ကျွန်တော်တို့တိုင်းပြည်မှာ အမျိုးသားရေးဆိုတဲ့ အင်မတန် နားထောင်လို့ကောင်းတဲ့ ခေါင်းစဉ်အောက်က လူမျိုးရေး၊ ဘာသာရေးပဋိပက္ခတွေ၊ပြဿနာတွေတစ်နေရာပြီး တစ်နေရာ ဆက်တိုက်ဖြစ်နေတာ တွေ့ရပါတယ်။ ပဋိပက္ခလို့ ပြောနေကြပေမယ့် တစ်ကယ်တမ်းပြန်ကြည့်ရင် တစ်ဖက်သတ် အကြမ်းဖက်မှုတွေ ဖြစ်နေတာတွေ့ရ ပါတယ်။
လူမျိုးမတူဘာသာကွဲပြားတာကို အကြောင်းပြုလို့ ခေတ်အဆက်ဆက် တစ်မြေတည်းနေ တစ်ရေတည်း သောက် အတူယှဉ်တွဲနေလာခဲ့ကြတဲ့သူတွေ အချင်းချင်း ရန်လိုမုန်းတီးမှုတွေ၊အနိုင်ကျင့်စော်ကားမှုတွေ အပြင်အသက် အိုးအိမ် စည်းစိမ်ကိုပါအန္တရာယ်ပေးလာကြတာ တွေ့ရပါတယ်။ အသက်ကိုရန်ရှာ၊ အိုးအိမ်တွေ မီးရှို့၊ ဥစ္စာပစ္စည်းတွေ မတရား သိမ်းပိုက်လာကြတယ်။ ဒီမြေမှာမွေး၊ဒီမြေမှာကြီးပြီး ကိုယ့်အိမ် ကိုယ့်ယာ ကိုယ့်အလုပ်လေးတွေနဲ့ နှစ်ပေါင်းများစွာ ခြိုးခြံချွေတာ စုဆောင်း ထားခဲ့သမျှမျက်စေ့ တစ်မှိတ်အတွင်းဆုံးရှုံး ပျက်စီးကုန်ကြလို့ အခုတော့ ဒုက္ခသည် စခန်းတွေကိုရောက်နေ ကြပြီ။
အမျိုးသားရေးလို့ဆိုသော်လည်းလောဘ၊ဒေါသ၊မောဟတွေဖုံးလွှမ်းပြီး လူသတ်မီးရှို့ စတဲ့ စရိုက်ကြမ်းတွေကြောင့် အခုတော့ မီးလောင်ပြင်တွေဖြစ်လို့နေရပြီ။မြို့ပျက်တွေလို ဖြစ်နေကြရပြီ။ မိသားစုတွေတချို့ သေကွဲကွဲခဲ့ရပြီ။ တချို့ ရှင်ကွဲ နေကြပြီ။ အမိုးအကာမဲ့တဲ့ဟင်းလင်းပြင်မှာအလှူရှင်ကို မျှော်လင့်ရင်းသောကတွေ ဗလောင်ဆူနေကြပြီ။ရှေ့ဆက်ရမယ့် ဘ၀တွေအတွက်အပူတွေ ရင်မှာပိုက်ရင်း ငိုကြွေးသံတို့ ဘ၀ဂ်ညံနေကြပြီ။
လူသားဆိုတဲ့ အသိ၊လူ့ကျင့်ဝတ်၊လူ့စည်းကမ်းဆိုတာ တွေကန့်သတ်ဘောင်ကျော်ပြီး ကြမ်းချင်တိုင်းကြမ်း၊ရမ်းချင် တိုင်းရမ်းခဲ့ကြပြီ။ လူသားတွေအချင်းချင်းကြားမှာ ရှိသင့်တဲ့ မေတ္တာ၊ကရုဏာ၊မုဒိတာ၊ဥပေက္ခာဆိုတဲ့ ဗြဟ္မစိုရ် တရားတွေ လည်း ခေါင်းပါး ကုန်ကြပြီ။
ဗုဒ္ဓရဲ့လမ်းစဉ်နဲ့သွေဖည်ခဲ့ကြပြီ။အမျိုးသားရေးလို့ ဆိုနိုင်ပါအုံးမလား။ ဘေးပယောဂတွေ ပူးဝင်နေကြတာလား။ လောဘကို အခြေခံတော့ ဒေါသတွေ ပေါက်ကွဲ၊ အမှန်နဲ့အမှား မကွဲပြားတော့ဘဲ မောဟတွေ ဖုံးလွှမ်း ကုန်ကြလေသလား။ ဗုဒ္ဓရဲ့လမ်းစဉ်ကိုကျောခိုင်းပြီးအမျိုးသားရေးဆိုတာ ဖြစ်နိုင်ပါ့မလား။အမျိုးသားရေးတွေ၊လူမျိုးရေးတွေထက် မိမိလက်ခံယုံ ကြည်ထားတဲ့ ဘာသာရေးက ပိုပြီးလေးနက်ပါတယ်။ အဓိက ကျပါတယ်။
