Home

Saturday, July 19, 2014

ဆရာကြီးဦးရာဇတ်ခေတ်နဲ့မတူတော့ပါ

လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူအင်အားဦးစီးဌာန (၁၅၃၄ ပြည်သူ့အင်အားဦးစီးဌာန၊ ၉။၁၂.၁၉၇၂၊ တာဝတိံသာ)က ထုတ်ဝေခဲ့တဲ့အတိုင်းပဲ၊ ဆရာကြီးဦးရာဇတ်အနေနဲ့ ပသီအမျိုးသားများကို မြန်မာတိုင်းရင်းသား လူမျိုးတစ်မျိုးအဖြစ် ခံယူချက်ရှိပါတယ်။ ဒါပေမယ့် ဆရာကြီးဦးရာဇတ်က '' မိမိတို့ဟာ လူနည်းစု အခွင့်အရေးမယူဘဲ၊ လူများစုအနေနဲ့ နေသွားရင် တိုင်းပြည်အတွက် ပိုလို့အကျိုးရှိမယ်'' ဆိုတဲ့ ခံယူချက်နဲ့ လူများစု ဗမာလူမျိုးဘက်က မဲထည့်ခဲ့ပါတယ်။

အဲဒီအချိန် ဆရာကြီးဦးရာဇတ်ရဲ့ အပြုအမူကို တစ်ချို့တစ်ချို့သော ပသီလူမျိုးစု (ဗမာမွတ်စ်လင်မ်)တွေဟာ ဆရာကြီးကို လူနည်းစု၊လူများစုပြဿနာပေါ်နေချိန်မှာ'' လူများစု ဗမာလူမျိုးဘက်က မဲထည့်ခဲ့ရသလား '' ဆိုပြီး 
အပြစ်ပြောခဲ့တာတွေလဲရှိပါတယ်။ နယ်ချဲ့သမားတို့ရဲ့ထွက်ကန်ကန်ပြီး သွေးခွဲခဲ့မယ့် မဟာလုပ်ရပ်ကြီး ကြောင့် တိုင်းပြည်ကြီး ကွဲသွားမယ့်အရေး မလိုလားတဲ့အတွက် ဘယ်ဘာသာ ကိုးကွယ် ကိုးကွယ်၊ ဗမာဟာ ဗမာပဲလို့ ခံယူခဲ့တာဟာ ဆရာကြီးရဲ့ အမျှော်အမြင်နဲ့ ရဲရင့်ပြတ်သားတဲ့ ခံယူချက်ပါ။

အဲဒီခေတ် အဲဒီအခါက ဆရာကြီးဦးရာဇတ်နဲ့အတူ လက်တွဲခဲ့တဲ့ လွတ်လပ်ရေး ဗိသုကာလည်းဖြစ်၊ တပ်မတော်ဖခင်လည်းဖြစ်ခဲ့တဲ့ ဗိုလ်ချုပ်အောင်ဆန်းဟာ ဆရာကြီးကို လေးလေးစားစား ယုံယုံကြည်ကြည် အားကိုး ဆက်ဆံခဲ့သလို၊ ဆရာကြီးကလည်း ဗိုလ်ချုပ်အောင်ဆန်းကို လေးလေးစားစား ယုံယုံကြည်ကြည် ဆက်ဆံခဲ့သူဖြစ်တယ်။ ဆရာကြီးရဲ့ဘ၀သက်တမ်း တစ်လျှောက်လုံးမှာ လွတ်လပ်ရေးအတွက် အသွင်အမျိုးမျိုးနဲ့ ပါဝင်လှုပ်ရှားခဲ့တယ် ဆိုတာ ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် အသိဆုံးဖြစ်တယ်။ ဗိုလ်ချုပ်အောင်ဆန်းဆိုတာ ရိုးသားတယ်၊ တည်ကြည်တယ်၊ ဖြောင့်မတ်တယ်၊ လူမျိုးရေး ဘာသာရေး ခွဲခြားတဲ့သူမဟုတ်ဘူးဆိုတာ ဆရာကြီး ဦးရာဇတ်ကလည်း ယုံကြည်တယ်။ ဒါကြောင့်လည်း ပသီလူမျိုးတွေက ဗမာလူမျိုးတွေနဲ့ တစ်ပေါင်းတစ်စည်းတည်း လူများစုအဖြစ် ရပ်တည်ခဲ့တာပါ။

*( ဒါကြောင့် ပသီလူမျိုးဆိုတဲ့ အမည်နာမဟာ မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာ တိမ်မြုပ်နေခဲ့ရတာပါ)

