Home

Saturday, July 19, 2014

ဘုံရန်သူ (သို့မဟုတ်) အာဏာရှင်စနစ်ဆိုး။

မြန်မာနိုင်ငံမှာ နိုင်ငံသားအများစုက ဗုဒ္ဓဘာသာ ကိုးကွယ်ကြသလို ဘာသာတရားလည်း ကိုင်းရှိုင်းကြပါတယ်။
ရှင်တော်ဂေါတမဗုဒ္ဓရဲ့အဆုံးအမမှာလည်း လူမျိုး၊ ဘာသာ၊ ယဉ်ကျေးမှု၊ ဓလေ့ထုံးစံ၊
နေရာဒေသ၊ နိုင်ငံ၊ အသားအရောင်၊ ယောင်္ကျား၊ မိန်းမ စသည်ဖြင့် အပေါ်ယံအသွင်သဏ္ဌာန်အားဖြင့် ဘယ်လောက်ပင် များပြားစွာကွဲပြားခြားနား နေစေကာမူ လူသားအားလုံးကို တန်းတူရည်တူ တန်ဘိုးထားလျှက် ကရုဏာထား မေတ္တာပွါးရမှာဖြစ်ကြောင်း မှတ်သားဖူးပါတယ်။ လူသားချင်း စာနာကြဖို့၊ ကိုယ်ချင်းစာတရား ထားကြဖို့၊မေတ္တာတရား ထားကြဖို့နဲ့ ကရုဏာတရား ထားကြဖို့လည်း သွန်သင်ဆုံးမခဲ့ပါတယ်။