ဘာသာရေးဆိုတာဘယ်ဘာသာဖြစ်ဖြစ် လူသားတွေရဲ့ ကောင်းကျိုးအတွက် ပေါ်ပေါက်လာတာပါ။ လူသားတွေ ကောင်းကျိုးကိုဆောင်ရွက်နိုင်မှသာ အဲဒီဘာသာတရားကို အမှန်တရားလို့ဆိုရမှာဖြစ်ပါတယ်။ကိုယ့်ဘာသာ၊ ကိုယ့်လူမျိုးကိုတော့ ကောင်းကျိုးဆောင်မယ်၊ တခြားဘာသာ တခြားလူမျိုးကိုတော့ ဆိုးကျိုးတွေပေးမယ် ဆိုရင်တော့ အမှန်တရားပျောက်ကွယ် သွားပါလိမ့်မယ်။
ကိုယ့်ဘာသာ၊ကိုယ့် လူမျိုးကောင်းကျိုးရဖို့ တခြားဘာသာ တခြားလူမျိုးတွေကို နင်းချေဖျက်ဆီးပစ်မယ်၊ တခြားဘာသာဝင်တွေရဲ့ သာသနိက အဆောက်အဦးတွေ၊ ဘာသာရေး စာသင်ကျောင်းတွေကို မီးရှို့ဖျက်ဆီးတာ၊ အသက်အိုးအိမ် စည်းစိမ်ကို ရန်ရှာတာ၊ ဥစ္စာပစ္စည်းတွေကို လောဘဇောတိုက်ပြီးမတရား သိမ်းပိုက်တာတွေဟာ ဘာသာ ရေး အစစ်အမှန်လို့ ဆိုလို့မရပါဘူး။ အမျိုးဘာသာသာသနာ အတွက်လို့ပြောလို့မရပါဘူး။
မိမိတို့ရဲ့အမျိုးဘာသာသာသနာ တိုးတက်စေချင် တယ်ဆိုရင် ကိုယ့်ခြံစည်းရိုး ကိုယ်လုံအောင် ကာဖို့လိုတယ်။ ကိုယ့်ခြံစည်းရိုး လုံချင်တာနဲ့ တခြားသူ့ ခြံစည်းရိုး ရိုက်ချိုးတာ ကျုးကျော်တာတွေတော့ မလုပ်သင့်ပါဘူး။ ကိုယ့်ဘာသာ ကိုယ့်လူမျိုးလည်း တိုးတက်ရမယ်၊တခြားဘာသာ တစ်ခြားလူမျိုးတွေလည်း ငြိမ်းချမ်းရမယ်။ ဒါမှလူသား အားလုံးကောင်းကျိုးတွေ ခံစားရမယ်။လူသားအားလုံးကိုကောင်းကျိုး ဆောင်ပေး နိုင်မှ ဘာသာရေးအစစ်အမှန်ဖြစ်တယ်။
ဘာသာတရားအားလုံးရဲ့အဆုံးအမတွေက ငြိမ်းချမ်း ရေး၊အကြမ်းမဖက်ရေး၊မေတ္တာတရားထားရှိရေးတို့ကို အခြေခံပါတယ်။လူသားအားလုံးကိုငြိမ်းချမ်းမှုတွေပေးနိုင်ရမယ်။ အကြမ်းဖက်မှုတွေကင်းဝေးစေရမယ်။မေတ္တာတရား လွှမ်းခြုံပေးရမယ်၊ လူသားအားလုံးကို လိုအပ်တာ ကူညီမှု ပေးရမယ်။ဘုရားရှင်ဟောတဲ့မေတ္တာ၊ကရုဏာမှာ အရောင်ဆိုးထားတာ၊ကန့်သတ်ထားတွေ မရှိဘူး။ ဘုရားရှင်ကိုယ်တိုင် သူတစ်ပါးကို နှိမ့်ချတာ၊ အနိုင်ကျင့်တာ၊ စော်ကားတာ၊ ချုပ်ခြယ်တာ မရှိဘဲ ကျင့်ကြံခဲ့လို့ ပါရမီမြောက်ကုသိုလ်တွေ ဖြစ်လာတာပါ။ ဒါကြောင့် ဘာသာရေး လူမျိုးရေးနဲ့ ပတ်သက်ပြီးပဋိပက္ခတွေ၊ပြဿနာတွေ၊အကြမ်းဖက်မှုတွေ ဖြစ်တာ မိမိတို့ရဲ့ ဘာသာတရား အဆုံးအမနဲ့ လမ်းလွဲတာဖြစ်သလို ဘာသာသာသနာ ဆုတ်ယုတ်ပျက်ဆီးစေခြင်းရဲ့ အကြောင်းခံ ဖြစ်တယ်။
