Home

Saturday, July 19, 2014

ဒီမိုကရေစီကို ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူတွေကို ရှောင်ရှားကာကွယ်ဖို့။

ဒီမိုကရေစီစနစ်ကို အသွင်ပြောင်းဖော်ဆောင်နေတဲ့နိုင်ငံတွေနဲ့ ဒီမိုကရေစီစနစ် ကျင့်သုံးနေတဲ့ နိုင်ငံတွေမှာ ဒီမိုကရေစီစနစ်ကို ဘေးအန္တရာယ်ဖြစ်စေနိုင်တဲ့ အပြုအမူတွေကို ရှောင်ရှားဖို့နဲ့ ကာကွယ်ဖို့ကလည်း အဓိကအရေးကြီးပါတယ်။ဒီမိုကရေစီစနစ် ကာကွယ်ဖို့အတွက် ဒီမိုကရေစီနဲ့ဆန့်ကျင်တဲ့၊ ဒီမိုကရေစီကို တိုက်ခိုက်တဲ့၊
ဒီမိုကရေစီကို ပျက်စီးစေတဲ့ အတွေးအခေါ်တွေ အယူအဆတွေ ဖျောက်ရပါလိမ့်မယ်။ ဒီမိုကရေစီစနစ်ကို ယုံကြည်ဖို့၊ လေးစားဖို့နဲ့ ဒီမိုကရေစီစနစ်ကို တန်ဖိုးထားပြီး ဒီမိုကရေစီစနစ်ရဲ့ သဘောတရားတွေကို နားလည်အောင်ကြိုးစားရပါမယ်။

ဥပမာအားဖြင့် ဒီမိုကရေစီလို့ဆိုလိုက်တာနဲ့ လူတိုင်းလွတ်လပ်စွာ ထင်မြင်ယူဆနိုင်ခွင့်၊ လွတ်လပ်စွာ ဖွင့်ဟဖော်ပြပိုင်ခွင့် ဆိုတာတွေက တွဲလျက်ပါလာသလို လွတ်လပ်ခြင်း၊ တရားမျှတခြင်း၊ တန်းတူညီမျှခြင်း ဆိုတာတွေလည်း ပါဝင်လာပါတယ်။
အဲဒီအခွင့်အရေးတွေကို လူတိုင်းက အသုံးချကြတဲ့အခါမှာ တခြားသူတွေရဲ့အခွင့်အရေးနဲ့ လွတ်လပ်ခွင့်တွေကိုတော့ အသိအမှတ်ပြုဖို့၊ လေးစားဖို့တော့ လိုပါတယ်။
မိမိရဲ့ လွတ်လပ်မှုအခွင့်အရေးပဲဆိုပြီး တခြားသူတစ်ဦး တစ်ယောက်ကိုဖြစ်ဖြစ်၊
တခြား လူအဖွဲ့အစည်း ကိုဖြစ်ဖြစ် ပျက်စီးရာ ပျက်စီးကြောင်းရည်ရွယ်ပြီး လုပ်ခွင့်ရှိတယ်လို့ ဒီမိုကရေစီစနစ်က အဓိပ္ပါယ်ဖွင့်ဆိုမထားပါဘူး။ ဒီလိုအပြူအမူတွေဟာ ဒီမိုကရေစီကို ပျက်စီးစေတဲ့၊ ဒီမိုကရေစီစနစ်ကို တိုက်ခိုက်တဲ့ အတွေးအခေါ် အယူအဆတွေ အပြုအမူတွေသာဖြစ်တယ်။

မိမိရဲ့လွတ်လပ်မှု၊ မိမိလူ့အဖွဲ့အစည်းရဲ့လွတ်လပ်မှုကို လူ့အခွင့်အရေးနဲ့ နှိုင်းယှဉ် စဉ်းစားရမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီစနစ်မှာ လွတ်လပ်မှုကို လူ့အခွင့်အရေးနဲ့ နှိုင်းယှဉ်စဉ်းစားဖို့ဆိုတာ အရေးကြီးတဲ့ အခြေခံအချက်ဖြစ်တယ်။ ဒီမိုကရေစီစနစ်မှာ ဥပဒေမဲ့ ဗရမ်းဗတာဆိုတာ မရှိပါဘူး။ ဒီသဘောတရား၊ ယုံကြည်ချက်၊ ခံယူချက်မျိုးမရှိဘဲ ဒီမိုကရေစီစနစ်ကို တည်ဆောက်လို့မရနိုင်ပါဘူး။ ဒီမိုကရေစီစနစ်မှာ လူ့အဖွဲ့အစည်းအားလုံး အေးချမ်းသာယာရေးနဲ့ အကျိုးဖြစ်ထွန်းရေးအတွက် တရားမျှတစွာ ကျင့်ကြံဖိုတော့အရေးကြီးပါတယ်။ ဒီမိုကရေစီစနစ် တည်ဆောက်နေတဲ့အချိန်မှာ လူအခွင့်အရေးကို ထဲ့သွင်းမစဉ်းစားဘဲ ဘယ်လိုဒီမိုကရေစီစနစ်ကို ဖော်ဆောင်ကြမှာလဲ။ လူ့အခွင့်အရေးကို ထဲ့သွင်းမစဉ်းစားဘဲ ဖော်ဆောင်မယ့်စနစ်ဟာ ဒီမိုကရေစီစနစ်ကို တန်ပြန် ဆန့်ကျင် နှောက်ယှက်လာနိုင်တဲ့ အကြောင်းတရားတွေဖြစ်တဲ့အတွက် ဒီမိုကရေစီစနစ်ကို ယုံကြည်ဖို့၊ လေးစားဖို့နဲ့ ဒီမိုကရေစီစနစ်ကို တန်ဖိုးထားပြီး၊ ဒီမိုကရေစီစနစ်ရဲ့ သဘောတရားတွေကို နားလည်အောင်ကြိုးစားကြရင်း စစ်မှန်တဲ့၊ ပီပြင်တဲ့ ဒီမိုကရေစီဖြစ်ဖို့ ၀ိုင်းဝန်းထိန်းသိမ်းကြဖို့တော့ လိုအပ်ပါတယ်။
myOewynn_05.03.2014