ဒါပေမယ့် ယခုအခါ တစ်ချို့ တစ်ချို့အုပ်စုတွေက ဘာသာရေးကိုင်းရှိုင်းကြ သယောင် အမျိုး ဘာသာ သာသနာထိမ်းသိမ်းရေးလို့ အမည်တတ်ပြီး၊ ဘာသာရေးကို ခုတုံးလုပ်ကာ ရှင်တော်ဂေါတမ ဗုဒ္ဓရဲ့လမ်းစဉ် သွန်သင်မှုနဲ့သွေဖီကာ ရိုးရိုးသားသား ဘာသာတရားကိုင်းရှိုင်းနေကြသူတွေအပေါ် ဂဏန်း ၃ လုံး ဘာသာသစ်၊ တရားသစ်တီထွင်ပြီး ၀ါဒမှိုင်းတိုက်ကာ အခြား ဘာသာဝင်တို့အား အမုန်းပွားကာ အာဃာတတွေဖြစ်လာအောင် သွေးထိုးလှုံ့ဆော်လာကြသလို စစ်မှန်တဲ့ ရဟန်း သံဃာတော်တွေရဲ့ ဂုဏ်သိက္ခာထိပါးအောင် အာဏာရှင်လက်ကိုင်ဒုတ် စွမ်းအားရှင်တွေ၊ ထောက်လှမ်းရေးဟောင်းတွေကို အယောင်ဆောင် သင်္ကန်းခြုံစေပြီး ဘာသာခြားတို့နဲ့ ပဋိပက္ခဖြစ်အောင် အကြမ်းဖက်မှုတွေ လုပ်ကြံဖန်တီး လာကြတာတွေ့ရပါတယ်။ နိုင်ငံတွင်းဆူပူမှုများ၊ မတည်ငြိမ်မှုများ၊ ပဋိပက္ခများနှင့် အကြမ်းဖက်မှုတွေ ဖြစ်ပေါ်လာစေပါတယ်။
အမှန်မှာ နိုင်ငံတွင်းရှိ နိုင်ငံသားအများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင်များနဲ့ မသက်ဆိုင်ဘဲ၊ အမျိုးသားရေး အစွန်းရောက်တွေနဲ့ ဘာသာရေး အစွန်းရောက်တွေ နိုင်ငံတွင်းပြုပြင်ပြောင်းလဲရေးဖြစ်စဉ်ကို မလိုလား မရှုစိမ့်သူတွေ၊ အာဏာရှင်ဟောင်းတွေ၊ အာဏာကို အောက်လမ်းနည်း၊မသမာတဲ့နည်းတွေနဲ့ ဆုတ်ကိုင်ထားလိုသူတွေ၊ လူမျိုးစွဲပြင်းထန်တဲ့ တိုင်းရင်းသားလူမျိုးစုပါတီတွေ၊
နိုင်ငံရဲ့စီးပွားရေးကို မိမိကိုယ်ပိုင်စီးပွားရေးလို အပိုင်စီးနေကြသူတွေ စီးပွားရေးလက်ဝါးကြီး အုပ်ထားသူတွေနဲ့ တစ်ချို့ ပုဂ္ဂလိကမီဒီယာတွေ၊ ဘာသာရေးခေါင်းဆောင်အမည်ခံ အာဏာရှင် လက်ကိုင်ဒုတ်တွေ စတဲ့သူတို့ရဲ့ မိမိတို့အကျိုးအတွက် အသုံးချနေကြတာသာဖြစ်ပါတယ်။
၂၀၁၅ ရွေးကောက်ပွဲမတိုင်ခင် ပြည်သူချစ်ခင်လေးစားအားကိုးတဲ့ လူထုခေါင်းဆောင်နဲ့ ဒီမိုကရက်တစ်အင်အားစုတွေကို သမိုင်းသေအောင်လုပ်ကြံပြီး လူထုနဲ့ သွေးခွဲနေတာသာဖြစ်တယ်။
အခုလို မသမာတဲ့နည်းတွေနဲ့အကွက်ချလုပ်ကြံဖန်တီးမှုတွေမှာ ပြည်သူတစ်ချို့ ပါဝင်လာရတာကတော့ တစ်ချို့ပြည်သူတို့အတွင်း ပညာအရည် အချင်း နည်းပါးမှု၊ ဗဟုသုတနိမ့်ကျမှု၊ စားဝတ်နေရေး ကျပ်တည်းမှု ၊ ရေသာခို အချောင်ရယူလို စိတ်ပြင်းပြမှုနဲ့ ဘာသာရေးခေါင်းဆောင် အမည်ခံတို့အပေါ် အယုံလွယ်မှုတို့ကြောင့် အလွယ်တကူ ပါဝင်သွားရခြင်း ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတွင်းရှိ နိုင်ငံသားအားလုံးက မိမိတို့ရဲ့ဘုံရန်သူ အာဏာရှင် စနစ်ဆိုးကို အမြစ်ဖြုတ် တွန်းလှန်ဖြိုခွင်းနိုင်ဖို့၊ ဦးတည်ချက်ပန်းတိုင် မပျောက်ပျက်ဖို့ ဘာသာမတူ လူမျိုးကွဲပြားသူတွေအကြား အမြင်ကြည်လင်ရမယ်။ ဘာသာမတူ လူမျိုးကွဲပြားသူတွေအချင်းချင်း ခွင့်လွှတ်နားလည်ပေးသင့် ပါတယ်။ ဘာသာမတူ လူမျိုးကွဲပြားသူတွေအချင်းချင်း လေးစားတန်ဖိုး ထားသင့်ပါတယ်။ ဘာသာရေး၊ လူမျိုးရေးအရ ရန်မီးပွားစေတဲ့ Hate Speech တွေကို ပြောဆိုခြင်း၊ ရေးသားခြင်းတွေကို ရှောင်ရှားကြရပါမယ်။
ဒါမှသာ ဘာသာမတူ လူမျိုးကွဲပြားသူတွေအချင်းချင်း သံသယတွေ၊ အမုန်းတရားတွေ၊ အာဃာတတွေ ပျောက်ပြီး ချစ်ကြည်ရင်းနှီးစွာအတူယှဉ်တွဲနေထိုင်ရင်းကျွန်ုပ်တို့မျှော်မှန်းထားသည့် ငြိမ်းချမ်း တည်တံ့ ခိုင်မာတဲ့ ဒီမိုကရေစီ လူ့ဘောင်ကို အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။

myOewynn_21.02.2014 —