ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့ လွှတ်တော် မဖြစ်နိုင်တော့ပါ။
ဒီမိုကရေစီကျင့်သုံးတဲ့နိုင်ငံဆိုတာ လူထုကိုကိုယ်စားပြုတဲ့လွှတ်တော်ရှိရမှာဖြစ်သလို လွှတ်တော်ဆိုတာ လူထုရဲ့ဆန္ဒအမှန်ကို ဖော်ထုတ်ပေးရမယ့်နေရာဖြစ်တယ်။ နိုင်ငံရေးပါတီတွေကိုလည်း ကိုယ်စားပြုရမှာဖြစ်တယ်။ နိုင်ငံရေးပါတီတွေရှိလို့ လွှတ်တော်ရှိတာဖြစ်တယ်။ လွှတ်တော်ဟာ နိုင်ငံရေးပါတီတွေနဲ့ ကင်းလို့မရပါ။
နိုင်ငံရေးပါတီဆိုတာလည်း လူထုနဲ့ကင်းလို့မရပါ။ နိုင်ငံရေးပါတီတွေက မိမိတို့ပါတီ အနိုင်ရရင် ဘာလုပ်ပေးနိုင်တယ်ဆိုပြီး လူထုကိုကတိ အမျိုးမျိုးပေးထားတဲ့အတွက် လူထုကနိုင်ငံရေးပါတီတွေကပုဂ္ဂိုလ်တွေကို မိမိတို့ကိုယ်စားယုံကြည်ပြီး ရွေးချယ်ခဲ့လို့ လူထုကို ကိုယ်စားပြုတဲ့ လွှတ်တော် ကိုယ်စားလှယ်တွေအဖြစ် လွှတ်တော်ထဲ ရောက်လာတာ ဖြစ်တယ်လွှတ်တော် ကိုယ်စားလှယ်ဆိုတာ လူထုကိုကိုယ်စားပြုပြီး လူထုရဲ့ကိုယ်စား လွှတ်တော်မှာ လူထုရဲ့ဆန္ဒအတိုင်း၊ လူထုဖြစ်စေချင်တဲ့အတိုင်း အကျိုးဆောင် ပေးရမှာဖြစ်တယ်။ လူထုစိတ်ကျေနပ်အောင်စွမ်းဆောင်ပေးနိုင်တဲ့ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်ရမယ်။ ဒါကြောင့် လွှတ်တော်ဟာ နိုင်ငံရေးပါတီတွေနဲ့ ကင်းလို့မရသလို နိုင်ငံရေးပါတီတွေ ဟာလည်းလူထုနဲ့ကင်းလို့မရတာဖြစ်တယ်။
လူထုရဲ့အသံဟာ နိုင်ငံရေးပါတီတွေရဲ့အသံဖြစ်ရမှာဖြစ်သလို နိုင်ငံရေးပါတီတွေရဲ့ အသံကလည်း လွှတ်တော်ရဲ့အသံပဲဖြစ်ရမယ်။ လက်တွေ့အခြေအနေမှာတော့ နိုင်ငံရေးပါတီတွေနဲ့ လွှတ်တော်ဟာ လူထုအတွက်ဖြစ်မလာတော့ဘဲ၊ လူထုရဲ့အသံကို လစ်လျူရှုလျက် လူထုဆန္ဒကိုအကောင်အထည်ဖော်ဖို့ မကြိုးစားတော့ဘဲ၊ မိမိတို့ပါတီ အာဏာရရှိရေးအတွက်သာ ကြိုးပမ်းနေကြခြင်းဟာ လူထုကို ကိုယ်စားပြုတဲ့ ကိုယ်စားလှယ်တွေအနေနဲ့ လူထုကိုပေးထားတဲ့ ကတိဖျက်ရုံသာမက လွှတ်တော် ကိုယ်စားလှယ်တို့ရဲ့လူထု အကျိုးဆောင်ပေးရမယ့် တာဝန်မကျေကြသလို လွှတ်တော်ဟာလည်း လူထုကို ကိုယ်စားပြုတဲ့ လွှတ်တော်မပီသတဲ့အတွက် ဒီမိုကရေစီစနစ်နဲ့ကိုက်ညီတဲ့ လွှတ်တော်မဖြစ်နိုင်တော့ပါ။
_____________________________________________
m y O e w y n n _ 2 5 . 7 . 2 0 1 4