Home

Saturday, July 19, 2014

ခပ်ညံ့ညံ့တွေးပြီး ခပ်ညံ့ညံ့နိုင်ငံထူထောင်မှာလား။

လွတ်လပ်ခြင်း( Liberty )၊ ညီမျှခြင်း ( Equality ) နဲ့ ငြိမ်းချမ်းခြင်း ( Peace )ဟာ
ဒီမိုကရေစီရဲ့ အနှစ်သာရ၊ အမှတ်လက္ခဏာများဖြစ်ပါတယ်။
နိုင်ငံတစ်ခု အမှန်တစ်ကယ် ဖွံ့ဖြိုးတိုးတက်ပြီး
နေချင်စဖွယ်ဖြစ်ဖို့ လိုအပ်ချက်များဖြစ်ပါတယ်။
အဲဒီသုံးခု ထဲက တစ်ခုခု ချို့ယွင်းနေရင် ဒီမိုကရေစီ မဖြစ်နိုင်ပါဘူး။


ဒီတော့ ကျနော်တို့ရဲ့ တွေးပုံ၊ ခေါ်ပုံ၊ ပြုမူလုပ်ကိုင်ပုံတွေကို
ဒီသဘောတရားတွေနဲ့ကိုက်ညီအောင် လေ့ကျင့်ပျိုးထောင်ရင်
ဒီမိုကရေစီ သေချာပေါက်ရပါမယ်။
ဒီသဘောတရားတွေကို အကြောင်းပြချက်( ဆင်ခြေ ) အမျိုးမျိုးပြပြီး
လက်တွေ့ လက်ခံ ကျင့်ကြံကြဖို့ ငြင်းဆန်နေကြမယ်ဆိုရင်
ကျနော်တို့ ဘယ်တော့မှ ဒီမိုကရေစီ မရပါဘူး။

ကျနော်တို့ အတွေးမှားအမြင်မှားဖြစ်အောင် လှည့်စားနေတဲ့
အာဏာရှင်မိစ္ဆာတွေ၊ အတ္တသမားတစ္ဆေတွေရဲ့
မှော်အတတ်တွေ ကဝေပညာတွေကို အသိ၊ သတိကြီးကြီးထားပြီ။
ခဲရာခဲဆစ်ရှောင်ရှားကြရမယ့် အနေအထားကိုရောက်လာနေပါပြီ။
မြင့်မြင့်တွေး ဝေးဝေးကြည့်ကြဖို့လိုပါပြီ။
ကျနော်တို့ အတွေးအမြင်တွေကို ဒီမိုကရေစီနဲ့ကိုက်ညီအောင်
မပြောင်းလဲနိုင်ရင် ကျနော်တို့နိုင်ငံ ဘယ်တော့မှ
နိုင်ငံတကာအဆင့်ထိ တက်လှမ်းနိုင်မယ်မဟုတ်ပါဘူး။
ကျနော်တို့မှာ အနာဂါတ်မရှိနိုင်ပါဘူး။
ကျနော်တို့နောက်မှာ လူလုပ်ကြမယ့်
ကျနော်တို့ရဲ့မျိုးဆက်သစ်တွေအတွက်
သာယာဝပြောတဲ့၊ အေးချမ်းတဲ့ ကြွယ်ဝတဲ့ အနာဂါတ်တစ်ခု
ဘယ်လိုမှ ထားရစ်ခဲ့နိုင်ဖို့ မျှော်လင့်လို့ မရပါဘူး။

ကျနော်တို့ရဲ့အတွေးအခေါ် အယူအဆတွေကို
ဒီမိုကရစီနဲ့ကိုက်ညီအောင်ကြိုးစားပြီး တည်ဆောက်ပြောင်းလဲယူကြမလား။
အာဏာရှင်တွေပုံသွင်းပေးထားခဲ့တဲ့ အညံ့စိတ် အညံ့အတွေးတွေကိုပဲ
ဖက်တွယ်ဆုပ်ကိုင်ထားကြပြီး ခပ်ညံ့ညံ့နိုင်ငံ ထူထောင်ကြမလား။
အလေးအနက်ထားပြီး စဉ်းစားရမယ့်အချိန်ရောက်နေပြီဆိုတာ သတိပေးပါရစေဗျာ။ ။

myOewynn_08.03.2014 @ Knowledge for Democracy.