Home

Saturday, July 19, 2014

တောကြောင်တို့ လက်ခမောင်းခတ်ဖို့အတွက်

သန်းခေါင်စာရင်း ဥပဒေမှာ ဘယ်သူပဲဖြစ်ဖြစ်၊ မိမိလူမျိုးကို မိမိသဘောဆန္ဒအရ ရေးသွင်းခွင့် ရှိပါတယ်။ UNFPA ကလည်း တရားဝင်ကြေညာထားပြီးဖြစ်ပါတယ်။
ဒါကို အ၀ကျွန်းသားရခိုင်(အစွန်းရောက်ဝါဒီ)တွေက ကန့်ကွက်ဆန္ဒပြတယ်ဆိုတော့ ဥပဒေကို နားမလည်တာလား။ လူ့အခွင့်အရေး ချိုးဖောက်တာလား၊ လူမျိုးတစ်မျိုးရဲ့ ဂုဏ်သိက္ခာကို အသိအမှတ်မပြုတာလား။ ပြည်နယ်အစိုးရက ထိထိရောက်ရောက် မတားမြစ်နိုင်ခြင်းကလည်းဥပဒေစိုးမိုးမှုမရှိတာလား၊ အလိုတူအလိုပါလား၊



ကန့်ကွက်ဆန္ဒပြတော့လည်း ကန့်ကွက်ဆန္ဒပြသူတွေဟာ အ၀ကျွန်းသားရခိုင် (အစွန်းရောက်ဝါဒီ)တွေ ဆိုတော့ ရခိုင်ကိုယ်စားပြုအလံထောင်ပေါ့ဗျာ။ မြန်မာနိုင်ငံရဲ့အဓိကဘာသာတရားတစ်ခုရဲ့အထွတ် အမြတ်ထားတဲ့ သာသနာ့အလံကို အသုံးချတယ်။ ဒါဟာ ဘာသာ သာသနာကို ခုတုံးလုပ်အသုံးချတာ ဖြစ်တယ်။ ဘာသာ သာသနာကို စော်ကားတာဖြစ်တယ်။ ဗုဒ္ဓဘာသာကို အမြင်စောင်းအောင် ကြံစည်ခြင်း ဖြစ်တယ်။ ဗုဒ္ဓဘာသာရဲ့ ပုံရိပ်ကို ညစ်နွမ်းအောင်ပြုလုပ်တာဖြစ်တယ်။
ဗုဒ္ဓဘာသာဝင် မြန်မာတစ်မျိုးသားလုံးကို အ၀ကျွန်းသားရခိုင်(အစွန်းရောက်ဝါဒီ)တွေနဲ့ တစ်တန်း တစ်စားတည်းအဖြစ် ကမ္ဘာ့အလည် မျက်နှာပျက်အောင် ဖန်တီးတာဖြစ်တယ်။ လူမျိုးရေးကို
ဘာသာရေးအသွင်ဆောင်အောင် ဖန်တီးတာဖြစ်တယ်။ ဗုဒ္ဓဘာသာနဲ့ အခြားဘာသာတစ်ခုကို ပဋိပက္ခဖြစ်အောင်သွေးထိုးလှုံ့ဆော်ပြီး တစ်နိုင်ငံလုံးမှာရှိနေတဲ့ ဘာသာဝင်တွေကြား အမုန်းမီး၊ အာဃာတမီးတွေပြန့်နှံ့ပြီး တစ်နိုင်ငံလုံးပါဝင်လာအောင်၊ ဖန်တီးတာဖြစ်တယ်။

သန်းခေါင်စာရင်းမှာ လူမျိုးတစ်မျိုးက သူ့လူမျိုးအမည်ကို သူ့သဘောဆန္ဒနဲ့အညီ ရေးသွင်းတာ အကြောင်းပြပြီး တိုင်းပြည်ရဲ့တည်ငြိမ်မှုပျက်ပြားအောင်ဖန်တီးတာသာဖြစ်တယ်။
တိုင်းပြည်တည်ငြိမ်မှုပျက်ပြားတာကို အခွင့်ကောင်းယူပြီး အဖနိုင်ငံတော်ခွဲထွက် ထူထောင်လိုသူ ရခိုင်အစွန်းရောက်ဝါဒီတွေ၊ ရခိုင်နိုင်ငံရေး ခေါင်းဆောင်တွေ၊ ပါတီအဖွဲ့အစည်းတွေက နိုင်ငံရေး အမြတ်ထုတ်လိုသူတွေနဲ့ ပြဿနာတွေရဲ့လက်သည်တရားခံ နောက်ကွယ်ကလှုံ့ဆော်နေတဲ့
အာဏာရှင်ဒေါက်တိုင် အဖွဲ့အစည်းတွေ၊ စွမ်းအားရှင်တွေနဲ့ အာဏာကိုမတရားတဲ့ နည်းနဲ့ ပြန်လည် ချုပ်ကိုင်ဖို့လှုပ်ရှားနေတဲ့ အုပ်စုတွေရဲ့ပူးပေါင်းကြံစည်ခြင်းသာဖြစ်ပါတယ်။

ဒါကို ကျွန်ုပ်တို့က မသိဟန်ဆောင် ၊ နှုတ်ဆိတ်နေကြမယ်ဆိုရင် အကြမ်းဖက်မှုတွေကို အားပေး အားမြှောက်ပြုသူတွေအဖြစ် သမိုင်းတရားခံဖြစ်ရပါလိမ့်မယ်။

ဒီနေ့ထိ ဖြစ်ပျက်ပြီးသမျှတွေ၊ ဖြစ်နေသမျှတွေမှာ ဘယ်လူမျိုး ဘယ်ဘာသာဝင် ဘယ်နိုင်ငံသားမှ အကျိုးမရှိတဲ့အပြင် ဆင်းရဲတွင်းနက်သထက်နက်ခါ တိုင်းပြည်တွင်းက သယံဇာတတွေက
တောကြောင်တို့ လက်ခမောင်းခတ်ဖို့အတွက် ဖြစ်ကုန်ကြပါပြီ။ ဒီအချိန်မှာ ကျွန်ုပ်တို့နိုင်ငံသား အားလုံးက စည်းလုံးညီညွတ်မှုအင်အားနဲ့ ပူးပေါင်းပါဝင် တားဆီးမှသာ ကျွန်ုပ်တို့ရဲ့ ရည်မှန်းချက် ပန်းတိုင်ဖြစ်တဲ့ အာဏာရှင်စနစ် ကင်းစင်ပြီး တည်ငြိမ် တည်တံ့တဲ့ ဒီမိုကရေစီလူ့ဘောင်ကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။
_____________________________________
m y O e w y n n _ 28.03.2014