Home

Tuesday, July 29, 2014

တမန်တော်မြတ် မုဟမ္မဒ်သခင်ရဲ့ ကမ္ဘာအေးတရား

 ကမ္ဘာ့ရာဇ၀င်ကို ပြန်လည်သုံးသပ်ကြည့်လျှင် ခေတ်တိုင်း၊ နယ်တိုင်းနှင့် လူမျိုးတိုင်းတွင် (Prophets) တမန်တော်များပွင့်ပေါ်ခဲ့ကြတယ်။ အသီးသီးပရိယတ္တိကျမ်းများယူဆောင်လာခဲ့ကြတယ်။ ကမ္ဘာသူ ကမ္ဘာ သားများအား အလွန် ယဉ်ကျေးချိုအေးတဲ့ တရားရေအေး အမြိုက်ဆေးတိုက်ကြွေးခဲ့ကြတယ်။
ယခင်နှစ်ပေါင်း (၁၄၀၀ )ကျော်က အရေးဗီးယားတိုင်းပြည်တွင် တမန်တော်များ၏ အချုပ်၊ တမန်တော်များ၏ အထွဋ်အထိပ်ဖြစ်သော တမန်တော် မုဟမ္မဒ်သခင် ပွင့်တော်မူခဲ့တယ်။ ပရိယတ္တိကျမ်းဂန်များ၏

အမိဖြစ်သော ကုရ်အာန်ကျမ်းမြတ်ကို ယူဆောင်လာပြီး ကမ္ဘာ့ လူထုကြီးတစ်ရပ်လုံးအား ဤသို့ကြွေးကြော်ခဲ့တယ်။

(ကျွန်ုပ်သည် အသင်တို့ ကမ္ဘာသူ ကမ္ဘာသားအားလုံး အတွက် ပွင့်လာသော အလ္လာဟ်အရှင်မြတ်၏ တမန်တော်ဖြစ်သည်။)
အသင်တို့ထံ အသင်တို့၏အမျိုးသားဖြစ်သော တမန်တော် တစ်ပါး ရောက်လာပြီး ထိုတမန်တော်သည် အသင်တို့ ဆင်းရဲ ကြီးစွာ ခံရမည့် အရေးကိုတွေးပြီး စိတ်မအေး ရင်လေးတော် မူရှာတယ်။ ထို တမန်တော် သည် အသင်တို့၏ အကျိုးကိုသာ အထူးလိုလား တောင့်တတော်မူတယ်။ ထိုတမန်တော်သည် ယုံကြည်ခြင်းသဒ္ဓါတရား ရှိသောမုအ်မင်န်များအားသာပို၍ပင်သနားကြင်နာတော်မူတယ်။ (ကုရ်အာန် ၉း၁၂၈)

