Home

Saturday, July 19, 2014

ငါတို့မြို့က ငါတို့ကို အကြာကြီးခွဲမထားပါဘူး။

ကိုက်မယ့်ကျားဟာ နောက်ကို ခြေတစ်လှမ်းဆုတ်တယ်
ငါတို့မှာ နောက်ဆုတ်စရာ မြေမရှိတော့ဘူး
စိတ်ဓာတ်မကျနဲ့ သူငယ်ချင်း
ရေမြုပ်နေတဲ့ရပ်ကွက်ထဲမှာ ဦးနှောက်ကိုမီးညှိထားပါ
တစ်နေ့ ငါတို့ပြန်သိမ်းရမယ်
မျိုးချစ်စိတ် မြို့ချစ်စိတ် ဒါတွေနဲ့ ပြန်သိမ်းရမယ်
မြန်မာပြည် လွတ်လပ်ရေးရဖို့ 
ဗိုလ်ချုပ်ဟာ လူသုံးဆယ်နဲ့ စခဲ့တယ်


ကျူးဘားလွတ်မြောက်ဖို့
ချေဂွေဗားရားဟာ လူဆယ့်နှစ်ယောက်နဲ့ စခဲ့တယ်
ငါတို့မြို့လွတ်မြောက်ဖို့ လူဘယ်လောက်လိုမလဲ
အမျိုးကို တကယ်ချစ်ရင် မြို့ကို တကယ်ချစ်ရင်
အဲဒီမြို့က ငါတို့ကို ဖယ်မထုတ်နိုင်ပါဘူး
မြို့သားတွေဟာ မြို့ရဲ့တံတိုင်းပဲ
မြို့သားတွေဟာ မြို့ရဲ့ကျုံးပဲ
မြို့သားတွေဟာ မြို့ရဲ့အားပဲ
အရုဏ်ဟာ မြို့ကိုသိမ်းဖို့လာတာဆိုရင်
ဆည်းဆာဟာလည်း မြို့ကိုသိမ်းဖို့ စိတ်နဲ့ပဲပြန်ဝင်သွားရမယ်
စိတ်ဓာတ်မကျနဲ့ သူငယ်ချင်း
ငါတို့မြို့ကို ငါတို့ပြန်သိမ်းရမယ်ဆိုတဲ့ ပျိုးပင်လေးတွေ
လူတိုင်းရင်ထဲလိုက်ကြဲလိုက်ပါ
တစ်နေ့သီးလာမှာပါ ပွင့်လာမှာပါ ဝေဆာလာမှာပါ
မြို့ချစ်သူတွေကို မြို့က ပစ်မထားပါဘူး ယုံကြည်ပါသူငယ်ချင်း
အသားထဲလောက်တွေအတွက်လည်း စိတ်ဓာတ်မကျနဲ့
ပုပ်သိုးနေတဲ့အသားတွေ ရှင်းထုတ်လိုက်ရင်
အသားထဲကလောက်တွေလည်းဆွေးဆွေးမြည့်သွားမှာပါ
ငါတို့ရှူသွင်းလိုက်တဲ့လေဟာ ကိုယ့်မြို့ကိုယ်ပြန်သိမ်းဖို့ပ
ငါတို့ရှိုက်ထုတ်လိုက်တဲ့ လေဟာ
ကိုယ့်မြို့ရဲ့အနာဂတ်ကို ကိုယ်တိုင်ဖန်တီးဖို့ပဲ
မြို့သိမ်းတဲ့လမ်းမှာ
စိတ်ရှည်ပါ သည်းခံပါ စည်းလုံးပါ ကိုယ်ချင်းစာပါ ဥာဏ်ပညာကြီးကြပါ
ငါတို့မြို့က ငါတို့ကို အကြာကြီးခွဲမထားပါဘူး။
ကိုရွေး (၁.၃.၁၄)
Credit to: ကိုရွေး
_____________________________
Reposted by myOewynn_05.04.2014