Home

Tuesday, July 22, 2014

သွေးမကွဲနဲ့ အမြဲစည်းလုံးကြစို့။

ကျုပ်တို့တိုင်းပြည်မှာ ခေတ်အဆက် အရေးတော်ပုံတိုင်းမှာ ရဟန်းသံဃာ၊ပြည်သူလူထု၊ ကျောင်းသား၊တိုင်းရင်းသားများနဲ့ လူမျိုးစုံ ဘာသာစုံနိုင်ငံသား အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ပူးပေါင်းလက်တွဲ တော်လှန်ခဲ့ကြလို့လည်း အောင်မြင်ခဲ့တယ်ဆိုတာ သမိုင်းကသက်သေခံလျှက်ရှိပါတယ်။ ကျုပ်တို့ခေတ်ရောက်လာတော့လည်း ၈၈ အရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေး ဧရာဝတီမြစ်ဆုံ စီမံကိန်းဆန့်ကျင်ရေးစတဲ့ အရေးတော်ပုံတွေကလည်း သက်သေပါ။


အဲဒီလို စုစည်းညီညွတ်တဲ့ အင်အားတွေဖြစ်တဲ့ ရဟန်းသံဃာ၊ ပြည်သူလူထု၊ ကျောင်းသား၊ တိုင်းရင်းသားများ၊လူမျိုးစုံ ဘာသာစုံနိုင်ငံသားနဲ့ ဒီမိုကရက်တစ်အင်အားစုတွေကို အာဏာရှင်တို့ဖြိုခွင်းနိုင်မှု မရှိလို့လည်းဘဲ မျှတမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ ဒီမိုကရေစီစနစ်ကို မဖြစ်မနေပြောင်းလဲ ခွင့်ပြုလိုက်ရတာ ဖြစ်ပါတယ်။ အဲဒီစုစည်းညီညွတ်တဲ့ အင်အားတွေကိုဖြိုခွဲဖျက်ဆီးဖို့ အာဏာရှင်တို့ နည်းမျိုးစုံသုံးခဲ့ပေမယ့် အောင်မြင်မှုမရတဲ့အဆုံး လက်လျှော့ လိုက်ရတာဖြစ်တယ်။


လက်လွှတ်လိုက်ခြင်းတော့မဟုတ်ပါ။ရှေ့တစ်လှမ်းတိုးဖို့ နောက်တစ်လှမ်းဆုတ်လိုက်ခြင်းသာဖြစ်ပါတယ်။ လူထုကိုနှစ်သိမ့်လိုက်ခြင်းသာဖြစ်ပါတယ်။ အာဏာရှင်တို့ဟာ အာဏာကို ဘယ်တော့မှ လွယ်လွယ်ကူကူ စွန့်လွှတ်ရိုး ထုံးစံမရှိဘူးဆိုတာ ကမ္ဘာတစ်ဝှမ်းက အာဏာရှင်တို့ရဲ့လုပ်ရပ်တွေကိုကြည့်ရင်မြင်နိုင်ပါတယ်။

ယခုအခါ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေ၊ ပဋိပက္ခတွေဖြစ်နေတာ၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ ငြိမ်းချမ်းရေးကြန့်ကြာနေတာ၊ နိုင်ငံသားအချင်းချင်း အမုန်းမီး အာဃာတမီးတွေပွားနေတာ နိုင်ငံရေးအမြတ်ထုတ်နေခြင်းသာဖြစ်တယ်။ နိုင်ငံရေးလှည့်ကွက်တစ်ခုသာဖြစ်တယ်။ လူထုအချင်းချင်း သွေးခွဲတာသာဖြစ်တယ်။ လူထုနဲ့ ရဟန်းသံဃာများကို သွေးခွဲတာသာဖြစ်တယ်။