တမန်တော် မုဟမ္မဒ်သခင်သည် စကြ၀ဠာကြီးကို ဤသို့ မြင်သည်။
“ဝေနေယျသတ္တ၀ါအားလုံးတို့သည် အလ္လာဟ်အရှင်မြတ်၏ အိမ်ထောင်စုကြီး တစ်ခုဖြစ်သည်” ဒီအမိန့်တော်အရဆိုလျှင် ဒီမိုး - ဒို့မိုး ၊ ဒီမြေ - ဒို့မြေ ၊
ဒီကမ္ဘာ - ဒို့ကမ္ဘာ၊ ကမ္ဘာ့လူထု - ဒို့လူထု၊ ကမ္ဘာ့အရေး – ဒို့အရေး ဖြစ်နေသည်မှာ ထင်ရှားပါတယ်။
ကမ္ဘာ့အိမ်ထောင်စုကြီးကို သာယာဝပြောအောင် ပြုလုပ်ခြင်းဟာ ` ကမ္ဘာ့အိမ်ထောင်သားများ၏ တာဝန်ပဲဖြစ်ပါတယ်။
ဒါ ကြောင့် အိမ်ထောင်စုသားတိုင်းသည် မိမိတို့တာဝန်များကို ဝေပုံကျ ထမ်းဆောင် ရပါမယ်။ ဒီကိစ္စနှင့် ပတ်သက်ပြီး တမန်တော် မုဟမ္မဒ်က အတိအလင်း မိန့်တော်မူခဲ့ ပါတယ်။
“လူတိုင်း လူတိုင်းသည် မင်းလုပ်အုပ်ချုပ်ရမည့် အာဏာပိုင်များ ဖြစ်တယ်။ လူတိုင်း လူတိုင်းသည် မိမိ၏တာဝန် ၀တ္တရားများနှင့် ပတ်သက်ပြီး အမေးအမြန်းခံရမည့် တာဝန်ခံလည်းဖြစ် တယ်”
တာဝန်ကျေပွန်သည်နှင့်အမျှ ကမ္ဘာတွင်ငြိမ်းချမ်းမှုရရှိမယ်။
တာဝန်ပျက်ကွက်သည်နှင့် အမျှ ကမ္ဘာတွင် ဆူပူမှုဖြစ်မယ်။ ဒါဟာ လက်တွေ့ပဲ။

ပထမအနီးဆုံး(ကမ္ဘာ့အမျိုးသမီးများ)
************************************
ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မိမိတို့နှင့်(ပထမ)အနီးဆုံးနှင့်အရင်းနှီးဆုံးဟာ ကမ္ဘာ့အမျိုးသမီးများ ဖြစ်ကြတယ်။
ကမ္ဘာ့ငြိမ်းချမ်းမှုနှင့်သာယာမှုကိုဖန်တီးမည့်ကမ္ဘာ့အာဇာနည်သူရဲကောင်းများကို
လက်ပူးလက်ကျပ် ပြုစုပျိုး ထောင်ပေး လိုက်သူများမှာ ဒီ အမျိုးသမီးများပင်ဖြစ်တယ်။ ဒါကြောင့် တမန်တော် မုဟမ္မဒ်သခင်က မိန့် တော်မူခဲ့တယ်။
“မိမိတို့ အိမ်သူများအပေါ် ကောင်းသူမှ လူကောင်း ၊ ကျွန်ုပ်သည် မိမိအိမ်သူများ အပေါ် အကောင်းဆုံးဖြစ်တယ်”
“အသင်တို့သည်အမျိုးသမီးများ၏အခွင့်အရေးနှင့်ပတ်သက်ပြီးအလ္လာဟ်အရှင်မြတ်
အားကြောက်ကြကုန်လော့”
“ဂျန္နသ်သည်မိခင်များ၏ဖ၀ါးများအောက်၌ရှိသည်”
ဒါအမျိုးသမီးများ၏ အခွင့်အရေးနှင့်အဆင့်အတန်းကို မြှင့်တင်ပေးခြင်းပဲ။`

ဒုတိယအနီးဆုံး(အိမ်နီးနားချင်းများ)
************************************
ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မိမိတို့နှင့်ဒုတိယအနီးဆုံးသောသူများဟာ အိမ်နီးနားချင်းများ ဖြစ်ကြတယ်။
အိမ်နီးနားချင်းများနှင့် အဆင်မပြေသည်နှင့်အမျှ မိမိအိမ်တွင်လည်း သာယာမှု မဖြစ်နိုင်။ ဒါကြောင့် တမန်တော်မုဟမ္မဒ် သခင်သည် ကျမ်းသစ္စာ သုံးကြိမ် တိတိ ကျိန်ဆိုပြီး တိတိလင်းလင်း မိန့်တော်မူခဲ့တယ်။
“အလ္လာဟ်အား တိုင်တည်ပြောဆိုအံ့။ မိမိ အိမ်နီးနားချင်းကို ဒုက္ခပေးသောသူသည် (မုအ်မင်န်)မဟုတ်”

