Home

Saturday, July 19, 2014

Group for Four Elements

ကိုမိုးသီးဇွန်တို့ကတော့ သူတို့အဖွဲ့ကို
Group For four Elements လို့ အမည်ပေးထားတယ်ဗျ။
သဘောကတော့ ဓာတ်ကြီးလေးပါးပေါ့ဗျာ။
ရေ၊ မြေ၊ လေ၊ မီး ဆိုပါတော့။
ကိုမိုးသီးဇွန်ကတော့ ဘာရည်ရွယ်ချက်နဲ့
သူတို့အဖွဲ့ကို ဒီအမည်ပေးလည်းတော့ ကျွန်တော်မသိဘူး။
ကျွန်တော်တော့ ဒီအမည်ကို အရမ်းကြိုက်တယ်။
ဒီအမည်လေး ကျွန်တော့်စိတ်ကူးထဲမှာ ရှိနေတာလည်းကြာပြီဗျ။

ဘာကြောင့်လည်းဆိုတော့
ဒီစကြာဝဠာကြီးတခုလုံးကို ဓာတ်ကြီးလေးပါးနဲ့ဖွဲ့စည်းထားတာလေ။
ဓာတ်ကြီးလေးပါးဆိုတာကလည်း
တစ်ခုနဲ့တစ်ခု ဘယ်လိုမှ အခြေအနေ၊ သဘောတရား မတူညီတဲ့အရာတွေပါ။
အမြင်အားဖြင့် ဘယ်လိုမှ သဟဇာတဖြစ်မယ့်အရာတွေမဟုတ်ပါဘူး။
ဒါပေမယ့် တစ်ခုနဲ့တစ်ခု အပြန်အလှန် အကျိုးပြုနေကြတာမဟုတ်လား။
ဥပမာတစ်ခုပေါ့ဗျာ ....
မီးလောင်နေရင် ရေနဲ့လောင်းလိုက်၊ မီးက ငြိမ်းသွားရတယ်။
ရေကို မီးပြင်းပြင်းတိုက်ရင် ရေလည်းပွက်ပွက်ဆူရတာမဟုတ်လား။

နောက်တစ်ချက်ပြောချင်တာက
ကမ္ဘာပေါ်မှာ ရှိရှိသမျှလူတွေအားလုံး
ဘယ်နိုင်ငံမှာပဲမွေးမွေး၊ ဘယ်ဒေသမှာပဲနေနေ၊
ဘယ်လူမျိုးပဲဖြစ်ဖြစ်၊ ဘယ်ဘာသာကိုပဲကိုးကွယ်၊
ယုံကြည်ချက်၊ အယူအဆ၊ အတွေးအခေါ် ဘယ်လိုပဲရှိရှိ၊
အသားအရောင်၊ ဘာသာစကား၊ ယဉ်ကျေးမှု၊ ၀တ်စားဆင်ယင်မှု
ဘယ်လောက်ပဲကွဲပြားနေပါစေ။
တူညီနေတဲ့ အချက်တစ်ချက်တော့ ရှိတယ်။

အဲဒါဘာလဲဆိုတော့ အဲဒီလူတွေအားလုံး ဓာတ်ကြီးလေးပါးလို့ခေါ်တဲ့
ရေ၊ မြေ၊ လေ၊ မီးနဲ့ ဖွဲ့စည်းထားတာပဲဗျ။
ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းတည်ဆောက်ထားတဲ့ လူသားချင်းအတူတူ
တစ်ဦးနဲ့တစ်ဦး အားလုံးတန်းတူညီမျှမှုရှိသင့်တယ်ဆိုတာ သဘောပေါက်နားလည်ပြီး
တစ်ဦးနဲ့တစ်ဦး မတူညီတာတွေကို နားလည်ခွင့်လွှတ်ပေးဖို့၊
တစ်ဦးရဲ့ဂုဏ်သိက္ခာကို တစ်ဦးက အပြန်အလှန်လေးစားဖို့၊
တစ်ဦးကို တစ်ဦး အပြန်အလှန် ကောင်းကျိုးပြုဖို့၊
တစ်ဦးနဲ့ တစ်ဦး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ဖြစ်ဖို့ ဆိုတဲ့
ရည်ရွယ်ချက်နဲ့ ဖွဲ့စည်းလိုက်တဲ့ Group for Four Elements လို့တော့
ကျွန်တော် ထင်မြင်ယူဆမိတယ်ဗျာ။
ကျွန်တော် ထင်မြင်ယူဆတဲ့အတိုင်းဖြစ်ဖို့ မရဲတရဲလေး မျှော်လင့်မိပါတယ်ဗျာ။

(ကျွန်တော် ကိုမိုးသီးဇွန် လော်ဘီမဟုတ်ပါ)
myOewynn_01.03.2014
 —