လူထုနဲ့ဒေါ်စုကိုသွေးခွဲနေတာသာဖြစ်တယ်။လူထုနဲ့ ဒီမိုကရက်တစ်အင်အားစုတွေကို သွေးခွဲနေတာသာဖြစ်တယ်။ ရဟန်းသံဃာ အချင်းချင်း သွေးခွဲနေတာသာဖြစ်တယ်။ ရဟန်းသံဃာတွေနဲ့ ဒေါ်စုကို သွေးခွဲနေတာသာဖြစ်တယ်။ ရဟန်းသံဃာတွေနဲ့ ဒီမိုကရက်တစ်အင်အားစုတွေကို သွေးခွဲတာသာဖြစ်တယ်။ တိုင်းရင်းသားပါတီတွေနဲ့ NLD ကိုသွေးခွဲနေတာသာဖြစ်တယ်။ စည်းလုံးမှု၊ ညီညွတ်မှုကို ဖြိုခွင်းနေခြင်းသာဖြစ်တယ်။ စည်းလုံးညီညွတ်မှုပြိုကွဲမှ ၄င်းတို့ဆင်ထားသော ထောင်ချောက်ထဲဝင်အောင် ဖန်တီးနေခြင်းသာဖြစ်တယ်။ စည်းလုံးမှု၊ ညီညွတ်မှုကို ဖြိုခွင်းဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်းကတော့ လူမျိုးရေး ဘာသာရေးမှိုင်းတိုက်ခြင်းပါပဲ။ လူမျိုးရေး ဘာသာရေး ဆိုတာ အလွန်ထိလွယ်ရှလွယ်ဖြစ်တာမို့ ဒီနည်းကိုရွေးချယ်လိုက်တာသာဖြစ်တယ်။ ပါလီမန်ဒီမိုကရေစီခေတ်ကလည်း ဘာသာရေးအခြေခံ အကွဲအပြဲတွေဖြစ်ပြီး ဒီမိုကရေစီဆုံးရှုံးခဲ့ရဘူးတဲ့ သမိုင်းတွေ ကျုပ်တို့တိုင်းပြည်မှာရှိခဲ့ဖူးပါတယ်။


နောက်ကြောင်းပြန်လှည့်လိုသူတွေ၊ ခရိုနီတွေ၊ အာဏာရှင်ဒေါက်တိုင်တွေနဲ့ အာဏာကို လက်မလွှတ်ချင်သူတွေရဲ့အကြံအစည်တွေပါ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို နှောင့်နှေးစေမယ့် အစီအစဉ်တွေပါ။ ၂၀၁၅ မတိုင်မီ ဒေါ်စုနဲ့ ပြည်သူလူထု သွေးကွဲမှဒေါ်စုကိုနိုင်ငံရေးသေအောင်

လုပ်နိုင်မှာဖြစ်တယ်လို့ယူဆပြီး ရွှေ့နေတဲ့အကွက်တွေပါ။၂၀၁၅ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို ပြည်သူအကြည်ညိုပျက်အောင်၊ပြည်သူ့ထောက်ခံမှုမရအောင် နိုင်ငံရေး သေအောင်လုပ်ဖို့ စီမံကိန်းတွေအများကြီးချထားတယ်ဆိုတာကျွန်တော်တို့မြင်အောင်ကြည့်တတ်ကြဖို့လိုပါတယ်။ 

အကယ်၍ ၂၀၁၅ မှာ ရွေးကောက်ပွဲဖြစ်ရင်လည်း ဒေါ်စုကို လူထုထောက်ခံမှုနည်းပြီး ဒေါ်စုအာဏာ မရအောင် ဖန်တီးနေခြင်းသာဖြစ်ပါတယ်။ဒေါ်စုအာဏာ မရမှာသာ အာဏာရှင်တို့ ခေတ်အဆက်ဆက် ရှုပ်ခဲ့သော အရှုပ်များကို ဖုံးကွယ်နိုင်မှာဖြစ်ပါတယ်။ ပွင့်လင်းမြင်သာမှုမရှိသော၊ မိမိတို့ကိုယ်ကျိုးအတွက်သာ

ပြုလုပ်ခဲ့သော တရုပ်နဲ့ စီမံကိန်းတွေကို ဆက်လက်လုပ်နိုင်မှာဖြစ်ပါတယ်။ နိုင်ငံတကာက စိတ်ဝင်စား မျက်စေ့ကျနေတဲ့ ရခိုင်ပြည်နယ်က ဓာတ်ငွေ့သိုက်နဲ့ အိန္ဒိယသမုဒ္ဒရာသို့ထွက်ပေါက် ကျောက်ဖြူဆိပ်ကမ်း စီမံကိန်းတွေ၊ ဧရာဝတီမြစ်ဆုံစီမံကိန်းတွေကိုလည်း ဆက်လက်လုပ်ကိုင်နိုင်မှာဖြစ်ပါတယ်။


ဒါကြောင့် ရဟန်းသံဃာ၊ ပြည်သူလူထု၊ ကျောင်းသား၊ တိုင်းရင်းသား၊ လူမျိုးစုံ ဘာသာစုံ နိုင်ငံသားများနဲ့ ဒီမိုကရက်တစ်အင်အားစုများ အနေနဲ့ ကျုပ်တို့တိုင်းပြည်ရဲ့အဓိကရန်သူကိုမြင်အောင်ကြည့်ပြီးတွန်းလှန်ကြရင်း စစ်မှန်တဲ့ဒီမိုကရေစီစနစ်ဆီပြောင်းလဲဖို့ ကြိုးပမ်းနေတဲ့ ပန်းတိုင်မပျောက်ရအောင် စည်းလုံးညီညွတ်စွာ အတူတကွပူးပေါင်း ကြိုးပမ်းကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။