တတိယအနီးဆုံး(ဆင်းရဲသားများ)
************************************
ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မိမိနှင့်တတိယအနီးဆုံးသော သူများဟာ ဆင်းရဲသူဆင်းရဲသား လက်လုပ်လက်စား များဖြစ်ကြတယ်။ ဆင်းရဲသားများဟာ ကမ္ဘာ့အိမ်ထောင်စုကြီးတွင် လူများစု ဖြစ်ကြပြန်ရာ သူတို့၏ ပြဿနာ သည် အကြီးဆုံး ပြဿနာပင်ဖြစ်တယ်။
ဒါကြောင့် တမန်တော် မုဟမ္မဒ်သည် ဆင်းရဲသားများ၏ အရေးကို အများဆုံးအားပေးပြီး မိန့်တော်မူခဲ့တယ်။
“ဆင်းရဲမှုသည် ကျွန်ုပ်၏ ဂုဏ်ဒြပ်ဘဲ”
“လုပ်သားအားချွေးမခြောက်မီလုပ်ခပေးပါ ”
“ဓနရှင်များ၏ ဓနစည်းစိမ်သည် ဆင်းရဲသားများ၏ ကျေးဇူးပဲ”
“အို- အလ္လာဟ်အရှင်၊ ကျွန်တော်မျိုးသည် ဆင်းရဲသားများနှင့် အတူနေပါရစေ။
ဆင်းရဲသားများနှင့်အတူသေပါရစေ။ ဆင်းရဲသားများနှင့်အတူထပါရစေ”ဟု
တမန်တော်မုဟမ္မဒ်သခင်က အရှင့်ထံဆုများပန် သွားရှာတော်မူခဲ့တယ်။

စတုတ္ထအနီးဆုံး(တိရစ္ဆာန်များ)
******************************
ကမ္ဘာ့ဇာတ်ခုံပေါ်တွင် မိမိတို့နှင့် စတုတ္ထအနီးဆုံးဟာ တိရစ္ဆာန်များဖြစ်ကြတယ်။ တိရစ္ဆာန်တွေမရှိလျှင် ကမ္ဘာ့အိမ်ထောင်စုကြီး ဒုက္ခကြီးငယ်ဆိုက်ရောက်မှာကို အထူးပြောစရာမလိုပါ။
ဒါကြောင့် -
“တိရစ္ဆာန်များကို အစာငတ်ချီမထားပါနှင့်”
“တိရစ္ဆာန်များ၏ ကျောကုန်းများကို မိမိတို့၏ ထိုင်ရာနေရာများပြုလုပ်ပြီးမထားကြနှင့်”
“တိရစ္ဆာန်အချင်းချင်းမတိုက်ကြနှင့်”၊
“ငှက်သိုက်မှငှက်ကလေးများကိုမဖမ်းကြနှင့်”
“ငှက်သိုက်မှငှက်ဥများကိုမယူကြနှင့်”
“စာနာခြင်းတရားအမြဲထားကြပါ ”ဟု တမန်တော် မုဟမ္မဒ်မှာကြားတော်မူခဲ့တယ်။

ကမ္ဘာ့သာယာမှုအတွက်အရေးကြီးသောစီးပွားရေး
***************************************************
ကမ္ဘာ့သာယာမှုမှာ စီးပွားရေးဟာ အရေးကြီးသော အချက် တစ်ချက်ဖြစ်တယ်။ စီးပွားရေး မကောင်းသည်နှင့်အမျှ သာယာမှု မဖြစ်နိုင်ဘူး။ ဒါကြောင့် တမန်တော် မိန့်တော်မူခဲ့တယ်။
“တရားသဖြင့်စီးပွားရှာခြင်းဟာ ဖရဒွ် တာဝန်များနောက် ဖရဒ်ွတာဝန်တစ်ရပ်ပင် ဖြစ်တယ်”
“ကျွန်ုပ်အသင်တို့ကို မှာကြားခဲ့မယ်။ ကုန်သည်များနှင့် ကောင်းမွန်စွာဆက်ဆံကြ၊၊
ကုန်သည်များဟာ ကမ္ဘာရဲ့သုခကို ဆောင်သူများဖြစ်ကြတယ်။
ကုန်သည်များဟာ ကမ္ဘာမြေပြင်မှာ အလ္လာဟ်အရှင့်သစ္စာတော်ထိန်းများဖြစ်ကြတယ်”

