Home

Saturday, July 19, 2014

ပန်းတိုင်မပျောက်ရအောင် စည်းလုံးညီညွတ်စွာ ပူးပေါင်းကြိုးပမ်းကြစေချင်။

ကျွန်တော်တို့တိုင်းပြည်မှာ အာဏာရှင်တွေနဲ့ ကိုယ်ကျိုးရှာသမားတွေက မိမိတို့ အာဏာရရှိရေး၊ အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီပွားအတွက် အသုံးချချင်လာရင် ပြဿနာတွေ၊ ပဋိပက္ခတွေနဲ့ အကြမ်းဖက်မှုတွေ ဖန်တီးတော့တာပဲ။ ပြဿနာတွေ ပဋိပက္ခတွေဖန်တီးဖို့ လှုံ့ဆော်တဲ့အခါမှာလည်း နိုင်ငံသားအချင်းချင်း ၀ါဒမှိုင်းတိုက်၊ သွေးခွဲ ရန်တိုက်ပေးတဲ့ အစဉ်အလာက ပုံသေနည်းတစ်ခုလို

ဖြစ်နေတယ်။ ဘာကြောင့် ၀ါဒမှိုင်းတိုက်၊ သွေးခွဲ ရန်တိုက်ပေးတဲ့ နည်းစနစ်တွေကိုသုံးလည်းဆိုတော့ ဒီနည်းစနစ်က အာဏာရှင်တွေအတွက် အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းဗျူဟာ ဖြစ်နေလို့ပါပဲ။

ကျွန်တော်တို့တိုင်းပြည်မှာ ခေတ်အဆက် အရေးတော်ပုံတိုင်းမှာ ရဟန်းသံဃာ၊ ပြည်သူလူထု၊ကျောင်းသား တိုင်းရင်းသားများနဲ့ လူမျိုးစုံ ဘာသာစုံ ပါဝင်တဲ့ နိုင်ငံသား အားလုံး စည်းစည်းလုံးလုံး ညီညီညွတ်ညွတ်ပူးပေါင်း လက်တွဲတော်လှန်ခဲ့ကြလို့လည်း အောင်မြင်ခဲ့တယ်ဆိုတာ သမိုင်းက သက်သေခံလျှက် ရှိပါတယ်။ ကျွန်တော်တို့ခေတ်ရောက်လာတော့လည်း
၈၈ အရေးတော်ပုံ၊ ရွှေဝါရောင်တော်လှန်ရေး၊ ဧရာဝတီမြစ်ဆုံ စီမံကိန်းဆန့်ကျင်ရေးစတဲ့ အရေးတော်ပုံတွေကလည်း သက်သေပါဗျာ။

အဲဒီလို စုစည်းညီညွတ်တဲ့ အင်အားတွေဖြစ်တဲ့ ရဟန်းသံဃာ၊ ပြည်သူလူထု၊ ကျောင်းသာတွေ၊၊တိုင်းရင်းသားတွေ၊ လူမျိုးစုံ ဘာသာစုံနိုင်ငံသားနဲ့ ဒီမိုကရက်တစ် အင်အားစုတွေကို အာဏာရှင်တို့ ဖြိုခွင်းနိုင်မှု မရှိလို့လည်းဘဲ စိတ်ကြိုက်ရေးဆွဲထားတဲ့ မျှတမှုမရှိတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေအောက်မှာ အမည်ခံဒီမိုကရေစီစနစ်ကို မဖြစ်မနေပြောင်းလဲ ခွင့်ပြုလိုက်ရတာဖြစ်ပါတယ်။
အဲဒီ စုစည်းညီညွတ်တဲ့ အင်အားတွေကိုဖြိုခွဲဖျက်ဆီးဖို့ အာဏာရှင်တို့ နည်းမျိုးစုံသုံးခဲ့ပေမယ့် အောင်မြင်မှုမရတဲ့အဆုံး လက်လျှော့ လိုက်ရတာဖြစ်တယ်။ လက်လွှတ်လိုက်ခြင်းတော့ မဟုတ်ပါ။ ရှေ့တစ်လှမ်းတိုးဖို့ နောက်တစ်လှမ်းဆုတ်လိုက်ခြင်းသာဖြစ်ပါတယ်။ ရေးထားပြီးသားဇာတ်ညွှန်းကိုပဲ ဒါရိုက်တာပြောင်းလိုက်၊ မင်းသားပြောင်းလိုက်နဲ့ဆက်ကနေတာပါ။ လူထုကိုနှစ်သိမ့်ပြီး နားလှည့်ပါးရိုက်ခဲ့တာပါ။ ကမ္ဘာကိုလိမ်ညာပြီး အာဏာရှင်တို့ ထွက်ပေါက်ရှာခဲ့တာပါ။ အာဏာရှင်တို့ဟာ အာဏာကို ဘယ်တော့မှ လွယ်လွယ်ကူကူ စွန့်လွှတ်ရိုး ထုံးစံမရှိဘူးဆိုတာ ကမ္ဘာတစ်ဝှမ်းက အာဏာရှင်တို့ရဲ့လုပ်ရပ်တွေကိုကြည့်ရင်မြင်နိုင်ပါတယ်။