မိမိတို့နေထိုင်တဲ့နိုင်ငံမှာလူမျိုးဘာသာအရောင်အ သွေးမခွဲခြားဘဲနိုင်ငံသားအားလုံး၊ လူသားအားလုံး ကောင်းကျိုးရှိနိုင်မယ့်အရာတွေကို လိုက်နာပြီး၊ လူသားအားလုံး ဆိုးကျိုးဖြစ်နိုင်မယ့် အရာတွေကို မိမိအသိဥာဏ်နဲ့ဆင်ခြင်ကာ ရှောင်ကြဉ်ကြဖို့ လိုပါတယ်။ ဘယ်သူဟောလို့၊ ဘယ်သူမိန့်လို့ ၊ဘယ်သူပြောလို့ဆိုတာထက် လက်တွေ့အခြေအနေမှာ ကောင်းကျိုးဆောင်နိုင်မဆောင်နိုင်၊လိုက်နာသင့်မသင့် စဉ်းစားတွေးခေါ်ပြီး အကျိုးရှိရှိအသုံးချတတ်ဖို့ လိုပါတယ်။
ရည်ရွယ်ချက်ရှိရှိ ပဋိပက္ခဖန်တီးနေသူတွေရဲ့အစီအမံတွေ၊ အစွန်းရောက်ဖို့ တွန်းပို့နေတဲ့ အဟောအပြောတွေကို သတိဝိရိယရှိရှိ၊မျက်ခြေမပြတ်စောင့်ကြည့် ကာကွယ် ကြရမယ်။မလိုလားအပ်တဲ့ပဋိပက္ခတွေဖြစ်လာရင် ဖန်တီးသူတွေ ဆင်ထားတဲ့ထောင်ချောက်ထဲတိုးမိသလိုဖြစ်မယ်။ဖန်တီး သူတွေဟာနောက်ကွယ်က လက်ခမောင်းခတ်နေကြမယ်။ လူမျိုးစုံ ဘာသာစုံ ရဟန်းသံဃာတော်များပါမကျန် စည်းစည်းလုံးလုံးညီးညီညွတ်ညွတ်နဲ့ ပူးပေါင်းပြီး အသက်သွေးချွေး မြောက်များစွာ ရင်းနှီးရယူထားတဲ့သွေးနုသားနု ဒီမိုကရေစီ အလင်းတန်းလေး သဲထဲရေသွန်ဖြစ်သွားမှ ယူကြုံးမရ ဖြစ်နေကြ ရမယ်။တိုင်းပြည်လည်းနစ်နာ၊လူမျိုးလည်းဂုဏ်သိက္ခာ ထိခိုက်မယ့် အဖြစ်ပါ။
အစွန်းရောက်မျိုးချစ်စိတ်၊အစွန်းရောက်ဘာသာရေး စိတ်၊ အစွန်းရောက် အမျိုးသားရေးစိတ်တွေဟာ လူသားတိုင်းအတွက်ဒုက္ခပေးနိုင်ပါတယ်။
ဘယ်အစွန်းရောက်မှုမျိုးမှလူသားတွေကိုကောင်းကျိုးမပေးပါဘူး။အန္တရာယ်ကိုသာ ဖြစ်နိုင်ပါတယ်။အမျိုးသားရေးဦးတည်ချက်ပေါင်းများစွာနဲ့ နှစ်ပေါင်း ၅၀ကျော်ကျော် ကျွန်တော်တို့ဆိုးကျိုးတွေနဲ့ရင်ဆိုင်ခဲ့ရပြီး ပါပြီ။တိုင်းပြည်လည်းမွဲ၊လူထုလည်းမွဲခဲ့ ရပြီးပါပြီ။ဒီသင်္ခန်းစာတွေကို နှလုံးသွင်းရင်း အစွန်းရောက်မှုတွေကိုခ၀ါချလိုက်ကြပါ။
ဘာသာ တရားတိုင်းကလည်း ဘယ်အစွန်းရောက်မှုကိုမှ မချီးမွှမ်းခဲ့ပါဘူး။မဇ္ဈိမပဋိပဋာ လမ်းစဉ်သာလျှင် လူသား ကောင်းကျိုးသယ်ပိုးနိုင်တာမို့ မိမိတို့ရဲ့ဘာသာသာသနာ ရောင်ဝါနဲ့ လူသားအားလုံးကိုလင်းဝင်းမှု ၊အေးငြိမ်းမှုတွေ လွှမ်း ခြုံပေးရင်းအေးချမ်း တည်ငြိမ်တဲ့ကမ္ဘာ့မိသားစု အသိုက်အမြုံ ကို တည်ဆောက်ကြပါစို့။
မင်းမျိုးဝင်း (ရန်ကုန်တက္ကသိုလ်)
ဘက်မလိုက် အတွဲ(၁) အမှတ် (၁၁)