Home

Monday, July 21, 2014

ဘာသာရေးကို နိုင်ငံရေးထဲဆွဲသွင်းလာပြီဆိုရင် ။

ဘာသာရေးကို နိုင်ငံရေးထဲဆွဲသွင်းတဲ့ အာဏာရှင်တွေရဲ့လုပ်ရပ်ကြောင့် ပြိုလဲပျက်စီး သွားခဲ့ကြတဲ့၊ ပြိုလဲပျက်စီးလုနီးနီးဖြစ်နေကြတဲ့ နိုင်ငံတွေကျုပ်တို့ရှေ့မှာ မြင်ခဲ့ရ၊ မြင်နေရပါတယ်။

လူမျိုးရေး ဘာသာရေး အစွန်းရောက် အမျိုးသားရေးဝါဒကိုခုတုံးလုပ်ပြီး အာဏာတည်မြဲဖို့ ကြံစည်တဲ့ အာဏာရှင်တွေဟာ နောက်ဆုံးမှာ မရှုမလှ ကျဆုံးရတယ်ဆိုတာလည်း ကမ္ဘာသမိုင်း မှာရော၊ ဗမာ့သမိုင်းမှာရော မြင်ခဲ့ရပြီးပါပြီ။



ဘာသာရေးကို နိုင်ငံရေးထဲဆွဲသွင်းလာပြီဆိုရင် နိုင်ငံတွင်းမှာရှိတဲ့ လူ့အဖွဲ့အစည်းတွေ ဆုတ်ယုတ်မှုနဲ့ ကြုံဆုံရပြီး အတိဒုက္ခ ရောက်တတ်ကြပါတယ်။ စားဝတ်နေရေးကျပ်တည်းလာမယ်။ ငွေကြေးမတည်ငြိမ်မှုတွေဖြစ်လာမယ်။ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးတွေဆုတ်ယုတ်ကျဆင်း လာမယ်။ အလုပ်လက်မဲ့ထူပြောလာမယ်။ လူမှုဘ၀အဆင့်အတန်းနိမ့်ကျလာမယ်။ တိုင်းပြည်နဲ့လူထု နလံမထူနိုင်အောင် နစ်နာမယ်။ တိုင်းပြည်တွင်းမှာ တည်ငြိမ် အေးချမ်းမှု ပျက်ပြားလာမယ်။

သမ္မတကိုယ်တိုင်က မိမိတို့အာဏာတည်မြဲရေးအတွက်သာ အာရုံစိုက်ပြီး ဘာသာရေးကို နိုင်ငံရေးထဲ
ဆွဲသွင်းခဲ့ခြင်းကြောင့် တိုင်းပြည်ဖရိုဖရဲဖြစ်ပြီး ဒီမိုကရေစီပြောင်းလဲဖော်ဆောင်မှုကြီး ပြန်လည်ပြိုကျ ပျက်စီးတော့မယ့် အီဂျစ်နိုင်ငံရဲ့အခြေအနေကို သတိပြုစေချင်တယ်။ ဒါကြောင့် တိုင်းပြည်နဲ့လူထုအပေါ် စိတ်ကောင်းစေတနာ ရှိတယ်ဆိုရင် နိုင်ငံတည်ဆောက်မှုကို နိုင်ငံရေး အမြင်နဲ့သာ တည်ဆောက်ဖို့ကြိုးပမ်းသင့်တယ်။

နိုင်ငံတော်တို့ကို ကမ္ဘာနဲ့ရင်ဘောင်တန်းနိုင်ဖို့ ဒီမိုကရေစီစနစ်နဲ့အညီ ပြောင်းလဲတည်ဆောက်တဲ့ အခါမှာလည်း လူထုထောက်ခံမှုမရှိတဲ့ အခွင့်ထူးခံ ဖွဲ့စည်းပုံအခြေခံဥပဒေကို လူထုဆန္ဒနဲ့အညီ ပြုပြင်ရမယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်ပုဂ္ဂိုလ်၊ ဘယ်လူမျိုး၊ ဘယ်ဘာသာ၊ ဘယ်သူတစ်ဦး တစ်ယောက် ကိုမျှ အခွင့်ထူးခံဖို့ ရည်ရွယ်ပြဌာန်းထားတဲ့ ဖွဲ့စည်းပုံမျိုး မဖြစ်သင့်ဘဲ၊ လူတိုင်း တန်းတူညီမျှ ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေကို အခြေခံပြီး၊ လူထုကလက်ခံ သဘောတူ ထောက်ခံပြဌာန်းထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့အညီ ဥပဒေစိုးမိုမှုရှိတဲ့ နိုင်ငံအဖြစ် တည်ဆောက်ရမှာဖြစ်တယ်။
_______________________________________
m y O e w y n n _ 2 6 . 0 5 . 2 0 1 4