နိုင်ငံတွင်းမှာ ဘာသာရေး၊ လူမျိုးရေး ပြဿနာတွေ၊ ပဋိပက္ခတွေဖန်တီးနေတာ၊ တိုင်းရင်းသားလူမျိုးစုတွေနဲ့ငြိမ်းချမ်းရေးကြန့်ကြာနေတာ၊ နိုင်ငံသားအချင်းချင်း အမုန်းမီး အာဃာတမီးတွေပွားအောင်ဖန်တီးနေတာ နိုင်ငံရေးအမြတ်ထုတ်နေခြင်းသာဖြစ်တယ်။ နိုင်ငံရေးလှည့်ကွက်တစ်ခုသာဖြစ်တယ်။ လူထုအချင်းချင်း သွေးခွဲတာသာဖြစ်တယ်။ လူထုနဲ့ ရဟန်းသံဃာများကို သွေးခွဲတာသာဖြစ်တယ်။ လူထုနဲ့ ဒေါ်စုကိုသွေးခွဲနေတာသာဖြစ်တယ်။
လူထုနဲ့ ဒီမိုကရက်တစ်အင်အားစုတွေကို သွေးခွဲနေတာသာဖြစ်တယ်။ ရဟန်းသံဃာ အချင်းချင်း သွေးခွဲနေတာသာဖြစ်တယ်။ ရဟန်းသံဃာတွေနဲ့ ဒေါ်စုကို သွေးခွဲနေတာသာဖြစ်တယ်။ ရဟန်းသံဃာတွေနဲ့ ဒီမိုကရက်တစ် အင်အားစုတွေကို သွေးခွဲတာသာဖြစ်တယ်။ တိုင်းရင်းသားပါတီတွေနဲ့ NLD ကိုသွေးခွဲနေတာသာဖြစ်တယ်။ စည်းလုံးမှု၊ ညီညွတ်မှုကို ဖြိုခွင်းနေခြင်းသာဖြစ်တယ်။ စည်းလုံးညီညွတ်မှုပြိုကွဲမှ နောက်ကွယ်က အာဏာရှင်တို့ ဆင်ထားသော ထောင်ချောက်ထဲဝင်အောင်၊ သူတို့အကြံ အောင်မြင်အောင် ဖန်တီးနေခြင်းသာဖြစ်တယ်။

စည်းလုံးမှု၊ ညီညွတ်မှုကို ဖြိုခွင်းဖို့ အလွယ်ကူဆုံးနဲ့ အထိရောက်ဆုံးနည်းလမ်း ကတော့ လူမျိုးရေး ဘာသာရေးမှိုင်းတိုက်ခြင်းပါပဲ။ လူမျိုးရေး ဘာသာရေး ဆိုတာ အလွန်ထိလွယ်ရှလွယ်ဖြစ်တာမို့ ဒီနည်းကိုရွေးချယ်လိုက်တာသာဖြစ်တယ်။ ပါလီမန်ဒီမိုကရေစီခေတ်ကလည်း ဘာသာရေးအခြေခံ အကွဲအပြဲတွေဖြစ်ပြီး ဒီမိုကရေစီဆုံးရှုံးခဲ့ရဘူးတဲ့ သမိုင်းတွေ ကျွန်တော်တို့ တိုင်းပြည်မှာ ရှိခဲ့ဖူးပါတယ်။

