Home

Monday, July 21, 2014

အမုန်းတရားမှိုင်း၊ အာဃာတမှိုင်းမမိကြဘဲ စည်းလုံးညီညွတ်မှာသာ

ဘယ်နိုင်ငံမှာပဲဖြစ်ဖြစ်၊ ဘယ်အစိုးရပဲဖြစ်ဖြစ် မိမိနိုင်ငံမှာနေထိုင်ကြတဲ့ နိုင်ငံသားတွေနဲ့ ပတ်သက်ပြီး ကာကွယ်စောင့်ရှောက်ဖို့တာဝန်ရှိတယ်။ မိမိနိုင်ငံအတွင်းမှာရှိတဲ့ လူနည်းစုလူမျိုးစုကိုဖြစ်စေ၊ လူများစုလူမျိုးစုကိုဖြစ်စေ မိမိနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအရ တန်းတူညီမျှမှုပေးရမယ်။
မိမိနိုင်ငံရဲ့ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ဖော်ပြပါအတိုင်း ကာကွယ်စောင့်ရှောက်မှုပေးရမယ်။ 
မိမိနိုင်ငံသားများအပေါ် ယင်းတို့မှ ပျက်ကွက်နေတယ်ဆိုရင် လူ့ဘောင် အစိပ်စိပ် အမြွာမြွာ ပြိုကွဲမှုများဖြစ်နိုင်တယ် ။

အင်အားကြီးတဲ့ လူများစုက အင်အားနည်းတဲ့ လူနည်းစုတို့အပေါ် အနိုင်ကျင့်စော်ကားမှုတွေ၊ အကြမ်းဖက်မှုတွေနဲ့၊ ပဋိပက္ခတွေဖန်တီးနေတာကို အားပေးအားမြှောက် လုပ်နေရာကျပါတယ်။ မသိကျိုးကျွန်ပြုရာရောက်ပါတယ် ။ နိုင်ငံသားအချင်းချင်း အမုန်းတရားများ၊ မနာလိုမှုများ အာဃာတများ၊ မယုံကြည်မှုများ တိုးပွားလာပြီး၊နိုင်ငံအတွင်း စည်းလုံးညီညွတ်မှုကို ထိခိုက် ပျက်ပြားစေနိုင်ပါတယ် ။
ယခုလို ဒီမိုကရေစီစနစ်ဆီသို့ ပြောင်းလဲဖော်ဆောင်နေတဲ့ မြန်မာနိုင်ငံအနေဖြင့် စိန်ခေါ်မှုများ
မြောက်များစွာနဲ့ ရင်ဆိုင်နေရမှာဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်ဆီ ပြောင်းလဲနေမှုကို မလိုလားသူတွေ၊ အာဏာရှင်စနစ်ဆီနောက်ကြောင်းပြန်လှည့်လိုသူတွေနဲ့ မိမိတို့မိသားစုအသိုင်းအ၀ိုင်းကောင်းစားရေး အတွက်သာ ကိုယ်ကျိုးရှာနေတဲ့ ၀ိသမလောဘသားတို့ရဲ့လှည့်ကွက်တွေထဲသက်ဆင်းသွားနိုင်ပါတယ်။
ဒါကြောင့်မို့ နိုင်ငံအတွင်း နေထိုင်ကြတဲ့ နိုင်ငံသားအားလုံးကို နိုင်ငံတော်အစိုးရက
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကာကွယ်စောင့်ရှောက်ရမှာဖြစ်သလို၊ မိမိနိုင်ငံအတွင်းမှာရှိတဲ့ လူနည်းစုလူမျိုးစု၊ လူများစုလူမျိုးစုများကလည်း ဥပဒေကိုလေးစားလိုက်နာရမယ်။
နိုင်ငံသားတိုင်းက မတူကွဲပြားမှုတွေကို နားလည်သဘောပေါက်ပြီး၊ သတိဝိရိယရှိရှိ အသိအမြင်ကျယ်ကျယ်၊ အမုန်းတရားမှိုင်း၊ အာဃာတမှိုင်းမမိကြဘဲ စည်းလုံးညီညွတ်မှာသာ အကြမ်းဖက်မှုတွေကင်းစင်ကာ လှည့်ကွက်တွေ ထောင်ချောက်တွေကနေ လွတ်ကင်းပြီး ဒီမိုကရေစီစနစ်ဆီ အရောက်လှမ်းနိုင်မှာဖြစ်ပါတယ်။ ။
mmw.rasu_12.02.2014