ဒီဖက်ခေတ် ကျွန်တော်တို့ အစ္စလာမ်ဘာသာ သက်ဝင်ယုံကြည်သူတွေအနေနဲ့ မြန်မာပြည်မှာမွေးပြီးမြန်မာပြည်မှာပဲနေ၊ မြန်မာစကားပဲပြောနေကြပေမယ့် ဗမာလူမျိုးလို့ ခံယူချင်လို့လည်း မရနိုင်ပါ။
ဘယ်ဘာသာ ကိုးကွယ်ကိုးကွယ်၊ ဗမာဟာ ဗမာပဲလို့ ဘယ်သူမှ လက်မခံကြ တော့ပါ။ ဗမာဆိုရင် ဗုဒ္ဒဘာသာပဲရှိတယ်၊ အစ္စလာမ်ဘာသာမရှိဟု ငြင်းဆိုကြပါတယ်။
ဆရာကြီးနဲ့လက်တွဲခဲ့ဘူးသူ မြင့်မြတ်တဲ့စိတ်ဓာတ်ပိုင်ရှင် ဗိုလ်ချုပ်အောင်ဆန်းလို လူကိုလူလိုမြင်တတ်တဲ့ ဗိုလ်ချုပ်မျိုးလည်း မြန်မာပြည်မှာ မရှိတော့ပါ။
ဆရာကြီးကိုယ်တိုင် ယခုခေတ်မှာ ရှိနေအုံးမယ်ဆိုရင် ဆရာကြီးကိုတောင် ကုလားကြီး ဒါမှမဟုတ် ခိုးဝင်ဘန်ဂါလီလို့ သတ်မှတ်ခံရနိုင်ပါတယ်။ ဆရာကြီးနာမည်တောင် ဦးရာဇာလို့ပြောင်းဖို့ စီစဉ်ခဲ့ကြတယ်။ ဆရာကြီးကို သမိုင်းဖျောက်ဖို့ အာဇာနည်စာရင်းက ထုတ်ပစ်လိုကြတယ်။ ဆရာကြီးမွေးရပ်မြေလည်း ဆရာကြီးချစ်တဲ့သူတွေက မီးလောင်တိုက်သွင်း ခဲ့ကြပါပြီဆရာကြီးခင်ဗျား။ ဆရာကြီးမိဘတွေ ဒီအချိန်ရှိမယ်ဆိုရင်တောင် ဆရာကြီးရဲ့ဖခင်
ဦး A ရဟ်မာန် (ကျူလီယာလူမျိုး၊ အစ္စလာမ်ဘာသာ) နဲ့ဆရာကြီးမိခင် ဒေါ်ငြိမ်းလှ (ဗမာလူမျိုး၊ဗုဒ္ဓဘာသာ) တို့ ချစ်ခင်ပေါင်းသင်း လက်ထပ်ထိမ်းမြားခဲ့တဲ့အတွက် နိုင်ငံတော်သမ္မတ ဗိုလ်ချုပ်ဟောင်းကြီး ကိုယ်တိုင် လွှတ်တော်မှာတင်ထားတဲ့ မျိုးစောင့်ဥပဒေနဲ့ ငြိစွန်းနိုင်ဖွယ်ရှိပါတယ်။

ကျွန်တော်တို့အနေနဲ့ ပသီလူမျိုးဆိုတဲ့အမည်ကို ရွေးချယ်ရခြင်းဟာ မိမိတို့လူမျိုးရဲ့
သမိုင်းဝင်ပြန်တမ်းဝင်အမည်ကိုသာ ပြန်လည်တောင်းဆိုတာသာဖြစ်ပါတယ်။
ခေတ်အဆက်ဆက် လူနည်းစုအခွင့်အရေးတွေ ဆုံးရှုံးကာ နှိမ်ချ ဆက်ဆံမှုတွေ ကင်းဝေးပြီး ပြည်ထောင်စုမြန်မာနိုင်ငံတော်အတွင်းဥမကွဲသိုက်မပျက် တိုင်းပြည်နဲ့ လူထုအကျိုး တစ်ဖက် တစ်လမ်းမှနေ၍ ထမ်းရွက်နိုင်ဖို့သာဖြစ်ပါတယ်။
ဆရာကြီးဦးရာဇတ်ရဲ့ ခံယူချက်ကို ဆန့်ကျင်ပြီး ပသီလူမျိုးဟု သီးခြားလူနည်းစုအဖြစ် ခံယူရခြင်း မဟုတ်ပါ။
______________________________________
m y O e w y n n _ 0 3 . 0 4 . 2 1 0 4