နောက်ကြောင်းပြန်လှည့်လိုသူတွေ၊ ခရိုနီတွေ၊ အာဏာရှင်ဒေါက်တိုင်တွေနဲ့ အာဏာကို လက်မလွှတ်ချင်သူတွေရဲ့အကြံအစည်တွေပါ။ လာမယ့် ၂၀၁၅ ရွေးကောက်ပွဲကို နှောင့်နှေးစေမယ့် အစီအစဉ်တွေပါ။၂၀၁၅ မတိုင်မီ ဒေါ်စုနဲ့ ပြည်သူလူထု သွေးကွဲမှ ဒေါ်စုကိုနိုင်ငံရေးသေအောင် လုပ်နိုင်မှာဖြစ်တယ်လို့ ယူဆပြီး ရွှေ့နေတဲ့အကွက်တွေပါ။
၂၀၁၅ ရွေးကောက်ပွဲမတိုင်မီ ဒေါ်စုနဲ့ ဒီမိုကရေစီဘက်တော်သားတွေကို ပြည်သူအကြည်ညိုပျက်အောင်၊ပြည်သူ့ထောက်ခံမှုမရအောင် နိုင်ငံရေး သေအောင်လုပ်ဖို့ စီမံကိန်းတွေအများကြီး ချထားတယ်ဆိုတာ ကျွန်တော်တို့ မြင်အောင်ကြည့်တတ်ကြဖို့လိုပါတယ်။
အကယ်၍ ၂၀၁၅ မှာ ရွေးကောက်ပွဲဖြစ်ရင်လည်း ဒေါ်စုကိုလူထုထောက်ခံမှုနည်းပြီး
ဒေါ်စုပါတီအာဏာ မရအောင် ဖန်တီးနေခြင်းသာဖြစ်ပါတယ်။ ဒေါ်စုပါတီအာဏာ မရမှာသာ အာဏာရှင်တို့ ခေတ်အဆက်ဆက် ရှုပ်ခဲ့တဲ့အရှုပ်တွေကို ဖုံးကွယ်နိုင်မှာ ဖြစ်ပါတယ်။
ပွင့်လင်းမြင်သာမှုမရှိတဲ့၊ မိမိတို့ကိုယ်ကျိုးအတွက်သာ ပြုလုပ်ခဲ့တဲ့ တရုပ်နဲ့ စီမံကိန်းတွေကို ဆက်လက်လုပ်နိုင်ဖို့ ။ နိုင်ငံတကာက စိတ်ဝင်စား မျက်စေ့ကျနေတဲ့ ရခိုင်ပြည်နယ်က ဓာတ်ငွေ့သိုက်နဲ့ အိန္ဒိယသမုဒ္ဒရာသို့ ထွက်ပေါက် ကျောက်ဖြူဆိပ်ကမ်း စီမံကိန်းတွေ၊ဧရာဝတီမြစ်ဆုံ စီမံကိန်းတွေကိုလည်း ဆက်လက်လုပ်ကိုင်နိုင်ဖို့ အကြံအစည်တွေပဲဖြစ်ပါတယ်။

တကယ်တန်း တိုင်းပြည်ချစ်စိတ်ရှိတယ်ဆိုရင် အခုလို ခေတ်ပြောင်း စနစ်ပြောင်း၊ ဒီမိုကရေစီ ကိုပြောင်းလဲဖော်ဆောင်ဖို့ကြိုးစားနေတဲ့အချိန်မှာ ဒီလို ပြဿနာတွေ ပဋိပက္ခတွေ အကြမ်းဖက်မှုတွေ ဖန်တီးနေတာမျိုး မရှိသင့်တော့ပါဘူး။

၂၀၁၅ က နီးသထက်နီးလာနေပြီ။ ၂၀၁၅ ကို ကျွန်တော်တို့ ပိုပြီးအာရုံစိုက်ဖို့ လိုပါတယ်။
၂၀၁၅ ကို အာရုံစိုက်ပြီး ဖျက်လိုဖျက်ဆီးလုပ်လိုသူတွေကတော့ အစီအစဉ် အမျိုးမျိုးချပြီးသွေးခွဲရေး လမ်းစဉ်ကို နည်းမျိုးစုံနဲ့ အကွက်ချနေကြတယ်ဆိုတာ အားလုံးကကြိုမြင်သင့်ပါတယ်။ ယခုအခါ လယ်သိမ်း၊ မြေသိမ်း၊ ဘိုးစဉ်ဘောင်ဆက်နေလာခဲ့ကြတဲ့ အရပ်ဒေသေတွေကနေ အခြေအနေမဲ့တွေဖြစ်အောင် ကျူးကျော်တွေပါဆိုပြီး မောင်းထုတ်နေတာဟာ
( ၅.၉.၁၉၈၇) က တရားမ၀င်ငွေကြေငြာပြီး လူထုရဲ့ဒေါသကိုဆွပေးခဲ့သလို ဖန်တီးနေတာပါ။ ကျွန်တော်တို့ တိုင်းပြည်ရဲ့ စစ်မှန်တဲ့ဒီမိုကရေစီ အပြောင်းအလဲက ၂၀၁၅ မှစမှာပါ။ ၂၀၁၅ ဟာ စစ်မှန်တဲ့ ဒီမိုကရေစီကို တက်လှမ်းနိုင်မယ့် အဆင့်တစ်ဆင့်ပါ။ ၂၀၁၅ကို ဦးတည်ချက်ထားပြီး စည်းလုံးညီညွတ်ကြပါလို့ အကြံပြုလိုပါတယ်။

