွန်တော်တို့တိုင်းပြည်ရဲ့အခြေအနေက ဒီမိုကရေစီကို စပြီး ပြောင်းလဲအကောင် အထည်ဖော် လျှောက်လှမ်းနေတဲ့အခြေအနေပါ။ သွေးနုသားနုပဲရှိသေးတဲ့ အခြေအနေပါ။ မတ်တတ်စမ်းခါစ ကလေးငယ်တစ်ယောက်လို လျှောက်လှမ်းနေတဲ့ အခြေအနေပါ။ မြေစမ်းခရမ်းပျိုးနေရတဲ့ အချိန်အခါပါ။ ဒီလိုအခြေအနေမျိုးမှာ ကျွန်တော်တို့က အစွဲတွေပြင်းထန်ပြီး၊ မတူကွဲပြားမှုတွေကို နားလည် ခွင့်လွှတ်မှု မပေးနိုင်သေးသမျှ ကျွန်တော်တို့ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီနိုင်ငံတော်သစ်ဟာ အလှမ်းကွာဝေးနေဦးမှာပါ။

နိုင်ငံတော်ကို ဦးဆောင်နေတဲ့ နိုင်ငံခေါင်းဆောင်တွေနဲ့ အတိုက်အခံတွေက ဒီနေ့အချိန်အခါမှာ မတူကွဲပြားမှုတွေကို ခွင့်လွှတ်နားလည်ပေးပြီး ညှိနှိုင်းဆောင်ရွက်ဖို့ လမ်းညွှန်နေတာတောင် ပြည်သူလူထုအနေနဲ့က မတူကွဲပြားမှုတွေကို ခွင့်လွှတ်နားလည်မှု မပေးနိုင်သေးတာကတော့ လိုအပ်ချက်တစ်ရပ်၊ အားနည်းချက်တစ်ရပ်လို ဖြစ်နေပါတယ်။

ဒီမိုကရေစီရဲ့အနှစ်သာရကိုက မတူကွဲပြားမှုကို အခြေခံပါတယ်။ ဒီမိုကရေစီဟာ အယူအဆတွေ၊ ယုံကြည်ချက်တွေကို အမြဲဖွင့်ပေးထားတယ်။ အထူးသဖြင့် သဘောထားကွဲကြတာတွေ၊ မတူကြတာတွေကို ဖွင့်ပေးထားပါတယ်။ လူတိုင်းမှာ လွတ်လပ်စွာ ထင်မြင်ယူဆခွင့်၊ လွတ်လပ်စွာ ယုံကြည်နိုင်ခွင့်၊ လွတ်လပ်စွာထုတ်ဖော်ပြောဆိုနိုင်ခွင့်နဲ့ လွတ်လပ်စွာ သဘောထားကွဲလွဲခွင့်တွေ ရှိပါတယ်။

ပြည်သူလူထုဆိုတာကတော့ အားလုံးတစ်သဘောတည်း တစ်ဆန္ဒတည်း ဘယ်နည်းနဲ့မှ မဖြစ်နိုင်ပါဘူး။ လူများစုရဲ့ဆန္ဒကို အားလုံးက လက်ခံအကောင်အထည်ဖော်ရမယ်။ လူနည်းစုရဲ့ဆန္ဒသဘောထားကို လေးစားရမယ်၊ အားလုံးကို တစ်သဘောတည်းဖြစ်ရမယ်၊ တစ်ပုံစံတည်းဖြစ်ရမယ်လို့ မဆိုလိုပါဘူး။
လူအားလုံးဟာ တူညီသောလူမျိုး၊ တူညီသောယဉ်ကျေးမှု၊ တူညီသောဘာသာတရား မရှိနိုင်ပါဘူး။
အားလုံး တစ်သွေးတစ်သံတစ်မိန့်ဖြစ်ရမယ်ဆိုရင်တော့ ဒါဟာ ဒီမိုကရေစီ မဟုတ်တော့ဘူး။
တစ်ပါတီစနစ်ဟောင်းရဲ့အတွေးခေါ်ဘက်ပြန်လှည့်သွားလိမ့်မယ်။ အာဏာရှင်ဆန်သွားလိမ့်မယ်။

