Home

Thursday, July 31, 2014

နိုင်ငံရေးဆိုတာ

နိုင်ငံရေးဆိုတာ နိုင်ငံအတွင်းမှာရှိတဲ့ လူတွေရဲ့အရေးကိစ္စပါ။
လူဆိုတာ အသက်ရှင်နေသမျှ ကာလပတ်လုံး လူတွေရဲ့အရေးကိစ္စအထွေထွေကို
သိသင့်သိထိုက်သလို ဆည်းပူးလေ့လာသင့်တယ်။
လူဖြစ်နေပါလျှက် လူတွေရဲ့အရေးကိစ္စတွေကို စိတ်မ၀င်စား လစ်လျူရှုနေမယ်ဆိုရင်
လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ တာဝန်ဝတ္တရားတွေ ပျက်ကွက်တာပဲဖြစ်တယ်။
အရစ္စတိုတယ်ကတော့ လူဆိုတာ နိုင်ငံရေးသတ္တ၀ါလို့ ဆိုပါတယ်။
ဗိုလ်ချုပ်အောင်ဆန်းကတော့ နိုင်ငံရေးနဲ့ ပတ်သက်ပြီး

''နိုင်ငံရေးဆိုတာ ကျွန်ုပ်တို့ နေ့စဉ်နဲ့အမျှ လူ့လောကမှာ တွေ့ကြုံနေကြတဲ့ကိစ္စဖြစ်တယ်။
တနည်းအားဖြင့်ဆိုရင် နိုင်ငံရေးဆိုတာ လူ့ကိစ္စလို့ဆိုရမှာဖြစ်တယ်။ ကျွန်ုပ်တို့ရဲ့ စားမှု၊ သောက်မှု၊
နေမှု၊ ထိုင်မှု၊ သွားမှု၊ လာမှု အစုစုဟာ နိုင်ငံရေးပဲဖြစ်တယ်'' လို့ မိန့်ခဲ့ပါတယ်။
နိုင်ငံရေးဆိုတာ လူတိုင်းလူတိုင်းက ကိုယ့်အခွင့်အရေးကို ကိုယ် ပြည့်ပြည့်၀၀ရယူလိုခြင်းပဲဖြစ်တယ်။
နိုင်ငံရေးဆိုတာ လူတိုင်းလူတိုင်းက လွတ်လပ်မှုနဲ့ တရားမျှတမှုကို တန်းတူရယူလိုခြင်းပဲဖြစ်တယ်။
နိုင်ငံရေးအလုပ်ဆိုတာ လူတွေရဲ့အရေးဖြစ်တာကြောင့် မွန်မြတ်တဲ့အလုပ်၊ မြင့်မြတ်တဲ့အလုပ်ဖြစ်တယ်။
လူတွေရဲ့ ကိုယ်စိတ်နှစ်ပါးနဲ့ စားဝတ်နေရေးအကျိုးဆောင်ပေးရတဲ့ နှောင်ကျိုးမဲ့ ပရဟိတအလုပ်ဖြစ်လို့
မွန်မြတ်တဲ့အလုပ်၊ မြင့်မြတ်တဲ့အလုပ်ဖြစ်တယ်။
မြင့်မြတ်တဲ့အလုပ်ဆိုတော့ နိုင်ငံရေးလုပ်မယ့်သူတွေ၊ တိုင်းပြည်ခေါင်းဆောင်လုပ်မယ့်သူတွေအနေနဲ့ မြင့်မြတ်တဲ့ စိတ်ဓာတ်ရှိသူတွေဖြစ်မှ မြင့်မြတ်တဲ့အလုပ်ဖြစ်လာနိုင်မယ်။
မြင့်မြတ်တဲ့စိတ်ဓာတ်ရှိသူတွေလုပ်မှလည်း လူတွေရဲ့ ဒီမိုကရေစီအခွင့်အရေး အပြည့်အ၀ရမယ်။ လွတ်လပ်မှုနဲ့ တန်းတူညီမျှမှုရှိမယ်။ လူတွေလည်း စိတ်ချမ်းသာ ကိုယ်ချမ်းသာဖြစ်မယ်။ တိုင်းပြည်လည်း တည်ငြိမ်
တိုးတက် တည်တံ့မယ်။
မြင့်မြတ်တဲ့စိတ်ဓာတ်မရှိတဲ့ အတ္တသမားတွေ၊ ကိုယ်ကျိုးရှာသမားတွေ၊ အာဏာကိုဖက်တွယ်ထားလိုသူတွေက
နိုင်ငံရေးဝင်လုပ်နေကြရင်၊ တိုင်းပြည်ခေါင်းဆောင်လုပ်နေကြရင် နိုင်ငံရေးအလုပ်က လူရွံစရာဖြစ်မယ်။ လူတွေလည်း ကိုယ်စိတ်နှလုံး စိတ်ဆင်းရဲရမယ်။ လူတွေရဲ့ဘ၀တွေလည်း လူမှုအဆင့်အတန်းနိမ့်ကျမယ်။ ဒီထက်ဆိုးဝါးတာကတော့ တိုင်းပြည်နစ်နာပြီး တည်ငြိမ် တိုးတက်မှုမရှိဘဲ ကမ္ဘာ့အလယ်မှာ မျက်နှာငယ် ရမှာဖြစ်ပါတယ်။
ဒါကြောင့်နိုင်ငံသားတိုင်းက နိုင်ငံရေးကို မိမိနဲ့မဆိုင်သလို ခပ်ကင်းကင်းမနေဘဲ၊ အာဏာရှင်စနစ်ဆိုးကြောင့် ပျက်ဆီး ယိုယွင်း ၀ါဒမှိုင်းမိခဲ့တဲ့ အတွေးအခေါ် အယူအဆ သဘောထားတွေကိုပြုပြင်ပြီး၊ ဒီမိုကရေစီနဲ့သက်ဆိုင်တဲ့ အသိပညာနဲ့ အလေ့အထတွေကို သိရှိနားလည်အောင် ကျင့်ကြံ အားထုတ်ရင်း၊
ဒီမိုကရေစီနိုင်ငံသားစိတ်ဓာတ်မွေးမြူကာ ဒီမိုကရေစီနဲ့ ထိုက်တန်သူများပီပီ ဒီမိုကရေစီအခွင့်အရေး အပြည့်အ၀ ရရှိရေးအတွက် မိမိတို့ရဲ့ နိုင်ငံနဲ့လူထုအကျိုးကို အမှန်တကယ် သယ်ပိုးမယ့် မြင့်မြတ်တဲ့စိတ်ဓာတ်ရှိသူတွေကိုသာ ရွေးချယ်ကြစေလိုကြောင်း အကြံပြုတိုက်တွန်းလိုက်ရပါတယ်။