Home

Sunday, July 13, 2014

Code No.914 (အခြားလူမျိုးများ)

အမျိုးသားရေးအမည်ခံခုတုံးလုပ်ပြီး နာဇီဝါဒကိုထူထောင်ခဲ့တဲ့ ဟစ်တလာကတော့ ဂျာမန် လူထုတစ်ရပ်လုံးကို အမျိုးသားရေးဝါဒမှိုင်းတိုက်ပြီး၊ လူနည်းစုဂျူးမျိုးတွေနဲ့ သွေးခွဲခဲ့တယ်။ ဂျာမန်လူထုတစ်ရပ်လုံးကလည်း အမျိုးသားရေးဆိုတဲ့ စကားအောက်မှာနစ်မွန်းပြီး ဟစ်တလာရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့တိုင်းပြည်အာဏာ ချုပ်ကိုင်သိမ်းပိုက်ရေး ထောင်ချောက်ထဲ မျက်စေ့ စုံမှိတ် တိုးဝင်ကြတယ်။ 


တစ်ချိန်ထဲမှာပဲ နာဇီဝါဒထူထောင်ခဲ့တဲ့ ဟစ်တလာက လူနည်းစု ဂျူးလူမျိုးတွေကို ဒုတိယတန်းစား နိုင်ငံသားများ (အခြားလူမျိုးများ)အဖြစ် သတ်မှတ်ခဲ့တယ်။

ဒီကနေ့ ကျွန်တော်တို့တိုင်းပြည်ရဲ့ အခြေအနေနဲ့နှိုင်းယှဉ်ကြည့်ရင် မကြာမီ သန်းခေါင်စာရင်း၊ လူဦးရေစာရင်းကောက်ခံခြင်းမှာ ၁၃၅ မျိုး လူမျိုးစုစာရင်းမှာ ချန်လှပ်ထားတဲ့ လူမျိုးစုတွေ အားလုံးကို Code No. 914 (အခြားလူမျိုးများ)စာရင်းမှာ ထဲ့သွင်းလိုက်ခြင်းဟာ လူနည်းစု လူမျိုးစုတွေကို ဒုတိယတန်းစား နိုင်ငံသားများအဖြစ် သတ်မှတ်ရန်ကြံစည်ခြင်း ပေလား ဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။

သန်းခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်းစဉ်ဟာ ကောင်းမွန်တဲ့ အစီအစဉ်ဖြစ်ပေမယ့် ကောက်ယူရမယ့် အချိန်အခါ မကျသေးပါ။

လောလောဆယ်အခြေအနေအရတော့ ကျွန်တော်တို့တိုင်းပြည်မှာ သန်းခေါင်စာရင်း ကောက်ယူမယ့် ကိစ္စကို အကြောင်းခံပြီး ဗမာကလွဲရင် ကျန်တဲ့ လူနည်းစု လူမျိုးစုတွေကြား အတွေးအခေါ်ကွဲပြားမှုနဲ့ သွေးကွဲမှုတွေ ဖြစ်နေတာမြင်နေရပါတယ်။

သန်းခေါင်စာရင်းကောက်ယူတဲ့အခါ မိမိတို့အနေနဲ့ လွတ်လွတ်လပ်လပ် ဖြည့်စွက်နိုင်တယ်လို့
ဟ ပေး၊ ဖွင့်ပေးထားခြင်းကလည်း ၁၃၅ မျိုးမှာမပါဝင်တဲ့ လူနည်းစု လူမျိုးစုတွေက အစိုးရိမ်လွန်ပြီး ဗမာလို့ များများဖြည့်လေ၊ အုပ်ချုပ်သူလူတန်းစား ကြိုက်လေ ဖြစ်ကာ ကျန်တဲ့လူမျိုးစုတွေအနေနဲ့ လူနည်းစုစာရင်းဝင်သွားမှာဖြစ်ပါတယ်။ လူနည်းစုစာရင်ဝင်သွားပါက လူနည်းစုအခွင့်အရေးများ ဆုံးရှုံးပြီး ဒုတိယတန်းစား နိုင်ငံသားအဆင့်သို့ အလွယ်တကူရောက်သွားနိုင် ပါကြောင်း ထင်မြင် မိပါတယ်။

အကယ်၍သာ စိတ်ကောင်း စေတနာကောင်းနဲ့ စိတ်ရင်းမှန်ရှိခဲ့မယ်ဆိုရင် ကျွန်တော်တို့ တိုင်းပြည်မှာ ၁၃၅ မျိုး စာရင်းမှာ ချန်လှပ်ခံထားရပြီး ခေတ်အဆက်ဆက် တိုင်းပြည်တွင်းမှာ မွေးဖွားကြီးပြင်း လာခဲ့ကြ သလို အတူတကွ နေထိုင်လာခဲ့ကြကာ ထင်သာမြင်သာရှိတဲ့ သမိုင်းဝင် ပြန်တမ်းဝင် လူနည်းစု လူမျိုးစုတွေကို Code No. ထပ်တိုး သတ်မှတ်ပေးပြီးမှသာ သန်းခေါင် စာရင်းကောက်ယူမှု လုပ်ငန်းစဉ်ကို စတင်ရမှာဖြစ်ပါတယ်။

၁၃၅ မျိုး စာရင်းက အတည်မဟုတ်ပါ၊ ယခုအချိန်မရတော့၍ နောက်မှပြင်မယ်။ သန်းခေါင်စာရင်း ကောက်ယူမယ့် ကျောင်းဆရာ၊ကျောင်းဆရာမများ အားလပ်ချိန်နဲ့ အချိန်ကိုက်လုပ်ရတာပါလို့ အကြောင်းပြခြင်းမှာ နိုင်ငံတော်အတွက် အလွန်အရေးကြီးတဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ ဆန္ဒခံယူပွဲကို လူသိန်းပေါင်းများစွာ သေကြေပျက်ဆီးဆုံးရှုံးနေချိန်မှာတောင် အပြီးသတ်အတည်ပြု ပြဌာန်းနိုင်ခဲ့မှုနဲ့ ယှဉ်ရင် အကြောင်းပြချက်က လုံးဝခိုင်လုံမှုမရှိပါ။

ယခင်သမိုင်းအထောက်အထား စာရင်းဇယားတွေမှာရှိပြီးသား လူနည်းစု လူမျိုးစုတွေအနေနဲ့
၁၃၅ မျိုး စာရင်းမှာချန်လှပ်ခံထားရမှုအပေါ် Code No.914 (အခြားလူမျိုးများ) ခေါင်းစဉ် သတ်မှတ် ထားမှုကို လက်ခံသင့်ပါသလား။

(ကျွန်ုပ်၏ ပုဂ္ဂလိကအမြင်သာဖြစ်ပါသည်။ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ အနစ်နာခံ၊ အပင်ပန်းခံပြီး ကြိုးပမ်းဆောင်ရွက်နေကြသော လူနည်းစုလူမျိုးစုအသီးသီးမှ ပုဂ္ဂိုလ်များကို ဆရာလုပ်ခြင်း မဟုတ်ပါ။)
_______________________________
m y O e w y n n_22.03.2014