ဒီမိုကရေစီမှာ အတိုက်အခံရှိမယ်၊ သဘောထား မတူတာလည်းရှိမယ်၊ အတွေးအခေါ်အယူအဆ
ကွဲပြားတာလည်း ရှိမယ်။ လူမျိုးမတူ ဘာသာကွဲပြားတာလည်း ရှိမယ်၊ ဒါကို နားလည်နိုင်ရမှာဖြစ်တယ်၊ ခွင့်လွှတ်နိုင်ရမှာ ဖြစ်တယ်။ မတူကွဲပြားမှုအပေါ်မှာ နားလည်ခွင့်လွှတ်မှုပေးနိုင်ရမယ်။
တစ်ဦးတစ်ယောက် တစ်စု တစ်ဖွဲ့ရဲ့ဂုဏ်သိက္ခာကို တန်ဖိုးထား လေးစားရပါမယ်။ အဲဒီအခွင့်အရေးတွေဟာ ဒီမိုကရေစီရဲ့အုတ်မြစ်တွေပဲဖြစ်တယ်။
မိမိတို့ယုံကြည်ရာ အယူဝါဒလမ်းစဉ်တွေပေါ်မှာ တယူသန်စွဲမနေဘဲ၊ တခြားသူတို့ရဲ့ယုံကြည်ရာ အယူဝါဒလမ်းစဉ်တွေကိုလည်း လေးစားလိုက်နာပြီး ပူးပေါင်းညှိနှိုင်းအဖြေရှာ လက်တွဲဆောင်ရွက်ရမှာ ဖြစ်ပါတယ်။ နယ်မြေလုမှုတွေ၊ လူမျိုးရေး ဘာသာရေး တိုက်ခိုက်မှုတွေကို ရပ်တန်းကရပ်ပြီး ဒီမိုကရေစီ လူဘောင် ထူထောင်ရေးမှာ အမြင်ကျယ်ကျယ် အတွေးအခေါ်ရင့်ကျက်စွာနဲ့ သဘောထားကြီးကြီး ထားကာ အတူတကွ ပူးပေါင်းညှိနှိုင်း အဖြေရှာပြီး၊ နောင်တက်လာမည့် မျိုးဆက်သစ်တို့အတွက် မျိုးစေ့ချပေးခဲ့ရမှာ ဖြစ်ပါတယ်။

ဒီကနေ့ ပြည်တွင်းမှာဖြစ်နေတဲ့ ပဋိပက္ခတွေ၊ စစ်ပွဲတွေကြောင့် ကျွန်တော်တို့ တိုင်းပြည်ပြုပြင်ပြောင်းလဲရေးကို နှောင့်နှေးကြန့် ကြာစေပါတယ်။ ပဋိပက္ခတွေ စစ်ပွဲတွေကြားက ပြည်သူလူထု ခံစားနေရတဲ့ဒုက္ခကလည်း ကျွန်တော်တို့တတွေရဲ့ဒုက္ခတွေပါ။ သူတို့တစ်တွေရဲ့ဘဝမှာ ပျော်ရွှင်မှုတွေ ပျောက်ဆုံးနေရပြီ ။ ငြိမ်းချမ်းမှုဆုံးရှုံးနေကြပြီ။ အနာဂတ်တွေ မရေမရာနဲ့ ပျက်သုဉ်းနေရတဲ့
ကျွန်တော်တို့ ညီနောင်တွေ ကြုံတွေ့နေရတဲ့ မတရားပြုကျင့်ခံနေရမှု၊ နိုင်ထက်စီးနင်းပြုကျင့်ခံနေရမှု၊ အနိုင်ကျင့်ဗိုလ်ကျ စိုးမိုးခံနေရမှု၊ နှိမ့်ချစော်ကားခံနေရမှု၊ ခွဲခြားဆက်ဆံခံနေရမှု၊ နှောက်ယှက်ဖျက်ဆီးခံနေရမှု၊ စစ်ပွဲတို့နှင့် ရင်ဆိုင်နေရမှု၊ ပြေးလွှား ပုန်းရှောင်နေရမှု စသည့် စတဲ့ ဘေးဒုက္ခအသီသီးနဲ့ ကြုံတွေ့နေကြတာဟာ တကယ်တော့ အယူအဆကွဲလွဲမှုတွေကို နားလည်ပြီးတော့ စေ့စပ်ညှိနှိုင်းယူတဲ့ အလေ့အထတွေ ဆိတ်သုဉ်း ပျောက်ကွယ်နေကြလို့ပါ။ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုနိုင်ခွင့်ကို အစဉ်အဆက်က ခွင့်မပြုခဲ့ကြလို့ပါ။ မတူကွဲပြားမှုတွေကို ဆန့်ကျင်နေခဲ့ကြလို့ပါ။ မတူကွဲပြားမှုတွေကို နားလည် မပေးနိုင်ခဲ့ကြလို့ပါ။