ကမ္ဘာ့သာယာမှုအတွက်အရေးကြီးသော ပညာရေး
***************************************************
ကမ္ဘာ့သာယာမှုမှာ ပညာရေးဟာ အရေးကြီးဆုံး ပြဿနာ တစ်ရပ် ဖြစ်နေပြန်ရာ တမန်တော်မြတ် မုဟမ္မဒ်သခင် က “ပညာမသင်မနေရဥပဒေ”ကို ထုတ်ပြန်ကြေညာတော်မူခဲ့တယ်။
“ပုခက်တွင်းမှသင်္ချိုင်းသို့တိုင်ပညာဆည်းပူးကြပါ”
“ပညာရှင်တစ်ဦး၏အိပ်စက်နေခြင်းဟာ ပညာမဲ့တစ်ယောက်၏ ခ၀ပ်ပူဇော်ခြင်းထက်မြတ်တယ်”ဟု တမန်တော်က မိန့်တော်မူခဲ့တယ်။

ကမ္ဘာ့သာယာမှုအတွက်အရေးကြီးသောယဉ်ကျေးမှု
****************************************************
ကမ္ဘာ့သာယာမှုတွင် ယဉ်ကျေးမှုဟာ ဆက်ဆက်ရှိအပ်သောအချက်တစ်ရပ်ဖြစ်ပြန်ရာ-
“ငယ်သူကိုမသနား၊ကြီးသူကိုမလေးစားသောသူသည်ငါ၏ အသင်းဝင်မဟုတ်”ဟု တမန်တော်မိန့်တော်မူခဲ့ တယ်။

ကမ္ဘာ့သာယာမှုကိုဖျက်ဆီးသည့်ပထမအချက်(လူတန်းစားခွဲခြားမှု)
*******************************************************************
ကမ္ဘာ့သာယာမှုကို ဖျက်ဆီးရာတွင် လူတန်းစား ခွဲခြားမှုသည် ပထမအချက်ဖြစ်တယ်။
တမန်တော်သည်လူတန်းစားခွဲခြားမှုကို စက်ဆုပ် ရွံရှာသည့်အတွက် အတိအလင်း မိန့်တော်မူခဲ့တယ်။
“အို-လူသားတို့၊ အသင်တို့၏ အရှင်သည် တစ်ပါးတည်း၊ အသင်တို့၏ ဖခင်သည် တစ်ဦး တည်း၊ အရဗ်လူမျိုး သည် အခြားလူမျိုးထက်မသာ၊ အခြားလူမျိုးသည်လည်း အရဗ်လူမျိုးထက်မသာ၊ အနီသည် အနက် ထက်မ သာ၊အနက်သည် အနီထက်မသာ၊ အသင်တို့သည် အာဒမ် သခင်၏ သားသမီးများဖြစ်ကြသည်၊ အာဒမ်သခင်ကို အရှင်သည် မြေနှင့် ဖန်ဆင်းထားတော်မူသည်”

