Home

Monday, July 21, 2014

ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းကြဖို့ဆိုရင်။

မိမိ ဘာလူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဒီနိုင်ငံမှာ မွေးဖွားကြီးပြင်းတဲ့ နိုင်ငံသားမှန်ရင်နိုင်ငံချစ်စိတ်၊ နိုင်ငံတိုးတက်လိုစိတ်ကို ရှေ့တန်းတင်စဉ်းစားပြီး နိုင်ငံအရေးဟာ မိမိအရေးပဲဆိုတဲ့အသိနဲ့ နိုင်ငံတွင်းမှာဖြစ်နေတဲ့ မတရားမှုတွေ၊ အကြမ်းဖက်မှုတွေ၊ သွေးခွဲဝါဒဖြန့်မှုတွေကိုလူမျိုးစွဲ၊ ဘာသာစွဲ၊ ဒေသစွဲ၊ ပါတီစွဲ၊ အုပ်စုစွဲ၊ အသွေးအရောင်စွဲစတဲ့ အတ္တတွေ ခ၀ါချပြီး မိမိတို့ရဲ့ဘုံရန်သူ အာဏာရှင် စနစ်ဆိုးကို တွန်းလှန်ဖြိုခွင်းရမှာဖြစ်တယ်။

မိမိတို့ရဲ့ ရည်မှန်းချက်ပန်းတိုင် မပျောက်ပျက်အောင် ဖြတ်သန်း ကျော်လွှားခဲ့ကြတဲ့ အရေးတော်ပုံတိုင်းက စိတ်ဓာတ်တွေအတိုင်း စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်နဲ့
မတူကွဲပြားမှုတွေကို ငြင်းခုံ သွေးကွဲ မနေကြဘဲ ပူးပေါင်းလုပ်ဆောင်မှာသာ အာဏာရှင်စနစ်ဆိုးကို အမြစ်ဖြုတ်နိုင်မှာဖြစ်တယ်။

မိမိတို့ကိုယ်တိုင်က ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးဆိုတဲ့ ရည်မှန်းချက် မထားဘဲနဲ့ မတူကွဲပြားတဲ့ လူ့အဖွဲ့အစည်းအချင်းချင်း သင့်သင့်မြတ်မြတ် အေးအေးချမ်းချမ်းနေဖို့ ဖြစ်လာနိုင်မှာ မဟုတ်သလို ဒီမိုကရေစီစနစ်ကိုလည်း ဖော်ဆောင်နိုင်မှာ မဟုတ်ပါဘူး။ ဒီမိုကရေစီရဲ့အနှစ်သာရကိုက မတူကွဲပြားမှုကို လက်ခံယုံကြည်ရမှာဖြစ်လို့ပါပဲ။

နိုင်ငံသားအချင်းချင်း လူမျိုးမတူတာ၊ ကိုးကွယ်ယုံကြည်မှုမတူတာ၊ အတွေးအခေါ် အယူအဆ မတူတာ၊ ဓလေ့စရိုက်မတူတာတွေဆိုတာ နိုင်ငံတိုင်းမှာ ကမ္ဘာတစ်ဝှမ်း မှာ ရှိကြပါတယ်။ အဲဒီမတူညီမှုတွေကို နားလည်ခွင့်လွှတ်ပေးပြီး လူသားတွေချင်း အတူတူပဲဆိုတဲ့ အသိအမြင်နဲ့ လူအချင်းချင်း ငဲ့ညှာ ထောက်ထားရမယ်။ လူတိုင်းက ကိုယ့်အကြိုက်၊ ကိုယ်ယုံကြည်ရာကို လုပ်ပိုင်ခွင့်ရှိတယ်လို့ခံယူပြီး လူအချင်းချင်း လေးစားတန်ဖိုးထားမှသာ လူ့ဘောင်လောက ထိခိုက် ပျက်ဆီးခြင်းမှ ရှောင်ကျဉ်နိုင်မှာဖြစ်ပါတယ်။

ယခု ဖြစ်ပျက်ကြုံတွေ့နေတာတွေနဲ့ ပတ်သက်ပြီး ရှင်းရှင်းလင်းလင်းအဖြေကို မြင်တွေ့နေကြရပြီဖြစ်သလို ဒီမိုကရေစီစနစ် အောင်မြင်ဖို့ဆိုတာ တိုင်းပြည်နဲ့ လူထုအပေါ် စိတ်ကောင်းစေတနာရှိတဲ့၊ တိုင်းပြည်နဲ့ လူထုအကျိုးကို ဦးထိပ်ထားတဲ့၊ လူထုကလည်းလေးစား ယုံကြည်ပြီး တိုင်းပြည်နဲ့လူထုကို ရှေ့ဆောင်လမ်းညွှန်နိုင်
တဲ့၊ အောက်လမ်းနည်း မသမာတဲ့ နည်းလမ်းတွေမသုံးဘဲ ဖြောင့်မတ်မှန်ကန်စွာ
စည်းရုံးနိုင်မှုရှိတဲ့၊ ဒီမိုကရေစီ အခြေခံသဘောတရားတွေကို လက်ခံယုံကြည်
တန်ဖိုးထားတဲ့ စစ်မှန်တဲ့လူထုခေါင်းဆောင်ရဲ့ ခေါင်းဆောင်မှုကို ၀ိုင်းဝန်း ၀န်းရံ ပူးပေါင်းကြရင်း မိမိတို့ မျှော်လင့်တဲ့ ဒီမိုကရေစီပန်းတိုင်ကို အရောက်လှမ်းကြပါစို့လို့ တိုက်တွန်းချင်ပါတယ်။
mmw.rasu_15.02.2014