အမှန်တရားကို မြတ်နိုးကြတယ်၊ ငြိမ်းချမ်းမှုကို လိုလားကြတယ်၊ ပျော်ရွှင်ခြင်းကို မက်မောကြတယ်၊ တိုးတက်ဖွံ့ဖြိုးမှုကို လိုချင်တောင့်တကြတယ်၊ လူသားချင်းစာနာ နားလည်မှုရှိကြတယ် ဆိုရင်
အာဏာပိုင်၊ အတိုက်အခံ၊ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်းအသီးသီးတို့က သံသယတွေ၊ အမုန်းတရားတွေ၊ အာဃာတတွေ၊ အစွဲနှင့် မတူညီမှုတွေကိုဘေးဖယ်ထားပြီး၊ မိဘမဲ့နေကြတဲ့ လူမမယ်ကလေးတွေရဲ့
ငိုရှိုက်သံတွေ၊ အိုးအိမ်မဲ့နေတဲ့ ဒုက္ခသည်တွေရဲ့ ညည်းညူသံတွေ၊ ပြေးလွှားပုန်းအောင်း နေရတဲ့ မိသားစုတွေရဲ့မောဟိုက်သံတွေ၊စစ်ဘေးဒဏ်ခံနေရတဲ့ လူမျိုးစုတွေရဲ့ပင့်သက်ရှိုက်သံတွေ၊
အနိုင်ကျင့်စော်ကားခံနေရတဲ့ လူနည်းစုတို့ရဲ့ အံကြိတ်သံတွေ၊ လင်သေသားဆုံး မုဆိုးမတွေရဲ့ ပူဆွေးသောကသံတွေ၊ လူတန်းစေ့ မနေနိုင်ကြသေးတဲ့ အခြေခံလူတန်းစားတွေရဲ့ ဘဝရင်မောသံတွေ နဲ့ စိုးတထိတ်ထိတ် နေနေရသူတွေရဲ့ ရင်ခုံသံတွေ စတဲ့ အဲဒီအသံတွေ အပါအဝင် ကျွန်တော်တို့ညီနောင်တွေ ကြုံတွေ့နေရတဲ့ အခက်အခဲ၊ ဒုက္ခအသွယ်သွယ်ကို ကျွန်တော်တို့ရဲ့မျက်ဝန်းအစုံမှာ၊ ကျွန်တော်တို့ရဲ့ ဥဏှောက်ထဲမှာ၊ ကျွန်တော်တို့ရဲ့ရင်ထဲမှာ၊ ကျွန်တော်တို့ရဲ့ နှလုံးသားထဲမှာ၊ ကျွန်တော်တို့ရဲ့ ဘအသွေးအသားထဲမှာ ခံစားနားလည်နိုင်အောင် ကြိုးစားရမယ်။ ခံစားနားလည်တတ်အောင် လေ့ကျင့်ရမယ်။ ခံစား နားလည်တတ်သည့် စိတ်ဓာတ်မွေးမြူရမယ်။ လူမျိုးစုတွေရဲ့ဒေသတွေ ဖွံ့ဖြိုးစည်ပင်ဖို့ ပြန်လည်တည်ဆောက်ရမယ့် အချိန် ၊ ပြန်လည်ရင်ကြားစေ့ရေး ခရီးလျှောက်လှမ်းရမယ့် အချိန်ဖြစ်ပါတယ်။

အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေစစ်ပွဲတွေရဲ့သားကောင် ဖြစ်နေရရှာတဲ့ လူသားတွေအချင်းချင်းကြား မတူကွဲပြားမှုတွေကို နားလည်လက်ခံဖို့ လိုအပ်နေကြလို့ပါ။ ကျွန်တော်တို့ ညီနောင်တွေအတွက် အရေးပေါ်လူသားချင်းစာနာမှုတွေ လိုအပ်နေပါတယ်။ အိုးအိမ်ဆုံးရှုံးခဲ့ရသူတွေမှာ စားရေရိက္ခာတွေ လိုအပ်နေပါတယ်။ လူမျိုးကွဲ၊ ဘာသာကွဲ၊ဒေသကွဲများအကြား စေ့စပ်ညှိနှိုင်းမှုများနှင့် ပြန်လည်ရင်ကြားစေ့ရေး ခရီးလျှောက်လှမ်းရမယ့်အချိန်၊ တစ်ဦးနှင့် တစ်ဦးဖေးမကူညီကြရမဲ့အချိန် ဖြစ်ပါတယ်။ဒါတွေအပေါ်မှာလည်း ခံစားနားလည်နိုင်အောင်ကြိုးစားရမယ်။ ခံစားနားလည်တတ်အောင် လေ့ကျင့်ရမယ်။

