Home

Sunday, July 13, 2014

အခုကပြနေတဲ့ ဇာတ်လမ်းက အရင်ဇာတ်ညွှန်းအဟောင်းအတိုင်းပဲ။

အာဏာရှင်စနစ်ကို အမြစ်မဖြုတ်နိုင်သေးသရွေ့
ဒီမိုကရေစီအစစ်အမှန် မပေါ်ပေါက်နိုင်ဘူး။
တရားဥပဒေစိုးမိုးရေး ရှိလာမှာမဟုတ်ဘူး။
ပြည်တွင်းငြိမ်းချမ်းရေး အောင်မြင်မှာမဟုတ်ဘူး။
တိုင်းပြည် တည်ငြိမ်တိုးတက်ရေး၊ ငြိမ်းချမ်းရေးနဲ့
တန်းတူအခွင့်အရေးတွေ ရလာမှာမဟုတ်ဘူး။


လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှု၊ ခွဲခြားဖိနှိပ်မှုတွေ ကင်းစင်မှာမဟုတ်ဘူး။
အကြမ်းဖက်မှုတွေ၊ ပဋိပက္ခတွေ ချုပ်ငြိမ်းမှာ မဟုတ်ဘူး။
လူထုရဲ့လူမှုရေး၊ စီးပွားရေး၊ ကျမ္မာရေး၊ ပညာရေးနဲ့
သာရေးနာရေး လူ့အရေးအားလုံး နလံထူမှာမဟုတ်ဘူး။
လူထုက ကျီးလန့်စာစားဘ၀က လွတ်မြောက်မှာမဟုတ်ဘူး။

ဘာကြောင့်လဲဆိုတော့ အာဏာရှင်တွေဟာ
လူထုရဲ့အာရုံ သူတို့ဖက် မျှားဦးမလှည့်နိုင်မှ
သူတို့ရဲ့အာဏာသက်တမ်းကို ရသလောက်ဆွဲဆန့်နိုင်မှာဖြစ်လို့
တိုင်းပြည် တည်ငြိမ် အေးချမ်းနေမှာကို မလိုလားဘူး။
အာဏာရှင်တို့ရဲ့ဓလေ့စရိုက် ဗီဇကိုက
အာဏာကို လွယ်လွယ်စွန့်လွှတ်ရိုးထုံးစံမရှိဘူး။

အာဏာရှင်တွေက စိတ်ကြိုက်ဇာတ်ညွှန်းကို အချိန်ယူပြီး ရေးထားပြီးသားပါ။
အာဏာရှင်တွေ အခုကပြနေတဲ့ ဇာတ်လမ်းက အရင်ဇာတ်ညွှန်းအဟောင်းအတိုင်းပဲ။
ဇာတ်ညွှန်းအဟောင်းကို မပြင် မပြောင်းလဲဘဲ၊
ဇာတ်လမ်း အမည်ပြောင်းလိုက်ရုံနဲ့ မူရင်းဇာတ်လမ်း ပြောင်းလဲမသွားနိုင်ဘူး။
ဒါရိုက်တာ၊ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့ဇာတ်ရံ လူကြမ်းတွေပြောင်းလိုက်ရုံနဲ့
မူရင်းဇာတ်လမ်း ပြောင်းလဲမသွားနိုင်ဘူး။
ဇာတ်က ဒီအတိုင်းမျောနေအုံးမှာဘဲ။
နောက်ဆုံး ပွဲကြည့်ပရိသတ်သာ အလိမ်ခံလိုက်ရတာပါ။
ပွဲကြည့်ပရိသတ်ရဲ့ အချိန်တွေသာ အချည်းနှီးဖြစ်ရတာပါ။
ပွဲကြည့်ပရိသတ်သာ အကွဲကွဲ အပြားပြားဖြစ်ပြီး
ခြေကုန်လက်ပမ်းကျသွားရင် ခဲလေသမျှ သဲရေကျဖြစ်မယ်။
ဇာတ်ညွှန်းနဲ့အတူ ဇာတ်ညွှန်းရေးသူ၊
ဒါရိုက်တာ၊ မင်းသား၊ မင်းသမီး၊ ဇာတ်ပို့ဇာတ်ရံ လူကြမ်းတွေအားလုံးကို
အမြစ်ဖြုတ်ပြီး ဇာတ်ညွှန်းအသစ်နဲ့ ဇာတ်လမ်းအသစ်ကို ၀ိုင်းဝန်းဖန်တီးကြပါစို့။
_________________________________________
m y O e w y n n _ 0 8 . 0 4 . 2 0 1 4