လှုံ့ဆော်တဲ့သူတွေ ဖန်တီးတဲ့သူတွေရှိနေတယ်ဆိုရင်လည်း လူမျိုးစုံ ဘာသာစုံ နိုင်ငံသားအသီးသီးက ပူပေါင်းဆန့်ကျင်ရမယ်။ ပူပေါင်းဖော်ထုတ်ရမယ်။ အခုတော့ ပူပေါင်းဆန့်ကျင်ဖော်ထုတ်ရမယ့်အစား ၀ိုင်းပြီးဘေးတီးပေးနေတာတွေ၊ အားပေးအားမြှောက်ပြုနေတာတွေ၊ မီးလောင်ရာလေပင့်စကားလုံးတွေနဲ့ဖွနေတာတွေဟာ အတွေးအခေါ်မှားတွေပါ။

ဒါကြောင့် ရဟန်းသံဃာ၊ ပြည်သူလူထု၊ ကျောင်းသား၊ တိုင်းရင်းသား လူမျိုးစုံဘာသာစုံနိုင်ငံသားများနဲ့ ဒီမိုကရက်တစ်အင်အားစုများ အနေနဲ့ကျွန်တော်တို့တိုင်းပြည်ရဲ့အဓိက ရန်သူကိုမြင်အောင်ကြည့်ပြီး တွန်းလှန်ကြရင်း စစ်မှန်တဲ့ ဒီမိုကရေစီစနစ်ဆီပြောင်းလဲဖို့ကြိုးပမ်းနေတဲ့ ပန်းတိုင်မပျောက်ရအောင် စည်းလုံးညီညွတ်စွာ အတူတကွပူးပေါင်း ကြိုးပမ်းကြပါလို့ တိုက်တွန်းလိုက်ရပါတယ်။

အသက်ပေါင်းများစွာရင်းနှီးရယူထားတဲ့၊ နှစ်ရှည်လများ ထောင်သွင်းအကျဉ်းကျခံ ရယူထားတဲ့၊ မိသားစုတွေရဲ့ဘ၀တွေအပျက်စီးခံရယူထားခဲ့ရတဲ့ ဒီမိုကရေစီအငွေ့အသက်လေးပါ ဆုံးရှုံးသွားအောင် မလုပ်ကြပါနဲ့ဗျာ။
အခုထက်ထိတိုင် ပြင်ပဒဏ်ရာတွေ၊ နှလုံးသားဒဏ်ရာတွေ မကျက်သေးပါဘူးဗျာ။ ကျွန်တော့်မိတ်ဆွေတစ်ယောက်စကားအငှားသုံးပြီးပြောရရင် ပေတရာပေါ်မှာ၊ တောထဲမှာ၊ ထောင်ထဲမှာ အနစ်နာခံခဲ့၊ ကျဆုံးခဲ့ကြတဲ့ ရဲဘော်တွေမျက်နှာ ကျုပ်တို့ရှေ့မှာ အခုထိ လတ်လတ် ဆတ်ဆတ် ရှိနေသေးပါတယ်။

နိုင်ငံသားတိုင်းက နိုင်ငံချစ်တဲ့စိတ်နဲ့ ဆင်ခြင်ကြစေလိုပါတယ်။ ကိုယ်ယုံကြည်ရာကို လွတ်လွတ် လပ်လပ်ယုံကြည်ကြရင်း၊ မတူကွဲပြားမှုတွေကို နားလည်ခွင့်လွှတ်ပေးကြရင်း၊ ဒီမိုကရေစီရဲ့ရန်သူ အာဏာရှင်တို့ကိုတွန်းလှန်ရင်း၊ လူထုခေါင်းဆောင်ရဲ့ ဦးဆောင်မှုကိုခံယူကာ လူထုခေါင်းဆောင်ကိုမိမိတို့တတ်နိုင်တဲ့ဖက်က ၀န်းရံကြရင်း နိုင်ငံသားအချင်းချင်း သဟဇာတဖြစ်တဲ့ ဒီမိုကရေစီလူ့ဘောင်ကို မရရအောင် ဆက်လက် ပူးပေါင်း အကောင် အထည်ဖော်ကြပါစို့လို့ မေတ္တာရပ်ခံ တိုက်တွန်း လိုက်ရပါတယ်။
myOewynn_24.02.2014