ကမ္ဘာ့သာယာမှုကိုဖျက်ဆီးသည့်ဒုတိယအချက်(ဘာသာရေးအယူသီးမှု)
***********************************************************************
ကမ္ဘာ့သာယာမှုကို ဖျက်ဆီးရာတွင် ဘာသာရေးအယူသီးမှုသည် ဒုတိယအချက်ဖြစ်တယ်။ဒါကြောင့် တမန်တော် မိန့်တော်မူခဲ့တယ်။
“အသင်တို့ဘာသာရေးအယူသီးမှုကိုသတိကြီးစွာဖြင့်ရှောင်ရှားကြလော့၊
ဘာသာရေး အယူသီးမှုသည် ရှေးလူဟောင်းများကို ဖျက်ဆီးခဲ့ဖူးသည်”
နောက်ဆုံး တမန်တော်မုဟမ္မဒ်သခင်သည် မိမိဂုဏ်ပုဒ်နှင့်အညီ ကမ္ဘာ့လူထုကြီးအား ဤသို့မှာကြားခဲ့တယ်။
“အိုကမ္ဘာသူ၊ကမ္ဘာသားအပေါင်းတို့၊ အသင်တို့သည်တစ်ဦးနှင့်တစ်ဦး အဆက်မဖြတ်ကြနှင့်၊ တစ်ဦးနှင့်တစ်ဦး နောက်ကွယ် မပြောကြနှင့်၊ မမုန်းတီးကြနှင့်။ မနာလို ၀န်တိုသော စိတ်လည်း မထားကြနှင့်၊ အသင်တို့သည် ညီရင်းအစ်ကိုပမာ ချစ်ခင်ရင်းနှီးစွာပေါင်းသင်းဆက်ဆံနေထိုင်ကြ”

သောတရှင်အပေါင်းတို့ခင်ဗျား ၊ကြားနာတော်မူကြတဲ့အတိုင်း-
(၁) ကမ္ဘာကြီးဟာ အိမ်ထောင်စုကြီးတစ်ခုဖြစ်ပါတယ်။
(၂) ကမ္ဘာ့သာယာမှုသည် လူတိုင်းလူတိုင်း၏တာဝန်ဖြစ်ပါတယ်။
(၃) အမျိုးသမီးများအား အခွင့်အရေး အပြည့်အ၀ပေးကြပါ။
(၄) အိမ်နီးချင်းများကို ဒုက္ခမပေးကြပါနှင့်။
(၅) ဆင်းရဲသားများကို မစော်ကားကြပါနှင့်။
(၆) တိရစ္ဆာန်များကို မနှိပ်စက်ကြပါနှင့်။
(၇) တရားသဖြင့်စီးပွားရှာကြပါ။
(၈) ပညာကို ဆည်းပူးကြပါ။
(၉) ယဉ်ကျေးမှုကို အမြဲသတိပြုကြပါ။
(၁၀) လူတန်းစားမခွဲခြားကြပါနှင့်။
(၁၁) ဘာသာရေး အယူမသီးကြပါနှင့်။
(၁၂) ညီရင်းအစ်ကိုပမာ ချစ်ချစ်ခင်ခင်ကြင်ကြင်နာနာ
ရင်းရင်းနှီးနှီးပေါင်းသင်း ဆက်ဆံ နေထိုင်ကြပါ။

သောတရှင်အပေါင်းတို့ခင်ဗျား . . .
- ဒါ တမန်တော် မုဟမ္မဒ်သခင်ရဲ့ ကမ္ဘာအေးတရားပါပဲ။
- ကမ္ဘာအေးတရားကို လက်တွေ့ ကျင့်သုံးလျှင် ဒို့ကမ္ဘာ အေးချမ်းမှာ သေချာတယ်။
- ဘေးဘယာ ဝေးကွာ၍ ဒို့ကမ္ဘာအေးချမ်းသာယာပါစေသတည်း။
- တမန်တော် မုဟမ္မဒ်သခင်အပေါ် ကောင်းချီးမင်္ဂလာအဖြာဖြာ
သက်ရောက်ပါစေသတည်း။

( ဃာဇီ မုဟမ္မဒ် ဟာရှင်မ် ) '' ကုရ်အာန် နှင့် စွန္နဟ်, ဆောင်းပါး.''
C r e d i t t o : မို ဟ် စ င်
_______________________________________________
m y O e w y n n _ 2 9 . 0 7 . 2 0 1 4