ဒီမိုကရေစီဖော်ဆောင်ချင်တယ်ဆိုရင် ငြိမ်းချမ်းမှုကို ဒီမိုကရေစီနည်းနဲ့ရအောင်လုပ်ဖို့ အရေးကြီးတယ်။
အကျပ်အတည်းတွေ၊ အခက်အခဲတွေ၊ ပဋိပက္ခတွေ၊ ထိပ်တိုက်ရင်ဆိုင်မှုတွေနဲ့ တောင်းပွဲတိုက်ပွဲတွေကို
ဒီမိုကရေစီနည်းနဲ့ ဖြေရှင်းတာသာ ဂုဏ်သိက္ခာရှိတဲ့ နည်းလမ်းဖြစ်တယ်။ အကြမ်းဖက်ဖြေရှင်းတာ၊ အကြမ်းဖက်ကိုင်တွယ်တာ၊ အာဏာရှိတယ်၊ အင်အားရှိတယ်၊ အထက်စီးရ နေတယ်ဆိုပြီး အနိုင်ရရင် ပြီးရောစိတ်နဲ့ လုပ်ချင်သလိုလုပ်တာ ဒီမိုကရေစီမဟုတ်သလို ဂုဏ်သိက္ခာမဲ့တဲ့ လုပ်ရပ်ပဲ။တစ်ဦးနဲ့ တစ်ဦး၊ တစ်ဖွဲ့နဲ့တစ်ဖွဲ့၊ တစ်ဖက်နဲ့တစ်ဖက် အပြန်အလှန် ယုံကြည်ဖို့၊ စိတ်ရှည်သည်းခံဖို့၊ နားလည် ခွင့်လွှတ်ဖို့၊  ဂုဏ်ပေးလေးစားဖို့နဲ့ ပူးပေါင်းဆောင်ရွက်ဖို့ လိုတယ်။ အဲဒီနည်းလမ်းတွေနဲ့သာ တည်ငြိမ်မှု၊ ငြိမ်းချမ်းမှု ပြည့်ဝပြီး စစ်မှန်တဲ့ဒီမိုကရေစီကို ဖော်ဆောင်နိုင်မှာဖြစ်တယ်။

အဲဒီတော့မှသာ ခွဲခြားနှိမ့်ချမှုတွေ၊ အနိုင်ကျင့်စော်ကားမှုတွေ၊ ဗိုလ်ကျစိုးမိုးမှုတွေ၊နိုင်လိုမင်းထက် ပြုကျင့်မှုတွေ၊ မတရား နယ်မြေလုမှုတွေ၊ ဖျက်ဆီးမှုတွေ ကင်းဝေးပြီး ညီညွတ်မျှတ၊သဟဇာတဖြစ်တဲ့ ပတ်ဝန်းကျင်ကောင်းကိုတွေ့ရမယ်။ ငြိမ်းချမ်းသာယာ ချမ်းမြေ့တဲ့လူမှုဘဝကို ဖော်ဆောင်နိုင်မယ်။ ပဋိပက္ခတွေကင်းဝေးတဲ့ လောကနိဗ္ဗာန်ကို တည်ဆောက်နိုင်မယ်။ ကျွန်တော်တို့ လျှောက်လှမ်းနေတဲ့ ကျွန်တော်တို့ လိုချင်တောင့်တနေတဲ့ ဒီမိုကရေစီစနစ်ကို အရောက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။

ရေရှည်တည်တံ့ခိုင်မြဲမယ့် ဒီမိုကရေစီဖော်ဆောင်နိုင်ဖို့ အပြန်အလှန် ထိန်းညှိလို့ သံသယတွေ၊ အမုန်းတရားတွေ၊ အာဃာတတွေဖျောက်ပြီး ညီညီညွတ်ညွတ်ပူးပေါင်းဆောင်ရွက် ဝိုင်းဝန်း ဖြေရှင်းကြမယ် ဆိုရင် အနာဂတ်မှာငြိမ်းချမ်းလှပတဲ့နိုင်ငံတစ်ခု အနေနဲ့ကမ္ဘာ့အလည်မှာ ထည်ထည်ဝါဝါနဲ့ ထွန်းကားပေါ်ပေါက်လာနိုင်မှာဖြစ်ပါတယ်။ ငြိမ်းချမ်းတဲ့၊ ညီညွတ်တဲ့၊ တိုးတက်ဖွံ့ဖြိုးတဲ့၊ သာယာဝပြောတဲ့ ဒီမိုကရေစီ နိုင်ငံသစ်တစ်ခုအနေနဲ့ မပျောက်မပျက် ကမ္ဘာ့အလည်မှာ ထာဝရတည်ရှိနိုင်မှာ ဖြစ်ပါတယ်။ ။
_______________________
မင်းမျိုးဝင်း(ရန်ကုန်တက္ကသိုလ်)
 Friday Times News Journal(Vol:1,No.8)